မြန်မာသတင်းများ မေလ ၀၉ ရက် ၂၀၁၂ ခုနှစ်
 

ဗိုလ်နှုတ်ခမ်းမွေးကို ဖမ်းပေးရန် ထိုင်းက မြန်မာအစိုးရကို တောင်းဆို


တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့မှ ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်မှူးချုပ် စောလားပွယ်ကို မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးလွှဲပြောင်းပေးရန် ထိုင်းနိုင်ငံရှိ မူးယစ်ဆေး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး (ONCB) က မြန်မာအစိုးရထံ တောင်းဆိုလိုက်ကြောင်း ဗိုလ်နှုတ်ခမ်းမွေး ထိုင်းတွင် တရားရင်ဆိုင်ရန် မြန်မာအစိုးရက ဖမ်းဆီးလွှဲပြောင်းပေးရေး ONCB က မြန်မာရဲချုပ်ကို တောင်းဆိုထားကြောင်း၊ ထိုင်းဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ် သွားစေလိုပါက ယင်းကိစ္စအတွက် မြန်မာနိုင်ငံသို့ သွားရောက်ဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းက ပြောကြားသည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားကြောင်း
ONCB အကြီးအကဲတဦးဖြစ်သူ ရဲဗိုလ်ချုပ် Adul Saeng Sing Kaew က မြန်မာ ရဲချုပ်နှင့် ပုဂ္ဂိုလ်ရေးအရ အဆက်အသွယ်ရှိကြောင်း၊ ၎င်း အနေနှင့်လည်း မြန်မာနိုင်ငံသို့ သွားရောက် ဆွေးနွေးပြောဆိုရန် အဆင်သင့်ရှိကြောင်း ချလုံ ယူဘမ်ပရုန်းက ဆိုကြောင်းယင်းကိစ္စနှင့် ပတ်သက်၍ နယ်စပ်ဒေသ အခြေအနေကို ထိခိုက်မှု တစုံတရာ မရှိကြောင်းလည်း ၎င်းက ဆက်ပြောကြောင်း
DKBA တပ်ဖွဲ့ကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ် ဖုပ္ဖရဒေသနှင့် ဘုရားသုံးဆူ နယ်စပ်တို့တွင်လည်း ထိုင်းစစ်တပ်က လုံခြုံရေး တင်းကျပ်ထားကြောင်း DKBA တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စန်းအောင်က DKBA တပ်ဘက်ကလည်း တပ်လှန့်ထားကြောင်း
လတ်တလော နယ်စပ် ဂိတ်များကိုလည်း ဆက်လက် ပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။ မြန်မာအစိုးရက လတ်တလော DKBA နှင့် ထိုင်းစစ်တပ်တို့၏ စစ်ရေးတင်မားမှုနှင့် ပတ်သက်၍ တစုံတရာ ပြောဆိုခြင်း မရှိသေးကြောင်းယခုအခါ နယ်စပ် နှစ်ဖက်ခြမ်းရှိ ဒေသခံများနှင့် မြန်မာဘက်ကမ်း၌ သွားရောက် ရင်းနှီးမြှုပ်နှံထားသော ထိုင်းလုပ်ငန်းရှင်များ အသွားအလာ ရပ်ဆိုင်းထားကြောင်း
ဧပြီလ ၂၀ ရက်နေ့က ONCB အဖွဲ့အနေနှင့် ဗိုလ်မှူးချုပ် စောလားပွယ်ကို မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးရန် ဆုငွေ ထိုင်း ဘတ် ၁ သန်း (ဒေါ်လာ ၃,၂၀၀၀ ခန့်) ထုတ်ခဲ့သည်။ မူးယစ်းဆေးဝါးနှင့်ပတ်သက်၍ ဆုငွေထုတ်ထားသည့် ၂၅ ဦးထဲတွင် ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံမှ ၃ ဦး ပါဝင်ကြောင်း
ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင်များ အခြေစိုက်သည့် ဝေါ်လေတပ်စခန်း တည်ရှိရာ ထိုင်းဘက်ခြမ်းတွင် ၂၀၀၃ ခုနှစ်က ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား (ရာဘ) အလုံးရေ ၉ ဒဿမ ၄ သန်း ဖမ်းဆီးရရှိခဲ့မှုနှင့် ပတ်သက်၍ ONCB အဖွဲ့က ဗိုလ်ချုပ် စောလားပွယ်တွင် တာဝန်ရှိသည်ဟု စွပ်စွဲ၍ ဆုကြေးငွေ ထုတ်ထားခြင်း ဖြစ်ကြောင်း
မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဆုငွေထုတ်ထားသည့် ကိစ္စအား ထိုင်းအာဏာပိုင်များ ဖြေရှင်းခြင်း မပြုလုပ်ပါက နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လိမ့်မည်ဟု DKBA တပ်ဖွဲ့မှ ဗိုလ်မှူးချုပ် စောလားပွယ်က ယခုလ ၁ ရက်နေ့တွင် ပြောကြားခဲ့ပြီး နောက် DKBA နှင့် ထိုင်းအာဏာပိုင်များအကြား တင်းမာမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း
ထိုစွပ်စွဲမှုနှင့် ပတ်သက်၍ အဖြစ်မှန်ကို နိုင်ငံတကာက သိရှိနိုင်ရန် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား သတင်းဌာနများနှင့် ပြည်တွင်းသတင်းဌာနများကို ဖိတ်ကြား၍ ယခုလ ၁၀ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ထပ်မံပြုလုပ်မည်ဟု DKBA အဖွဲ့က ပြောကြောင်းသိရှိရသည်။


