စာရိတ္တသတ္တိ မွေးမြူခြင်း by ဆရာအောင်းသင်း

ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်ဆီသို့ 

စာရိတ္တသတ္တိ (သို့မဟုတ်) စိတ်ဓါတ်သတ္တိကို မွေးမြူပျိုးထောင်ဖို့ ခက်တယ်လို့ ဗိုလ်ချုပ်ကြီးဆလင်းက ပြောခဲ့ဖူးပါတယ်။ ခက်ပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ အဲဒါကို တစ်ထစ်ချ ပြောနိုင်ပါတယ်။ ငါကိုယ်တိုင် သတိပြုမိတာလေးတွေကို ပြောပြချင်ပါတယ်။
ငါတို့ တိုင်းပြည်မှာတော့ဖြင့် အဲဒီစာရိတ္တသတ္တိကို အပေးနိုင်ဆုံးဟာ ဗုဒဘာသာလို့ပဲ ထင်မိပါတယ်။ ဒီလိုဆိုလိုက်တော့ တခြားဘာသာရေးတွေက မပေးနိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ငါ့အနေနဲ့ တွေ့ရမြင်ရတာလောက်ကိုသာ ပြောပြတာပါ။
ဥပမာတစ်ခုကို ပြောပြလိုက်ချင်ပါတယ်။ မင်းတို့တစ်တွေ ဦးဂိုအင်ကာ ဆိုတာကို ကြားဖူးကြပါလိမ့်မယ်။ သူ့ကို နိုင်ငံတော်အစိုးရက သာသနာ့ အကျိုးတော်ဆောင် လူပုဂိုလ်ကြီးအဖြစ် ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ခဲ့ပါသေးတယ်။ မဂဇင်းတစ်စောင်မှာ သူ့အကြောင်း နည်းနည်းဖတ်လိုက်ဖူးတာထဲက ပြောပြချင်ပါတယ်။ သူဟာ ဗုဒဘာသာ ၀ိပဿနာအလုပ်ကို အလေးအနက် အားထုတ်ခဲ့ပါတယ်။ တရားဘက်မှာ အလွန်ကို မွေ့လျော်သွားပါတယ်။ အလုပ်ရုံ စက်ရုံတွေကို ပြည်သူပိုင်သိမ်းလိုက်တော့ သူပိုင်ပစ္စည်းလုပ်ငန်း သိန်း ၉၀ ဖိုး လောက် အသိမ်းခံလိုက်ရပါတယ်။ ဒါပေမဲ့ သူ့မှာ ဘာမှ တုန်လှုပ်ချောက်ချားခြင်း မဖြစ်လိုက်တဲ့အပြင် အစိုးရအပေါ်မှတောင် အမျက်မထွက်၊ မေတ္တာမပျက် နေနိုင်ပါတယ်လို့ ရေးထားပါတယ်။ အဲဒါမျိုးဟာ တော်ရုံတန်ရုံ စိတ်ဓါတ်မှ မဟုတ်ပါပဲကလား။ အဲဒါဟာ တရားတော်ရဲ့ ကျေးဇူးပါပဲလို့ ၀န်ခံခဲ့ပါတယ်။
 ဒီနေရာမှာ သတိပြုလိုက်မိဖို့ကောင်းတာ တစ်ချက်ကတော့ တပ်မက်မှု လောဘကို ထိန်းသိမ်းလိုက်တာကြောင့် ပူပန်မှုပျောက်သွားခြင်း ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ တစ်ဆက်တည်း ပြောလိုက်ချင်တာက အဲဒီလောဘကြောင့် ပစ္စည်းဥစ္စာ ငွေကြေးအာဏာ စသည်တို့ကို ရှာဖွေကြတယ်။ နည်းနည်းရလာပြန်တော့များများလိုချင်လာကြပြန်တယ်။များများရလာပြန်တော့လည်း နောက်ထပ် များများ လိုချင်လာပြန်တယ်။ အဲဒီလိုနဲ့ အတောမသတ်နိုင်တော့ဘဲ သာမန်လောဘကနေပြီးမတော်လောဘ အဖြစ်ကို ရောက်သွားပြန်တယ်။
မတော်လောဘ ဖြစ်လာလိုက်တော့ အကုသိုလ်တွေ၊ ဒုစရိုက်တွေ၊ ပြစ်မှုတွေ ဆိုမျာိုးကို မမြင်နိုင်ကြတော့ဘူး။ ချမ်းသာရင်ပြီးရော၊ တန်ခိုးသြဇာရရင် ပြီးရောဆိုတာမျိုးတွေ ဖြစ်လာကြတော့တာပဲ။ အဲဒီလို ကိုယ့်အတွက်ကိုချည်းကြည့်ပြီး လုပ်ဆောင်လာလိုက်တော့တစ်ယောက်ချမ်းသာ ကိုယ့်ဖို့ရှာ၊ သတ္တ၀ါပေါင်း ဆင်းရဲကြောင်း ဆိုတာလို ပတ်ဝန်းကျင်ကို ထိခိုက်လာပြန်ရော။
ငွေကြေးသိန်းသန်းချီပြီး ကြွယ်ဝချမ်းသာနေပါလျက်နဲ့ မရောင့်ရဲနိုင်၊ လောဘကို မထိန်းသိမ်းနိုင်ဖြစ်ပြီး ဒုစရိုက်တွေ၊ ပြစ်မှုတွေ ကျူးလွန်မိကြတဲ့ အတွက်ကြောင့် အဖမ်းခံရ၊ ဂုဏ်သရေပျက်၊ စည်းစိမ်ပျက် ဖြစ်ကြရတဲ့သူတွေ အကြောင်း မင်းတို့ ငါတို့ မကြားချင်အဆုံး ခဏခဏ ကြုံနေကြရတာကို သတိပြုမိကြမှာပေါ့။ သတိပြုရုံသာမဟုတ်ဘဲ သတိတရားလည်း ရသင့်ကြပါတယ်။
အဲဒီလို လောဘရဲ့ ဆန့်ကျင်ဘက်ကတော့ အလောဘလို့ခေါ်တယ်။ လောဘမရှိတော့တဲ့အတွက်ကြောင့် (လောဘကို ချုပ်တည်းထိန်းသိမ်းနိုင်တဲ့ အတွက်ကြောင့်) သူတစ်ပါး ကောင်းကျိုးအတွက် လှူဒါန်းနိုင်တယ်။ စွန့်ကြဲနိုင်တယ်၊ အများအကျိုး ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ကြတယ်။ မိဘမဲ့ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ပရဟိတကျောင်းတွေက ဘုန်းတော်ကြီးတွေ၊ လူပုဂိုလ်တွေရဲ့ လူမှုဝန်ထမ်းလုပ်ငန်းမျိုးတွေ၊ ဒုက္ခိတကိုးကွယ်ရာမဲ့တွေကို မရွံမရှာ စိတ်လက်ရှာစွာနဲ့ ကြင်နာစောင့်ရှောက်နေကြတဲ့ ခရစ်ယာန်လူမှုဝန်ထမ်းပုဂိုလ်တွေရဲ့ သတ္တိမျိုးတွေဟာ ဘာသာရေးကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ စာရိတ္တသတ္တိတွေပဲ မဟုတ်လား။
သူတို့လို အများအတွက် ကိုယ့်ဘ၀တစ်ခုလုံးကို မြှုပ်နှံပစ်လိုက်ဖို့ ဆိုတာကို စဉ်းစားကြည့်စမ်းပါ။ တော်ရုံသတ္တိမျိုး မဟုတ်ဘူး။ မင်းတို့ ငါတို့လို သာမန်လူတွေအဖို့ ကြက်သီးမထလောက်ပေဘူးလား။ အဲဒီလောက်ထိအောင် စာရိတ္တသတ္တိမကောင်းနိုင်ရင် ရှိပါစေဦးတော့၊ သူတို့သတ္တိမျိုးကို ရိုသေကြည်ညိုတတ်တဲ့ စိတ်မျိုးလောက်တော့ မရှိသင့်ပေဘူးလား။ သူတို့မျက်နှာကို ထောက်ထာြး့ပီး ကိုယ့်အကျိုးသက်သက် မတော်လောဘကို မချုပ်တည်းသင့်ကြပေဘူးလား။
ဒါတွေကို တစ်ဆက်တည်း ပြောလိုက်ရတာက ကာယသတ္တိထက် စာရိတ္တသတ္တိက ပိုပြီး ခက်ခဲမြင့်မားတယ်ဆိုတာကို အလေးအနက် သဘောပေါက်စေချင်လို့ပါပဲ။ နောက်ပြီး စာရိတ္တသတ္တိ မရှိဘဲ လူကောင်းတစ်ယောက် ဖြစ်မလာနိုင်တာကို အမြဲသတိရနေပြီး စာရိတ္တသတ္တိ ပျိုးထောင်မွေးမြူရေးကိုလည်း အာရုံပြုနေကြစေချင်လို့လည်း ဖြစ်ပါတယ်။

 သင်္ချာပါမောက္ခ ဦးအောင်လှ