မြန်မာပြည်သွားမည့် ဝန်ကြီးချုပ်အား အိန္ဒိယအမတ်များ တောင်းဆို


ကြာသပတေးနေ့တွင် မြန်မာနိုင်ငံသို့ သုံးရက်ကြာခရီးအဖြစ် ပထမဆုံးအကြိမ် သွားရောက် မည့် အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းအား မြန်မာ့ ဒီမိုကရေစီအရေး ဆက်လက် ပြုပြင်ပြောင်းလဲဖို့အတွက် တွန်းအားပေးရန် အိန္ဒိယ လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းများက တိုက်တွန်း တောင်းဆိုလိုက်ကြကြောင်းမြန်မာသမ္မတနှင့် တွေ့ဆုံသည့်အခါ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအပါအဝင် တိုင်းရင်းသားဒေသများအတွင်း ထိုးစစ်ဆင်နေမှုကိစ္စရပ်များပါ ထည့်သွင်းဆွေးနွေးသွားရန် မြန်မာ့ဒီမိုကရေစီအရေး အိန္ဒိယပါလီမန်အမတ်များအဖွဲ့ (IPFDB)က ၎င်းတို့ဝန်ကြီးချုပ်အား တိုက်တွန်းလိုက်ကြောင်း

နှစ်နိုင်ငံဆက်ဆံရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဖက်စပ်လုပ်ငန်းများ တိုးမြှင့်နိုင်ရန် အားပေးထားသော်လည်း ပူးပေါင်းဆောင်ရွက်မှုများတွင် နှစ်နိုင်ငံပြည်သူများအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်မလာစေရန်လည်း လိုအပ်ကြောင်း အိန္ဒိယနိုင်ငံရေးပါတီ ခေါင်းဆောင်များပါဝင်သည့် IPFDB က ကြေညာချက် ထုတ်ပြန်လိုက်ကြောင်းထို့ပြင် အိန္ဒိယ လူထုအခြေပြု လူမှုအဖွဲ့အစည်း ၂၇ ခုကလည်း အိန္ဒိယနိုင်ငံက ဆောင်ရွက်နေသည့် မြန်မာပြည်တွင်း ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ပတ်သက်၍ ထောက်ပြ ပြောဆိုထားကြောင်း

စစ်ကိုင်းတိုင်းအတွင်းရှိ ချင်းတွင်းမြစ်ပေးတွင် တည်ဆောက်နေသည့် ထမံသီ ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဒေသခံ လူဦးရေ ၄၅,ဝဝဝ ကျော်မှာ နေရပ်ရင်း စွန့်ခွါသွားကြရမည်ဖြစ်ကြောင်းလည်း ၂ဝဝ၉ ခုနှစ်မှ စတင်ကာ အိန္ဒိယက အကောင်အထည်ဖော်နေသည့် ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံချက်နှင့် ပတ်သက်၍လည်း “ပရောဂျက်အတွက် သစ်တောဧရိယာ ၁၉၆.၇၅ ကတ်တာ ခုတ်ထွင်  ရှင်းလင်းပစ်ရမည် ဖြစ်ကြောင်းထောင်နှင့်ချီသော ဒေသခံများကိုလည်း ၎င်းတို့၏ အိမ်ယာနှင့်ဘဝများ စွန့်လွှတ်ကြရလိမ့်မည်”ဟု ဝန်ကြီးချုပ်အား အသိပေး ပြောဆိုထားကြောင်းထိုစီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နှင့်လူမှု သက်ရောက်မှုများ ချင့်ချိန်အကဲဖြတ်မှုလည်း မလုပ်ဆောင်ရသေး ဘဲ ဒေသခံ နှစ်နိုင်ငံလူထုထံသို့လည်း စီမံကိန်းနှင့် ပတ်သက်သည့် လုံလောက်သော သတင်းအချက်အလက်များ မရရှိကြကြောင်း

အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာဆင်းနှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့သည် ၂ဝ၁၁ ခုနှစ် အောက်တိုဘာလအတွင်းက နယူးဒေလီတွင် တွေ့ဆုံခဲ့ဖူးကာ နှစ်နိုင်ငံ နိုင်င့ရေး၊ စီးပွားရေးအပြင် နယ်စပ်ရေးရာကိစ္စများလည်း အလေးထား ဆွေးနွေးခဲ့ကြကြောင်းနှစ်နိုင်ငံ ကုန်သွယ်မှုပမာဏအား ၂ဝ၁၅ ခုနှစ်တွင် ဒေါ်လာသန်း ၃ ထောင်အထိ ဖြစ်လာရန် အိန္ဒိယဘက်မှ အဆိုပြုထားကြောင်း

အိန္ဒိယက မြန်မာနိုင်ငံတွင် ဆေးဝါးကဏ္ဍ၊ မီးရထားလမ်း၊ ရေနံသဘာဝဓါတ်ငွေ့ တူးဖော်ရေး၊ သတ္တုတူးဖော်ရေးနှင့်ရေအားလျှပ်စစ် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံထားကြောင်း
အိန္ဒိယ၏ အကြီးစား ရင်းနှီးမြှုပ်နှံမှု တခုဖြစ်သော ကုလားတန် ဘက်စုံ စီမံကိန်းကိုလည်း ၂ဝ၁၃ ခုနှစ်အတွင်း အပြီး တည်ဆောက်ရန် မျှော်မှန်းထားပြီး အမေရိကန်ဒေါ်လာ သန်း ၁၂ဝ ကျော် ကုန်ကျမည်ဖြစ်ကြောင်း
၂ဝဝ၄ ခုနှစ်အတွင်းက မြန်မာစစ်အစိုးရနှင့် အိန္ဒိယနိုင်ငံ အမျိုးသား ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်း India’s National Hydroelectric Power Corporation (NHPC) တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုး၍ တည်ဆောက်ရန် သဘောတူညီခဲ့ကြသည့် ထမံသီ ဆည်ဆောက်လုပ်ရေး စီမံကိန်းသည်လည်း ဒေါ်လာသန်း သုံးထောင် ကုန်ကျမည်ဟူ မူလခန့်မှန်းထားကြောင်း
သိရှိရသည်။


အစိုးရ ငြိမ်းချမ်းရေးအဖွဲ့များတွင် သမ္မတနှင့် ဒုသမ္မတ ဦးဆောင်မည်


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ ဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းလိုက်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူကာပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတွင် ဒေါက်တာ စိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသည်။


ငြိမ်းချမ်းရေး အဖွဲ့သစ် ဦးသိန်းစိန် ခေါင်းဆောင်


တိုင်းရင်သား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးပြုလုပ်ရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ကို ဦးသိန်းစိန် က ဥက္ကဌ အဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၂ ဦး ပါဝင်ကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ကို ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ဥက္ကဌ အဖြစ်ဆောင်ရွက်ပြီး ရထားဝန်ကြီး ဦးအောင်မင်း အပါအ၀င် ၅၂ ဦးပါဝင်ကြောင်းနှင့် ယခင် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ် သော ဦးအောင်သောင်း ပြန်လည် ပါဝင်လာခြင်း မရှိကြောင်း သိရသည်။


၂၀၁၀ X2O မဏ္ဍပ် ဗုံးကွဲမှုဖြင့် စွပ်စွဲခံရသူကို သေဒဏ်ချလိုက်


၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန် X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ရဲ၏ တရား စွဲဆိုခြင်း ခံခဲ့ရသူ ကိုဖြိုးဝေအောင်ကို သေဒဏ်နှင့် တသက်တကျွန်း ပြစ်ဒဏ်များ အပါအဝင် ထောင်ဒဏ်များကို တပေါင်းတည်း ကျခံစေရန် အင်းစိန်ထောင် တရားရုံးမှ အင်္ဂါနေ့တွင် အမိန့်ချမှတ်လိုက်ကြောင်း

ကိုဖြိုးဝေအောင်ကို ချမှတ်သည့် ပြစ်ဒဏ်များမှာ ကြိုတင်ကြံစည် လူသတ်မှုကို အားပေးသည့် အမှုအတွက် သေဒဏ်၊ဖေါက်ခွဲမှုကို အားပေးသည့်အမှုအတွက် ထောင်ဒဏ် တသက်တကျွန်း၊ အပြင်းအထန် နာကျင်စေမှုကို အားပေးသည့် အမှုအတွက် ထောင်ဒဏ် ၁ဝ နှစ်၊ မတရားသင်းနှင့် ဆက်သွယ်မှုအတွက် ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံအတွင်း တရားမဝင်ပြန်လည်ဝင်ရောက်လာမှုအတွက် ထောင်ဒဏ် ၃ နှစ်တို့ ဖြစ်ကြောင်း

အင်းစိန်ပရဝုဏ်အတွင်းရှိ ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီး ဦးအောင်သိန်း၏ အဆိုပါ အမိန့်ချမှတ်မှုကို ကျေနပ်မှု မရှိဘဲ ဆက်လက်၍ အယူခံဝင်သွားမည်ဖြစ်ကြောင်းအသက် ၃၂ နှစ်အရွယ်ရှိ ကိုဝေဖြိုးအောင်ကို စွပ်စွဲဖမ်းဆီးမှုနှင့် ပတ်သက်၍ မှားယွင်းမှုများ ရှိနေနိုင်ပြီး သက်သေ အထောက်အထားများ မမှန်မကန်ရယူမှု၊ တရားမဝင် ဖမ်းဆီးမှု စသည့်အချက်များကို ထောက်ပြကာ တရားရုံးမှပြန်လည်စိစစ်၍ စီရင်ချက်ချရန် မေလ ၆ ရက်နေ့တွင် အာရှ လူ့အခွင့်အရေးကော်မရှင်မှ ကြေညာချက် ထုတ်ပြန် ခဲ့သေး
ကြောင်းသိရှိရသည်။

အမှုမှာ ၂ဝ၁ဝ ဧပြီ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ် တွင် ဗုံး ၃ လုံး ပေါက်ကွဲသည်။ ထိုဗုံးခွဲမှု တရားခံအဖြစ် ထိုင်း-မြန်မာနယ်စပ် တောတွင်းအခြေစိုက် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ VBSW မှ အဖွဲ့ဝင် ၃ ဦး လက်ချက်ဟု ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ (ယခု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး)က ထိုနှစ် မေလ ၆ ရက်နေ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ၌ စွပ်စွဲခဲ့ကြောင်း

ကိုဖြိုးဝေအောင်ကိုလည်း ဗုံးဖောက်ခွဲနိုင်ရေး စောင့်ကြည့်ပေးခဲ့သည်ဟု စွပ်စွဲခဲ့ရုံမက VBSW အဖွဲ့ဝင်တဦး ဖြစ်သည် ဆိုသော ယူဆချက်ဖြင့် ၂ဝ၁၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် ၅၅ လမ်း အလယ်ဘလောက်ရှိနေအိမ်သို့ ရဲများ ရောက်လာရောက် ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုကာ ယခုကဲ့သို့ ပြစ်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်းအဆိုပါ X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် လူ ၁ဝ ဦး သေဆုံးပြီး ၁၇ဝ ခန့် ဒဏ်ရာရကြောင်း ယခင် စစ်အစိုးရက သတင်း ထုတ်ပြန်ခဲ့ကြောင်း
သိရှိရသည်။