မင်းတို့လူငယ်တွေက များသောအားဖြင့် ကျောင်းသားတွေ ဖြစ်နေကြလို့ (ငါကိုယ်တိုင်ကလည်း ကျောင်းသားတွေကိုသာလျှင် အများဆုံး အာရုံပြုနေမိတာ ဖြစ်လို့) စာသင်ခန်းအတွင်း သတ္တိမွေးမြူပုံကို ပြောလိုက်ချင်ပါသေးတယ်။ ရန်ကုန်တက္ကသိုလ်က ပညာကျော် သင်္ချာပါမောက္ခ ဆရာကြီးဦးအောင်လှ ပြောခဲ့တဲ့ စကားလေးကို ပြန်ပြီး ဖေါက်သည်ချလိုက်ပါရစေ။
၁၉၅၈-၅၉ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်လောက်က ကြားနာခဲ့ရတာပါ။ ငါက တက္ကသိုလ်ကျောင်းသားကြီးဘ၀ပေါ့။ ဒီတုန်းက ရန်ကုန်တက္ကသိုလ်မှာ ဒီဇင်ဘာလ ရောက်ပြီးဆိုရင် စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ရွှေဘို စတဲ့ အဆောင်တွေမှာ နှစ်လည်ညစာ စားပွဲလုပ်လေ့ရှိကြပါတယ်။ တစ်ဆောင်နဲ့ တစ်ဆောင် အပြိုင်အဆိုင် သဘောမျိုးလေးလည်း ရှိတတ်လေတော့ အဆောင်ကြီး တစ်ခုလုံးမှာ မီးရောင်စုံတွေ ထွန်းပြီး အငြိမ့်တွေဘာတွေနဲ့ပေါ့။ နောက်ပိုင်းမှာတော့ ရေဒီယိုအဆိုကျော်တွေကို ဖိတ်ပြီး ခေတ်ပေါ်တီးဝိုင်းတွေ ဘာတွေနဲ့ ဖြစ်လာကြတယ်။ မင်းတို့ ခုခေတ်စတိတ်ရှိုးရဲ့ ရှေပြေးဆိုပါတော့။
ဘယ်အဆောင် ညစာစားပွဲ၊ ဘယ်နေ့၊ ဘယ်အဆိုတော်တွေ ဆိုတာကို ပိုစတာတွေဘာတွေကပ်ပြီး ကြော်ငြာတာ။ ကျောင်းသားတွေကလည်း မက်မက်မောမောသွားပြီး နားထောင်ကြလေ့ရှိတာကြောင့် အလွန်ကို စည်းကားတတ်ပါတယ်။
အဲဒီလို ညစာစားပွဲတွေမှာ ပါမောက္ခတွေကိုလည်း ဖိတ်တတ်ကြပါတယ်။ ဆရာကြီးများကတော့ အခါခပ်သိမ်း ဘယ်မှာ လာနိုင်ကြပါ့မလဲ။ အားလပ်လို့ အခွင့်သင့်တဲ့အခါမျိုးလောက်မှာသာ ကြွလာနိုင်ကြရှာပါတယ်။ ညစာစားပြီးတဲ့ အခါမှာလည်း ဆရာကြီးတစ်ယောက်တစ်လေက မိန့်ခွန်းလေး ဘာလေး ပြောတတ်ပါတယ်။ အလေးအနက် ခမ်းခမ်းနားနားကြီးတော့ မဟုတ်ပါဘူး။ သာမန် ပဋိသနာရစကားမျိုးလောက်ပါပဲ။
တစ်ကြိမ်မှာတော့ သထုံဆောင်လား၊ ပဲခူးဆောင်လား မမှတ်မိတော့ဘူး။ အဲဒီညစာစားပွဲမှာ ငါကလည်း အဆိုတော်တွေကို နားထောင်မယ်လို့ သွားတော့ ထမင်းစားပွဲအပြီးမှာ ဆရာကြီးတစ်ယောက် မိန့်ခွန်းပြောနေတာကို တွေ့လိုက်ရတယ်။ ဆရာကြီး ဦးအောင်လှပါပဲ။
သူ့စကားအသွားအလာကို ထောက်ကြည့်ရတာ ထမင်းစားနေကြရင်း တစ်ယောက်ယောက်က သူ့ကို သင်္ချာပါရမီကြီးရင့်သူ သင်္ချာဦးနှောက်ပါလာသူလို့ အံ့သြချီးကျူးခြင်း ပြုလိုက်တယ်နဲ့တူပါတယ်။ သူ့စကားက-