ဖြိုးဝေအောင် သေဒဏ်ချခံရမှု ကုလ အထူးကိုယ်စားလှယ် ပြစ်တင်

၂၀၁၀ ခုနှစ်တုန်းက ရန်ကုန်သင်္ကြန်ဗုံးခွဲမှုနဲ့ဆက်စပ်ပြီး သင်္ကာမကင်းဖမ်းဆီးခံထားရသူ ဖြိုးဝေအောင် သေ ဒဏ် အပြစ်ချမှတ်လိုက်တဲ့ စီရင်ချက်ကိုကြည့်ရင် မြန်မာနိုင်ငံတွင်း တရားစီရင်ရေးပိုင်းကို အရေးတကြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုနေပြီဆိုတာ ပြသ လိုက်တာဖြစ်တယ်လို့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားက ထောက်ပြ ပြောဆိုထားကြောင်း သိရှိရသည်။
 

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ စောင့်စားနေကြောင်း ဂျွန် မက်ကိန်း ပြော


အခုအခါ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံကူးလက်မှတ် ရရှိထားပြီမို့ အမေရိကန် လွှတ်တော်ကနေ ကြိုဆိုရမယ့်နေ့ကို မိမိစောင့်စားနေပါကြောင်း အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန် မက်ကိန်းက မနေ့က သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုလန် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမည်

ပိုလန် နိုင်ငံခြားရေးဝန်ကြီး Mr. Radosław Sikorski သည် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်း နေအိမ်၌ မေလ ၁၀ ရက်နေ့ ညနေပိုင်းတွင် သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း NLD သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

 

ဒေါ်အောင်ဆန်းစုကြည် မသန်မစွမ်းသူများ ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်


မြေမြုပ်မိုင်းထိလို့ မသန်မစွမ်း ဖြစ်ကြရတယ် ဆိုတာဟာ အဲဒီတိုင်းပြည်ရဲ့ မသန်စွမ်းမှုကို ဖော်ပြနေတာပဲ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ကြောင်းမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ရဲ့မသန်မစွမ်းသူများ ဂုဏ်ပြုပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာ ဖြစ်ကြောင်း သိရှိရသည်။


မန္တလေး တောင်မြင့် သုသာန် ဖျက်သိမ်း

မန္တလေး တောင်မြင့်သုသာန်နှင့် မီးသင်္ဂြိုဟ်စက်ကို မေ ၁ ရက်နေ့က စတင် ဖျက်သိမ်းခဲ့ပြီး တောင်အင်း၊ မြောက်အင်း သုသာန်သို့ ပြောင်း ရွှေ့ဆောင်ရွက်ကြရတော့မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနက တရားဝင် အသိ ပေးလိုက်ပြီ ဖြစ်သည်။ တောင်အင်း၊ မြောက်အင်း သုသာန်တွင် မီးသင်္ဂြိုဟ်စက် ၁ လုံး ထားရှိကာ မီးသင်္ဂြိုဟ်ခ အနေဖြင့် လူကြီး ၁ ဦး ကျပ် ၁၆၀၀၀၊ ၁၂ နှစ်အောက် ကလေး ၁ ဦး ကျပ် ၈၀၀၀၊ အအေးခန်း တရက်ထားရှိခ ကျပ် ၂၅၀၀၊ ခန်းမ တနာရီငှားရမ်းခ ကျပ် ၁၀၀၀၀နှင့် ခန်းမအတွင်း ထိုင်ခုံတလုံး တနာရီငှားရမ်းခ ကျပ် ၅၀ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံသားတိုင်း ကားတင်သွင်းခွင့် ရတော့မည်

နိုင်ငံခြားငွေ ဘဏ်စာရင်းဖွင့်ထားသူ နိုင်ငံသားတိုင်း မည်သူမဆို ပြည်ပမှ ကားတင်သွင်းခွင့်ပြုလိုက်သည်။ ခရီးသည်တင် ဘတ်စ် ကားမှ လွဲ၍ ၂၀၀၇ ခုနှစ် အထက် မော်ဒယ်များကို တင်သွင်းခွင့် ပြုခြင်း ဖြစ်ကြောင်း၊ လတ်တလောတွင် အငှားယာဉ် (Taxi) များကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရ ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုလျက်ရှိကြောင်း ယမန်နေ့က ကျင်းပသော မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာကြီးကြပ်ရေးကော်မတီ အစည်းအဝေး၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ ပြောကြားချက်ကို ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားကြောင်းသိရှိရသည်။

 

ဒု သမ္မတ ဦးတင်အောင်မြင့်ဦး သတင်း ဖော်ပြခွင့်မပြု

ဒု သမ္မတ ဦးတင်အောင်မြင့်ဦး ကျန်းမာရေး မကောင်းသည့် သတင်းကို စာပေစိစစ်ရေးက တားမြစ်ကြောင်း သိရသည်။ ပြည် တွင်း Venus News Weekly ဂျာနယ်က“ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ကင်ဆာရောဂါ လက္ခဏာ တွေ့ရှိရပြီး ကျန်းမာ ရေး မကောင်းဟု သတင်းများထွက်ပေါ်”ဆိုသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြရန် စာပေစိစစ်ရေးသို့တင်ပြရာ ခွင့်မပြုခဲ့ကြောင်း ဂျာ နယ်၏ တာဝန်ရှိသူ တဦးက ပြောသည်။ ဦးတင်အောင်မြင့်ဦး သည် ကျန်းမာရေး မကောင်းသောကြောင့် ဒု သမ္မတ ရာထူးမှ နုတ် ထွက်စာ တင်ထားကြောင်း သတင်းများလည်း ထွက်ပေါ်နေကြောင်းသိရှိရသည်။

 

ရှမ်းပြည်အရှေ့ပိုင်း ရွှေဖြူတူးဖော်မှု လူ ၂၀၀၀ ကျော်ကို ထိခိုက်

 

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း ရွှေဖြူ သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ဒေသခံ ကျေးရွာ ၇ ရွာမှ လူဦးရေ ၂၀၀၀ ကျော်၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်လျက်ရှိကြောင်း လားဟူ အမျိုးသမီးအဖွဲ့ (LWO) က ယနေ့ထုတ်ပြန်သော “ရွှေဖြူအတွက် သိမ်းယူခြင်း – ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ပလက်တီနမ် တူးဖော်မှု” အစီရင်ခံစာတွင် ပလက်တီနမ် ခေါ် ရွှေဖြူတူးဖော်ရေး လုပ်ငန်းများသည် တာချီလိတ်မြို့၏ မြောက်ဘက် ၁၃ ကီလိုမီတာအကွာ၌ ရှိနေပြီး ယင်း စီမံကိန်းများကြောင့် ဒေသခံ လားဟူ၊ အခါနှင့် ရှမ်းတိုင်းရင်းသားများ လုပ်ကိုင်နေသော စိုက်ပျိုးမြေ ဧက ၂၀၀ ကျော် ပျက်စီးသွားသကဲ့သို့ သစ်တောနှင့် ရေအရင်းအမြစ်များပါ ပျက်စီး ဆုံးရှုံးနေရကြောင်း အဆိုပါ အစီရင်ခံစာကို ထိုင်းနိုင်ငံအခြေစိုက် လားဟူအမျိုးသမီးအဖွဲ့ က ရှမ်းပြည်နယ် အရှေ့ပိုင်း ရွှေဖြူ တူးဖော်ရေး လုပ်ငန်းခွင်များသို့ တနှစ်ကျော်ကြာသွားရောက် လေ့လာ၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်းသိရှိရသည်။

ဦးတင်အောင်မြင့်ဦး သတင်း ဖော်ပြလျှင် အရေးယူမည်

ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး ကျန်းမာရေး မကောင်းသဖြင့် ရာထူးမှ နုတ်ထွက်လိုက်ပြီဆိုသော သတင်းများနှင့်ပတ်သက်၍ ပြည်တွင်း သတင်းဂျာနယ်များတွင် ထည့်သွင်းဖော်ပြခြင်း မပြုရန်နှင့် မလိုက်နာပါက အရေးယူသွားမည်ဟု ပြန်ကြားရေးဝန်ကြီး ဌာန စာပေစိစစ်ရေး က ပြောဆိုကြောင်း Venus News Weekly ဂျာနယ်က“ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ကင်ဆာရောဂါလက္ခဏာတွေ့ရှိရပြီး ကျန်းမာရေး မကောင်းဟု သတင်းများထွက်ပေါ်”ဆိုသော ခေါင်းစဉ်ဖြင့်ဖော်ပြရန် စာပေစိစစ်ရေးသို့တင်ပြခဲ့ရာ တားမြစ်ခံရကြောင်းသိရှိရသည်။

ဒုတိယသမ္မတ-၁ နှုတ်ထွက်သည့်ကိစ္စ လွှတ်တော်အစည်းအဝေး ခေါ်မည်လို့ သတင်းထွက်ပေါ်


ဒုတိယသမ္မတ-၁ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခုမေလကုန်မှာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ခေါ်ယူဖို့ အာဏာပိုင်တွေက စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေကြောင်းသိရှိရသည်။

 

ရဲက လယ်သိမ်း၍ သမ္မတနှင့် ILO ထံတိုင်


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှ လယ်သိမ်းခံ တောင်သူလယ်သမားများက ရဲက သိမ်းသွားသော ၄င်းတို့၏ လယ်မြေများ ပြန်ရရေးအတွက် နိုင်ငံတော်သမ္မတနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) သို့ ယမန်နေ့က တိုင်ကြားလိုက်ကြောင်း ကန့်ဘလူမြို့နယ် ကိုင်းတော်နှင့် လိပ်တူရွာမှ လယ်မြေဧက ၄၀ ကျော်ကို ကန့်ဘလူ ရဲစခန်းပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ပြီး အဆိုပါ လယ်မြေများကို တခြားတောင်သူများအား သီးစားပြန်ချ၍ ငှားရမ်းနေသောကြောင့် မူလ လယ်ပိုင်ရှင်များက လယ်ယာမြေများ ပြန်ရလိုခြင်းဖြစ်ကြောင်း အဆိုပါ လယ်မြေများမှာ ကာလပေါက်ဈေး တဧကလျှင် ကျပ် ၅ သိန်းခန့်ရှိကြောင်း၊ လယ်မြေများ ပြန်လည် ပိုင်ဆိုင်ခွင့်မရပါက ထိုက်တန်သည့် လျော်ကြေးတစုံတရာ ရလိုကြောင်း လယ်ပိုင်ရှင်များက ဆိုကြောင်း
အလားတူပင် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရွာ၊ သုံးတောင်ရွာ၊ ညောင်ပင်ရွာ၊ အောင်ချမ်းသာရွာ၊ ပင်လိမ်ရွာ စသည့်ရွာများမှ လယ်မြေသိမ်းဆည်းခံရသည့် တောင်သူလယ်သမားများကလည်း လယ်ယာမြေများ ပြန်လည်ရလိုမှုအတွက် တရားစွဲဆိုရန် ပြင်ဆင်နေသည်ကြောင်း
ဇီးပင်ကြီးရွာမှ လယ်မြေများကို ရဲသိပ္ပံ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် ပိုင်မြေများအဖြစ် သိမ်းဆည်းခဲ့ပြီး ၄င်းမြေများကို တခြားသူများသို့ အငှားပေး၍ သီးစားပြန်ချထားကြောင်း၊ ပင်လိမ်ရွာမှ လယ်မြေဧက ၅၀ ကျော်ကိုလည်း ပုဂ္ဂလိက ကုမ္ပဏီတခုက သိမ်းယူထားကြောင်း၊ အဆိုပါ လယ်မြေများအတွက် လယ်ပိုင်ရှင်များသည် အစားထိုးမြေ၊ နစ်နာကြေးများ မရကြောင်းအဆိုပါ လယ်ယာမြေများတွင် လွန်ခဲ့သည့် ၅ နှစ်ကျော်က သိမ်းဆည်းခံခဲ့ရသော လယ်မြေများလည်း ပါဝင်ကြောင်း၊ တောင်သူလယ်သမား အများစုမှာ မိမိတို့၏ ရပိုင်ခွင့်ဖြစ်သော်လည်း လျော်ကြေးတောင်းရန်၊ တရားစွဲဆိုမှုများ ပြုရမည်ကို ကြောက်ရွံ့နေကြကြောင်း၊ တရားစွဲဆိုရန် သုံးစွဲရမည် တံဆိပ်ခေါင်း တန်ဖိုးမှာလည်း ကျပ် ၄ သိန်းခွဲခန့်ရှိနေ၍ တောင်သူများအနေဖြင့် အခက်တွေ့နေရကြောင်း
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေပါ လယ်ယာမြေဆိုင်ရာ ဥပဒေတွင် နစ်နာကြေးနှင့် လယ်ယာမြေ အစားထိုးပြန်ပေးမှုများသာ ပါဝင်ပြီး တောင်သူလယ်သမားများအတွက် ကာကွယ်မှု တစုံတရာ မပါဝင်ကြောင်း၊ တောင်သူလယ်သမားများကို အကာကွယ်ပေးမည့် ဥပဒေ လိုအပ်နေကြောင်း
စစ်တပ်ပိုင် အဆောက်အဦ၊ အစိုးရရုံး၊ စက်ရုံမြေနေရာများ၊ အစိုးရပိုင် စီမံကိန်းများနှင့် ပုဂ္ဂလိက ကုမ္ပဏီများပိုင် စီးပွားရေးလုပ်ငန်းများ စသည်တို့အတွက် လယ်မြေသိမ်းဆည်းခံရမှုများ၊ လယ်ယာမြေ ပြန်လည်ရလိုမှုနှင့် လျော်ကြေးရလိုမှုအတွက် တိုင်ကြားမှု၊ တရားစွဲဆိုမှုများမှာ နိုင်ငံတ၀ှမ်း ဒေသအသီးသီးတွင် ဖြစ်ပေါ်နေ ကြောင်းသိရှိရသည်။