“မင်းတို့က ငါ့ကို သင်္ချာပါရမီ၊ သင်္ချာဦးနှောက်ပါလာတဲ့သူလို့ ထင်နေကြပုံရတယ်၊ မဟုတ်ဘူးကွ။ အဲဒါ မင်းတို့ မှားနေကြပြီ။ မင်းတို့ ထင်နေကြသလိုသာ ငါ့မှာ သင်္ချာပါရမီ၊ သင်္ချာဦးနှောက် ဆိုတာမျိုး ပါလာခဲ့မယ်ဆိုရင် ငါဟာ ငယ်ငယ်လေးကတည်းက သင်္ချာထူးချွန်လာခဲ့ရမှာပေါ့။ ငါ့မှာဖြင့် သင်္ချာမှာ ချွန်ဖို့ဝေးလို့ ဖျင်းတဲ့ ညံ့တဲ့အထဲမှတောင် ပါနေခဲ့သေးတယ်၊ ငါ စိတ်အညစ်ဆုံး ဘာသာရပ်ပါပဲ။ စာမေးပွဲတွေမှာဆိုရင်လည်း အောင်မှတ်လောက် ကလေးရဖို့တောင် တထိတ်ထိတ် ဖြစ်နေခဲ့တာချည်းပါပဲ။”
 ဒီလိုနဲ့ သင်္ချာကို ဖြစ်သလို အောင်လာခဲ့ရတာ ခုနှစ်တန်း ရောက်တော့ တစ်နေ့မှာ ဆရာကလည်း ငါ့ကို သင်္ချာတစ်ပုဒ်ကို သေချာရှင်းပြ၊ ငါကလည်း နားကိုမလည်နိုင်၊ ဒုက္ခကိုရောက်လို့။ နောက်ဆုံးကျတော့ ဆရာဖြစ်တဲ့သူကလည်း စိတ်မရှည်နိုင်တော့ဘဲ နားရင်းကို တစ်ချက်ရိုက်လိုက်တာ ထူပူသွားတာပဲ။ ရှက်တာရော၊ ဒေါသဖြစ်တာရောပေါင်းပြီး မွှန်ထူသွားတာပဲ။ ဆရာ့ကို ဒေါသဖြစ်တာတော့လည်း မဟုတ်ဘူးပေါ့။ ဘာကို ဒေါသဖြစ်လိုက်မှန်းကို မသိဘူး။
အဲဒီမှာတင် ဒီလောက်တောင်ခက်လိုက်တဲ့ သင်္ချာ၊ ခက်ဦးဟ … ခက်ဦးဟ ဆိုပြီး ဒေါသဖြစ်ဖြစ် အမြင်ကတ်ကတ်နဲ့ တအားကုန် ကျုံးပြီး တွက်ပစ်တာပဲ။ ဒီလိုတွက်ရင်းနဲ့ပဲ သဘောပေါက်စပြုလာတော့ သင်္ချာကို ချစ်မှန်းမသိ ချစ်လာတယ်။ အဲဒီနှစ်ကစပြီး သင်္ချာမှာ ဂုဏ်ထူးထွက်လာခဲ့ တော့တာပဲ။ နောက်တော့ မင်းတို့ မြင်တဲ့အတိုင်း သင်္ချာပါမောက္ခ ဖြစ်လာတယ်။
ဒီတော့ ငါပြောချင်တာက မင်းတို့ထင်သလို ငါ့မှာ သင်္ချာပါရမီတွေ၊ သင်္ချာဦးနှောက်တွေ ပါလာလို့ မဟုတ်ဘူးကွ။ အမြင်ကတ်ကတ်နဲ့ စွတ်ပြီး တွက်ပစ်လိုက်လို့ သင်္ချာမှာ တော်လာခဲ့ရတာ”
အဲဒါဟာ သင်္ချာပညာကျော် ပါမောက္ခ ဦးအောင်လှရဲ့ စကားပါပဲဗျား။ ငါလည်း အဲဒီညက အဆိုတော်တွေရဲ့ သီချင်းကိုတောင် ခါတိုင်းလို စိတ်မ၀င်စားနိုင်ပါဘူး။ ဆရာကြီးရဲ့စကားကိုပဲ ခဏခဏပြန်ပြီး သတိနေခဲ့မိပါတယ်။
ကဲ … ဆရာကြီး ဦးအောင်လှ ဖြစ်ခဲ့ပုံကို ပြန်ပြီးသုံးသပ်ကြည့်လိုက်ကြရအောင်။ ဆရာကြီးက သင်္ချာမှာ ညံ့ခဲ့တယ်။ အဲဒီတော့ သင်္ချာကို ကြောက်သွားမှာပေါ့။ သင်္ချာအချိန်ရောက်လာမှာကိုပဲ စိတ်က မသိမသာလန့်နေမှာပေါ့။ သူဟာ သင်္ချာကို ကြောက်နေပြီ။ ဆရာရှင်းပြတဲ့အခါလည်း ပင်ကိုဥာဏ်ဖျင်းလှသူ မဟုတ်ပါဘဲနဲ့ ကြောက်စိတ်ကြောင့် ထုံနေတာပဲ ဖြစ်မှာပေါ့။ အဲဒီလိုကို ထုံသွားအောင် ကြောက်ခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးမှာ သူက ထွက်မပြေးခဲ့ဘူး။ တကယ်လို့သာ ထွက်ပြေးခဲ့ရင် သင်္ချာပါမောက္ခ ဖြစ်လာဖို့ကို မဆိုထားနဲ့၊ ပညာအရာမှာ လူလားတောင်မြောက်ခဲ့မယ် မဟုတ်ဘူး။ ခုတော့ သူက ထွက်မပြေးတဲ့အပြင် သင်္ချာကို ရဲရဲကြီး စိန်ခေါ်ပြီး ရင်ဆိုင်ပစ်လိုက်တယ်။ ရန်သူ (အခက်အခဲ)ရဲ့မျက်နှာကို စေ့စေ့ကြည့်ပြီး တိုက်ပွဲဝင်ပစ်လိုက်တယ်။