စည်ပင်ဌာနက ပြန်သိမ်းတဲ့ အငှားယာဉ် စပေါ်ငွေ ပြန်မအမ်းပေးသေး


ရန်ကုန်တိုင်း စည်ပင်သာယာဌာနကနေ ပုဂ္ဂလိကကို ငှားရမ်းထားတဲ့ အငှားယာဉ် တက္ကစီကားတွေကို ဌာနက ပြန်သိမ်းပြီးတဲ့နောက် မူလငှားရမ်းထားသူတွေကို စပေါ်ငွေ ပြန်မအမ်းပေးပဲ အဲဒီကားတွေကို ဝန်ထမ်းတချို့နဲ့ ပုဂ္ဂလိကတချို့ကို ပြန်လည် ငှားရမ်းလိုက်တယ်လို့ သိရပါတယ်။

မြန်မာ့ စီးပွားရေး တိုးတက်မှုနှုန်း မြင့်မားလာနိုင်လို့ IMF ခန့်မှန်း


မြန်မာအစိုးရရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အပြောင်းအလဲတွေဟာ လက်ရှိ ပုံစံအတိုင်းသာ ရှေ့ဆက်ပြီး တည်တည်ငြိမ်ငြိမ် သွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ စီးပွားရေး တိုးတက်မှုနှုန်း အမြင့်မားဆုံး နိုင်ငံတနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အစီရင်ခံစာက ခန့်မှန်းဖော်ပြလိုက်ကြောင်း
ငွေကြေး လဲလှယ်မှုနှုန်းကို ပြောင်းလဲလိုက်တာ အပါအ၀င် တခြား သင့်တော်တဲ့ စီးပွားရေးဆိုင်ရာ ပြောင်းလဲမှုတွေကို အစပျိုးပြီး လူနေမှု အဆင့်အတန်းကိုပါ မြှင့်တင်လိုက်နိုင်မယ်ဆိုရင် တခြားအာရှက စီးပွားရေး တိုးတက်တဲ့နိုင်ငံများ နည်းတူ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားကြောင်းအနာဂတ်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ၀င်ရောက်လာတော့မှာ ဖြစ်တဲ့အတွက် ပမာဏကြီးတဲ့ စီးပွားရေး စီမံကိန်းတွေ အကောင်အထည် ဖော်တဲ့နေရာမှာ စီးပွားရေး တည်ငြိမ်မှုကို အဓိက ဦးတည်ချက်ထားပြီး အဆင့်တိုင်းမှာ သတိကြီးကြီးနဲ့ ဆောင်ရွက်သင့်ကြောင်း
အရင်တုန်းက တိုင်းပြည်ရဲ့ ဘဏ္ဍာရေး လိုငွေပြမှုကို ဖြေရှင်းဖို့အတွက် ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေတဲ့ နည်းလမ်း သုံးခဲ့တဲ့အတွက် ငွေကြေးဖောင်းပွမှုနှုန်းထားဟာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က ၃၃% အထိ ရှိခဲ့ကြောင်း၊ လက်ရှိ ပြောင်းလဲမှုတွေကြောင့် ၂၀၁၁ ခုနှစ်အတွင်းမှာ ငွေကြေးဖောင်းပွမှု နှုန်းထားဟာ ၈% ကျော်လောက်သာ ရှိတော့တဲ့အတွက် စီးပွားရေးအရ ကောင်းတဲ့ဘက်ကို ဦးတည်လာနေပြီလို့ အိုင်အမ်အက်ဖ် အစီရင်ခံစာက ဆိုကြောင်း
လက်ရှိ အခြေအနေမှာ ငွေကြေး လဲလှယ်နှုန်းထားတွေ ပြောင်းလိုက်ပြီ ဆိုပေမယ့် အားလုံးကို စုစည်းပြီး နှုန်းထား တစ်ခုတည်းဖြစ်အောင် တည်ငြိမ်ဖို့ အချိန်လိုသေးကြောင်း၊ တခြားနိုင်ငံတွေမှာလည်း အလားတူ အတွေ့အကြုံတွေ ရှိခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံမှာတော့ လာမယ့် ၂၀၁၃ ခုနှစ် ကုန်ပိုင်းလောက်မှာ ငွေကြေးဈေးကွက် တည်ငြိမ်မှု စတင်ရလာနိုင်မှာ ဖြစ်ကြောင်းလည်း ဖော်ပြထားကြောင်းသိရှိရသည်။