အဲဒါ သတ္တိ ပဲမဟုတ်လား။ လက်ဝှေ့ကြိုးဝိုင်းထဲမှာ၊ စစ်မြေပြင်မှာ သတ္တိရှိဖို့ လိုအပ်သလို စာသင်ခန်းထဲမှာလည်း သတ္တိရှိဖို့ လိုအပ်တယ်ဆိုတာ မထင်ရှားပေဘူးလား။
လက်ဝှေ့ကြိုးဝိုင်းသတ္တိမျိုးဆိုတာက လက်ဝှေ့ထိုးချိန်လောက်မှာပဲ လိုအပ်တာ။ လက်ဝှေ့ထိုးနိုင်တဲ့ အရွယ်လောက်အထိသာ လိုအပ်တာ။ ဦးနှောက်စိန်ခေါ်မှုကို လက်ခံဝံ့တဲ့ သတ္တိမျိုးဆိုတာက သေသည်အထိ သုံးစွဲသွားကြရမှာ။ ဒါကြောင့် ဆရာကြီးဦးအောင်လှဲရဲ့ သတ္တိမျိုးရအောင် မွေးမြူခြင်းဟာ မင်းတို့အတွက် သေရေးရှင်ရေးလို အရေးကြီးတယ်ဆိုတာကို သတိပြုကြဖို့ လိုပါတယ်။

 ဦးအောင်လှ လမ်းစဉ်ကို ဖြန့်ပေးခြင်း

လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ကြုံလိုက်ရတာကလေးတစ်ခုကို ပြောလိုက်ချင်ပါသေးတယ်။ သချာင်္ကို သိပ်ပြီး စိတ်ပျက်နေတဲ့ ကျောင်းသားတစ်ယောက်ကို တွေ့ရပါတယ်။ သူက သချာင်္နဲ့ ပတ်သက်ပြီး သိပ်ကိုစိတ်ဓာတ်ကျနေတာပါ။ ၉တန်းဖြေထားတာဆိုတော့ ၁၀ တန်းတက်ရတော့မယ်ပေါ့။ ၉ တန်းမှာတောင်မှ အောင်မှတ်လောက် ကလေးရအောင် မနည်းကြီး ကြိုးစားပမ်းစားလုပ်ခဲ့ရတာမို့ ၁၀တန်းမှာဖြင့် ဒုက္ခလှလှကြီးရောက်ရတော့မယ်။ ဘာလုပ်ရမှန်းမသိဘူး။ ဘယ်ဆရာ့ဆီမှာ ကျူရှင်ယူရရင်ကောင်းမလဲဆိုတာမျိုး ငါ့ဆီမှာ အကြံဥာဏ်တောင်းတာပါပဲ။
ငါလည်း ဆရာကြီး ဦးလှအောင် ပြောခဲ့ဖူးတာကို သတိသွားပြီးရလိုက်မိတာနဲ့ သူ့ကို ဆရာကြီး ပြောသမျှပြန်ပြီး ဖောက်သည်ချလိုက်ပါတယ်။ ပြီးမှ -
မင်း စဉ်းစားကြည့်ပေါ့။ အဲဒီလို သချာင်္မှာ ချာတူးလန်ခဲ့ပါတယ်ဆိုတဲ့ ပုဂိုလ်တစ်ယေက်က သချာင်္မှာ ပါမောကကြီး ဖြစ်သွားခဲ့ပါသေးတယ်။ အဲဒါ သူများပြောတာမဟုတ်ဘူး။ သူကိုင်တိုင်က ပြန်ပြောပြတာ။
နောက်ပြီး မင်းတို့ကို သတိပေးချင်တာတစ်ခုရှိသေးတယ်။ မင်းတို့ဟာ ကျူရှင်ကို အားကိုးနေလွန်းတယ်။ မိဘကိုချည်း အားကိုးလွန်းတဲ့ ကလေးတစ်ယောက်ဟာ လူလားမြောက် ရင့်ကျက်ဖို့ခက်သလို ကျူရှင်ကိုချည်း ဖိပြီးအားကိုးလွန်းနေရင် မင်းတို့ဦးနှောက်ဟာလည်း လူလားမြောက်တော့မှာ မဟုတ်ဘူး။ ဒီတော့ ဒီလို လုပ်စမ်းကွာ-
ဘယ်ကျူရှင် ဘယ်ဆရာကိုမှ အားကိုးမနေဘဲနဲ့ ရှစ်တန်းသချာင်္ကို သေချာနားလည်အောင် ကိုယ့်ဘာသာ ပြန်တွက်ကြည့်စမ်းကွာ၊ ရှစ်တန်းသချာင်္ကိုတောင်မှ ကောင်းကောင်းနားမလည်နိုင်သေးပါဘူးဆိုရင် စိတ်ပျက်မနေနဲ့၊ ခုနစ်တန်းသချာင်္ထိအောင် ပြန်ဆင်းကွာ၊ ဘာမှ ရှက်နေစရာမလိုဘူးကွာ၊ အခြေခံကစပြီး ပိုင်နေအောင် ကိုင်ပစ်လိုက်စမ်းကွာ။ ထွက်မပြေးနဲ့ကွ။ ပြေးရင် တစ်သက်လုံးပြေးလို့ကို ဆုံးမှာ မဟုတ်တော့ဘူး။ ဇွဲကောင်းကောင်းနဲ့ ရင်ဆိုင်ပစ် လိုက်စမ်းကွာ
အဲဒီလို ငါက ခိုင်းလိုက်တယ်။ ငါ့စိတ်ကူးက ဒီလိုကွ-
အသက်အရွယ်အလျောက် ရင့်ကျက်မှုဟာ အနည်းနဲ့ အများတော့ ကွာလာတတ်တာပဲ။ ဆိုကြပါစို့ကွာ၊ ခုနစ်တန်းဆိုရင် ကျောင်းသားလေးတွေဟာ များသောအားဖြင့် ၁၂ နှစ်လောက်ရှိတတ်ကြပါတယ်။ ခုနစ်တန်း သချာင်္ဟာ သူတို့အဖို့ အတန်အသင့်တော့ ခက်နေသေးတာပဲ။ ဒါပေးမဲ့ ကိုးတန်း လောက်ရောက်လာလို့ ဆယ့်လေးငါးနှစ်သား အရွယ်မှာ ခုနစ်တန်းသချာင်္ဟာ ဘာမှမခက်လှပြန်တော့ဘူး။ သူကိုယ်တိုင် ခုနစ်တန်းတုန်းက ခက်လှပါချည်ရဲ့လို့ အောက်မေ့ခဲ့မိတဲ့ ပုစ္ဆာတွေဟာ ဘာမှမဟုတ်တာကို ပြန်ပြီး တွေ့နေရတတ်တယ်။ အဲဒီကနေပြီး ပြန်စလိုက်တော့ တောက်လျှောက် သဘောပေါက်သွားနိုင်တာပေါ့။
 ဒါကြောင့် ငါက သူ့ကို အဲ့ဒီလို အကြံဥာဏ်ပေးလိုက်တာပါပဲ။ သူလည်း ဆရာကြီးဦးအောင်လှကို အားကျပြီး တွယ်လိုက်တာ သချာင်္ကိုအတော်လေး သဘောပေါက်သွားတယ်။ ဆယ်တန်းမှာ ဂုဏ်ထူးတော့ မထွက်လိုက်ပါဘူး။ ဒါပေးမဲ့ ဂုဏ်ထူးနားကပ်သွားတဲ့ အမှတ်ကိုတော့ ရလိုက်ပါသေးတယ်။
အရေးကြီးတာက အခက်အခဲကို ကြုံလာလိုက်ရင် ထွက်မပြေးဘဲ ရင်ဆိုင်ပစ်လိုက်ဝံ့တဲ့သတ္တိ ရှိနေကြဖို့ပါပဲ။ နောက်ပြီး စစ်ပညာမှာ သုံးလေ့ရှိတဲ့ ရန်သူရဲ့ အမာကိုရှောင်၊ အပျော့ကိုတိုက် ဆိုတဲ့ ဆောင်ပုဒ်လိုပဲ ခက်တာကို ကြုံနေရင် လွယ်တဲ့အပိုင်းကို ရှာပြီး အဲဒီဘက်ကစပြီး ထိုးဖောက်ကြရတယ် မဟုတ်လား။ ဒီသဘောဟာ သင်္ချာဘာသာမှ မဟုတ်ဘူး။ တခြားဘာသာတွေမှာလည်း ဒီအတိုင်းပါပဲ။ အင်္ဂလိပ်မှာ ညံ့လွန်းလို့ ဒုက္ခရောက်နေတဲ့ မိန်းကလေးတစ်ယောက်ကိုလည်း ဒီနည်းမျိုးကိုပဲ အကြံဥာဏ် ပေးခဲ့ဖူးပါတယ်။
အင်္ဂလိပ်စာကျတော့ သင်္ချာနဲ့ သဘောချင်း သိပ်မတူလှဘူး။ သူက ဘာသာစကားသင်ယူမှုဆိုတော့ ထိုးထွင်းဥာဏ်ထက် မှတ်ဥာဏ်ကို ပိုပြီး သုံးရတယ်။ စကားအသုံးအနှုန်း သဒ္ဒါအထားအသိုဆိုတာမျိုးတွေကို ခိုင်ခိုင်မာမာ မှတ်မိနေအောင်လုပ်ရတာ။ အဲဒါနဲ့-