တိုင်းပြည်ဘဏ္ဍာငွေ စီစစ်ပြီး သုံးစွဲမှသာ စီးပွားရေး တိုးတက်နိုင်


မြန်မာပြည် စီးပွားရေးအရ တိုးတက်ဖို့ကြိုးပမ်းမယ်ဆိုရင် အရင်စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ အကောင်အထည်ဖော်လေ့ရှိတဲ့ ဆင်ဖြူတော် စီမံကိန်းတွေ၊ အလေအလွင့် စီမံကိန်းတွေကို လက်ရှိ အစိုးရအနေနဲ့ ရှောင်ရှားဖို့ လိုအပ်ကြောင်း ထိုင်းဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးက Bloomberg စီးပွားရေး မဂ္ဂဇင်းကို ပြောလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က ထိုင်းဗိုလ်ချုပ်ကြီး Letrat Ratanavanich ဟာ မြန်မာစစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မကြာခဏ တွေ့ဆုံဆွေးနွေးလေ့ ရှိခဲ့ကြောင်း၊ အဲဒီအခါမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရေခဲတောင်တွေမှာ နေထိုင်တဲ့ ပင်ဂွင်းငှက်အကောင် အတော်များများနဲ့ သစ်ကုလားအုပ် ၂ ကောင်ကို တောင်းခဲ့တဲ့အတွက် ပို့ပေးခဲ့ရဖူးကြောင်း ပင်ဂွင်းငှက်တွေကို မွေးမြူရာမှာ အအေးခန်း ဖန်တီးထားရတာ ဖြစ်တဲ့အတွက် လျပ်စစ်ဓာတ်အား အများကြီးအသုံးပြုဖို့ လိုအပ်တာဖြစ်ကြောင်း
တစ်နိုင်ငံလုံး လျှပ်စစ်မီးပြတ်လပ် မှောင်ကျနေတဲ့အချိန်မှာ အစိုးရထိပ်ပိုင်း ခေါင်းဆောင်က သူမွေးမြူမယ့် တိရစ္ဆာန်ကို ၂၄ နာရီပတ်လုံး အအေးခန်းနဲ့ထားတဲ့ ကိစ္စမျိုးဟာ မဖြစ်သင့်ကြောင်း၊ ဒါ့အပြင် တိုင်းပြည်ဘဏ္ဍာငွေ အလုံးအရင်းကို အသုံးပြုပြီး တည်ဆောက်ခဲ့တဲ့ နေပြည်တော်လို စီမံကိန်းမျိုးဟာလည်း ဒီမိုကရေစီ အစိုးရခေတ်မှာဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ကြောင်း Bloomberg မဂ္ဂဇင်းကဆိုကြောင်း
အနာဂတ်မှာ တိုင်းပြည်ဘဏ္ဍာငွေတွေကို စီစစ်ပြီး သုံးစွဲမှသာ စီးပွားရေး တိုးတက်ဖို့ဆိုတာ ဖြစ်နိုင်ကြောင်း အဲဒီကမ္ဘာကျော် စီးပွားရေးမဂ္ဂဇင်းက ရေးသား ဖော်ပြထားကြောင်းသိရှိရသည်။

ဖွံ့ဖြိုးတိုးတက်လာနိုင်ခြေများသော မြန်မာ့စီးပွားရေးတွင် နောက်ကျမကျန်ခဲ့စေရန် စီးပွားရေးပိတ်ဆို့မှုကို အပြီးရုပ်သိမ်းပေးရန် အမေရိကန်ကုမ္ပဏီများ လိုလား

ဖွံ့ဖြိုးတိုးတက်လာနိုင်ခြေများ နေသော မြန်မာနိုင်ငံ၏စီးပွားရေးတွင် နောက်ကျကျန်နေရစ်ခဲ့မည်ကို မလိုလားသဖြင့် အမေရိကန်ကုမ္ပဏီများသည် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို အပြီးရုပ်သိမ်းပေးရန် လိုလားနေကြောင်း The China Post သတင်းစာက ဖော်ပြလိုက်ကြောင်းအမေရိကန်သမ္မတ အိုဘားမားထံသို့ အမေရိကန်ထိပ်တန်း စီးပွားရေးလုပ်ငန်းစုကြီးများက လက်ရှိ သတ်မှတ်ဖြေလျော့ပေးထားသည့် ပမာဏထက် ချဲ့ထွင်လုပ်ဆောင်ရန် တိုက်တွန်းထားကြောင်းမြန်မာနိုင်ငံ၏ ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ကနေဒါနှင့် ဥရောပသမဂ္ဂတို့မှ စီးပွားရေးပိတ်ဆို့မှုများကို ဆိုင်းငံ့ခဲ့ပြီး ဂျပန်နိုင်ငံမှာ အကူအညီများကိုပင် ပြန်လည် စတင်နေပြီ ဖြစ်ကြောင်း

အမေရိကန်သမ္မတ အိုဘားမားထံသို့ အမေရိကန်၏ စီးပွားကူးသန်းဌာန၊ American Petroleum Institute နှင့် US-Asean Business Council တို့က လက်မှတ်ရေးထိုးပြီး ပေးပို့သောစာတွင် ''အမေရိကန်မှ အချို့သော စီးပွားရေးလုပ်ငန်းများကိုသာ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ပြုပြီး အခြားလုပ်ငန်းများကို ထုတ်ဖယ်ထားခြင်းသည်လည်း ခွင့်ပြုထားသော လုပ်ငန်းများ၏ တိုးတက်မှုကို အဟန့်အတား ဖြစ်စေမည်မဟုတ်''ဟု ပါရှိကြောင်း The Chine Post က ဖော်ပြထား
ကြောင်း
အမေရိကန် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့် မရခြင်းဖြင့် ''ကျွန်ုပ်တို့၏ ပြိုင်ဘက်နိုင်ငံများက လက်ရှိတွင်လည်း လုပ်ငန်းများ လုပ်ကိုင်နေလျက်ရှိပြီးဖြစ်သည့်အလျှောက် ကျွန်ုပ်တို့ လစ်လပ်နေသော နေရာများကိုဖြည့်ကာ လုပ်ကိုင်သွားမည်ဖြစ်သည်။ ထို့ကြောင့် အမေရိကန် အလုပ်သမားများ ရရှိရမည့် အလုပ်များကို အာရှနှင့် အခြားနေရာများမှ အလုပ်သမားများက အစားထိုး ရရှိသွားမည်ဖြစ်သည်''ဟု အဆိုပါစာတွင် ရေးသားဖော်ပြထား
ကြောင်း
အမေရိကန်၏ ပစ္စည်းကိရိယာများထုတ်လုပ်သည့် ကုမ္ပဏီကြီးဖြစ်သည့် Caterpillar ကုမ္ပဏီက မြန်မာနိုင်ငံသည် အခြေခံအဆောက်အဦများ တည်ဆောက်ရန်ရှိနေသဖြင့် ၎င်းတို့ ကုမ္ပဏီအနေနှင့် ဈေးကွက် တိုးတက်လာနိုင်ကြောင်း ပြောကြားခဲ့ကြောင်းအမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က အမေရိကန် ကုမ္ပဏီများတွင် တန်ဖိုးအမှန် ရှိနေချိန်၌ အုပ်ချုပ်ရေးပိုင်းကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် လုပ်ဆောင်သွားရန် အမေရိကန် အစိုးရအဖွဲ့အနေနှင့် သတိထား လှုပ်ရှားရမည်ဖြစ်ပြီး ပိတ်ဆို့မှုများကို အလုံးစုံ ရုပ်သိမ်းသွားမည် မဟုတ်ဟု ပြောကြားခဲ့ကြောင်း အမေရိကန်၏ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့နှင့် အလုပ်သမား ကွန်ဖက်ဒရေးရှင်းတို့က အမေရိကန်သမ္မတ အိုဘားမားထံသို့ ရေးသားပေးပို့သောစာတွင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို ဖြေလျော့ရာတွင် တိုးတက်မှုများရှိခြင်း၊ ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများ ရပ်ဆိုင်းခြင်း၊ ၂၀၁၅ ခုနှစ်တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် တရားမျှတမှု ရှိခြင်းတို့နှင့် ဆက်စပ် ဖြေလျော့သင့်သည်ဟု အကြံပြုထားကြောင်းသိရှိရသည်။

UN World Tourism Organisation မှ အထွေထွေ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့ လာရောက်၊ နှစ်ရက်တာ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့

 

ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့အစည်း(UN World Tourism Organisation-UNWTO)မှ အထွေထွေ အတွင်းရေးမှူးချုပ် Dr. Taleb Rifai သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့ပြီး အဆိုပါခရီးစဉ် အတွင်း နိုင်ငံတော်သမ္မတနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း
Dr. Taleb Rifai သည် ၂၀၁၂ ခုနှစ် မေလ ၆ ရက်နှင့် ၇ ရက်နေ့ များက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။မြန်မာနိုင်ငံသည် ၁၉၉၆ ခုနှစ် က UNWTO ၏ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ခေတ္တဆိုင်းငံ့ခဲ့ကြောင်းလက်ရှိအချိန်တွင် နိုင်ငံတော် သမ္မတသည်UNWTO သို့ ပြန်လည်ဝင်ရောက်ရန် တရားဝင် အသိပေး ပြောကြားထားကြောင်းUNWTO ၏ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောကြားခဲ့သကြောင်းUNWTO သည် ဖွံ့ဖြိုးဆဲနိုင်ငံများ အပေါ်တွင် ခရီးသွားလုပ်ငန်း တိုးတက်မှုနှင့်ပတ်သက်၍ ကူညီမှု များလည်းပြုလုပ်နေပြီး ယင်းသို့ ကူညီရခြင်းမှာ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ အကြားတွင် ဆက်နွယ်မှုများ ရှိနေကာ ခရီးသွားလုပ်ငန်းသည် ဆင်းရဲမွဲတေမှု လျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရေး၊ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့ပေါ်တွင် ပံ့ပိုးမှုပေး နိုင်ခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းUNWTO ၏ အထွေထွေအတွင်းရေးမှူးချုပ် Dr. Taleb Rifai မြန်မာနိုင်ငံသို့ လာရောက်သည့်ခရီး စဉ်အတွင်း ၎င်းနှင့်အတူ အာရှပစိ ဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Xu Jing လည်း လိုက်ပါခဲ့ကာ ပုဂံ ဒေသသို့ သွားရောက်လေ့လာမှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

LWIN PWIN
NLABR
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  


0 comments:

Post a Comment