“နင်… ဒီလောက်တောင် အင်္ဂလိပ်စာကို ကြောက်နေရင် ဒီနှစ်နွေ ကျောင်းပိတ်ရက်မှာ အင်္ဂလိပ်စာကိုချည်း ဖိပြီးလုပ်လိုက်စမ်း၊ ဘယ်ကျူရှင် ဘယ်ဆရာဆီကိုမှ သွားမနေနဲ့။ နင်အခု ကိုးတန်းတက်ရမှာ မဟုတ်လား။ ဒီတော့ နင် သင်ခဲ့ရတဲ့ ခုနှစ်တန်းဖတ်စာထဲက နောက်ဆုံးသင်ခန်းစာ လေးပုဒ်ကို အသေကျက်ပစ်လိုက်စမ်း၊ စမ်းတ၀ါးဝါး စဉ်းစားပြီး ဆိုနေရတာမျိုး မကျက်နဲ့။ အလီပေါင်းရွတ်နိုင်သလို၊ ဘုရားရှိခိုး သြကာသရွတ်နိုင်သလို ဒိုးဒိုးဒေါက်ဒေါက် ဆိုနိုင်အောင် ကျက်ပစ်လိုက်စမ်း။ အဲဒီခုနှစ်တန်းစာကို ရပြီးရင် နင် သင်ခဲ့ရတဲ့ ရှစ်တန်းဖတ်စာထဲက နောက်ဆုံးသင်ခန်းစာ လေးပုဒ်ကို အဲဒီလို နှုတ်တက်ရွရွ အသေပိုင်အောင် ကျက်ပစ်လိုက်စမ်း၊ နောက်ပြီး အဲဒီထဲက စကားလုံးတွေ၊ စာလုံးပေါင်းတွေကိုလည်း သေချာအဓိပ္ပါယ်ပါ မှတ်မိနေအောင် လုပ်စမ်း”
အဲဒီမိန်းကလေးကလည်း တကယ်ကို ယုံယုံကြည်ကြည်လုပ်ပါတယ်။ ပထမတော့ သူလည်း သူ့ဘာသာသူ တိုးတက်လာတာကို သိပ်မသိဘူးပေါ့။ နောက်တော့မှ ကိုယ်ပိုင်စာစီစာကုံးကလေးတွေကို ရေးလိုက်တဲ့အခါမှာ ပိုပြီး လွယ်လာတာကို သတိပြုမိလိုက်တယ်။ နောက်တော့ အားတက်လာပြီး ကြိုးစားပမ်းစား ကျက်မှတ်လိုက်တာ အတော်ကြီး တိုးတက်သွားပါတယ်။
သူ့ဘာသာသူ မသိလိုက်တဲ့ တိုးတက်မှုတစ်ခု ရှိသေးတာကို သူသိအောင် ပြောလိုက်မိပါသေးတယ်။ အဲဒါက နောက်ပိုင်း သူ အင်္ဂလိပ်စာ ဖတ်တဲ့အခါမှာ စကားအသုံးအနှုန်း အထားအသိုတွေကို ဖတ်နေရင်း အမှတ်မထင် သတိထားမိသွားတဲ့ အကျင့်ကလေးတွေကို ထူထောင်မိလျက်သား ဖြစ်သွားတာပါပဲ။
အခုတော့ တက္ကသိုလ်ရောက်နေပါပြီ။ သူ့မှာ အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ ဘာမှ အခက်အခဲ မကြုံတော့ပါဘူး။

 နည်းပင် ကောင်းသော်လည်း

အဲဒီနည်းလမ်းကို ကျောင်းသားတော်တော်များများကို ညွှန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သိပ်ပြီး မအောင်မြင်လှဘူး။ ပေါက်မြောက်သွားတဲ့ ကျောင်းသားဦးရေက နည်းတယ်လို့ ပြောနိုင်ပါတယ်။ နည်းလမ်းက မကောင်းလို့ မဟုတ်ပါဘူး။ တကယ် ယုံယုံကြည်ကြည် လုပ်တဲ့သူက နည်းလို့ပါပဲ။
သူတို့က ခုနှစ်တန်းသင်္ချာကို ပြန်ပြီးတွက်ရမှာ ၀န်လေးနေတတ်ကြတယ်။ ခုနှစ်တန်းအင်္ဂလိပ်စာကို အလွတ်ပြန်ပြီး ကျက်ရမှာ အဓိပ္ပါယ်သိပ်မရှိဘူးလို့ ထင်နေကြတယ်။ သေသေချာချာ ပြောပြထားလို့ တကယ်ကောင်းတဲ့နည်းပါပဲ ဆိုတာကို သိပေမဲ့ စိတ်ရှည်ဇွဲကောင်းစွာနဲ့ ပြီးမြောက်အောင် မလုပ်ချင်ကြဘူး။
အဲဒီမှာ တစ်ခု ထင်ရှားလာတာက လောကကြီးမှာ ဘ၀သတ္တိ ရှိတဲ့လူ အတော်လေးနည်းပါးတယ်ဆိုတာ ထင်ရှားလာပါတယ်။

မိန်းကလေးတွေကို လျှော့မတွက်နဲ့

မိန်းကလေးတွေကို အားနွဲ့သူ ဘာညာနဲ့ အောက်မေ့တတ်ကြတယ်။ ခွန်အားသာ နွဲ့ချင်နွဲ့မယ်၊ သတ္တိတော့ မနွဲ့ကြတာ အမှန်ပဲ။ ရှေ့ပိုင်းမှာလည်း မိန်းမတွေရဲ့ သတ္တိကို ရေးသင့်သလောက် ရေးခဲ့ပြီးပြီ။
ဒီနေရာမှာတော့ မင်းတို့ စာသင်ခန်းက မိန်းကလေးတွေအကြောင်းကို နည်းနည်းလောက် ညွှန်လိုက်ချင်ပါသေးတယ်။ မင်းတို့အတန်းထဲမှာ စာမေးပွဲမှာ ပထမ၊ ဒုတိယ စသည်ဖြင့် အဆင့်ကောင်း ချိန်နေသူတွေဟာ ယောက်ျားလေးတွေ ချည်းပဲ ဖြစ်နေသလား၊ မိန်းကလေးတွေလည်း မကြာခဏ ဗိုလ်စွဲနေတာပဲ မဟုတ်လား။
နောက်ပြီး ဆယ်တန်းစာမေးပွဲကို ကြည့်လိုက်ဦးမလား။ တစ်ပြည်လုံးက အောင်စာရင်း ထိပ်ပိုင်းက ငါးယောက်မှာ သုံးယောက်လောက်က မိန်းကလေးတွေ ဖြစ်နေတတ်တာပဲ မဟုတ်လား။ အခု ဒီစာကို ရေးနေတဲ့ (၁၉၉၀)ခု ဆယ်တန်းစာမေးပွဲအောင်စာရင်းမှာ တစ်ပြည်လုံး ပထမရတာကိုက မိန်းကလေး တစ်ယောက်ဖြစ်နေတာကို တွေ့ရတယ်။ ဒီတော့ မိန်းကလေးတွေဟာလည်း ဘ၀သတ္တိ ကောင်းကြတဲ့ နေရာမှာ ယောက်ျားလေးတွေထက် မညံ့ဘူးဆိုတာ ထင်ရှားမနေပေဘူးလား။

မိန်းမလျာဆိုသူတွေကကော

မိန်းကလေးတွေရဲ့ ဘ၀သတ္တိအကြောင်းကိုသာ မကဘူး၊ မိန်းမလျာတွေရဲ့ ဘ၀သတ္တိအကြောင်းကိုလည်း ပြောလိုက်ချင်သေးတယ်။ သူတို့တစ်တွေဟာ ဘ၀ကုသိုလ်ကြောင့် ပတ်ဝန်းကျင်လူအချို့ရဲ့ မထီမဲ့မြင်ပြုခြင်းခံရတဲ့ အခြေအနေကို ရောက်နေကြတာမှန်သော်လည်း ဘ၀သတ္တိမှာတော့ ပေါ့သေးသေး သဘောထားလို့ မရနိုင်ပါဘူး။ လူအများ မထီမဲ့မြင် ပြုပြင်ခံနေကြရတဲ့ ကြားထဲကကို ဘ၀ကို လှလှပပကြီး ရပ်တည်သွားနိုင်အောင် ၀ံ့ဝံ့စားစား ရင်ဆိုင်သွားကြတာကို မင်းတို့ ငါတို့ မျက်မြင်ပဲ မဟုတ်လား။
အလှပြင်တာတို့ မင်္ဂလာဆောင်အခမ်းအနား ပန်းအလှပြင်တာတို့၊ အလှူအတန်း ချက်ရေးပြုတ်ရေး စသည်တို့မှာ အလှူရှင်က တစ်ချက်မှ ပြန်လှည့်စရာ မလိုလောက်အောင် ပြည့်ပြည့်စုံစုံ တာဝန်ယူသွားနိုင်တာတို့ စတဲ့ အရည်အသွေးက ကြည့်လိုက်ရင် သူတို့ရဲ့သတ္တိဟာ တကယ်ကို လေးစားလောက်တယ်ဆိုတာ ထင်ရှားမလာပေဘူးလား။
ထို့ပြင် များသောအားဖြင့် သူတို့တစ်တွေဟာ မိဘကို လုပ်ကျွေးပြုစုဖို့ ၀တ္တရားမပျက်ကွက်ကြဘူး။ သားယောက်ျားရင့်မာကြီးတွေထက်တောင်မှ တာဝန်ကျေနိုင်ကြတာကို တွေ့ရတတ်တယ်။ တချို့ဆိုရင် ငွေကြေးဓန အခြေအနေ နိမ့်ပါးကြတယ်။ အဲဒီကြားထဲက ဈေးတောင်းခေါင်းရွက် စသည်အားဖြင့် ကြုံရာကျပန်းအလုပ်ကလေးတွေကို နေပူစပ် ခါးမရှောင် ပြေးလွှားရုန်းကန်ပြီး လုပ်ကျွေးကြတာကို တွေ့လိုက်ရတော့ ငါဖြင့် သူတို့သတ္တိကို မလေးစားပဲ မနေနိုင်တော့တာ အမှန်ပါပဲ။
မိန်းမလျာတွေ အခြောက်တွေပဲရယ်လို့ ရယ်သွမ်းသွေးကြသူတွေထဲမှာ မင်းလည်း ပါကောင်းပါနေလေမလား မသိဘူး။ ဒါပေမဲ့ ငါပြောခဲ့တဲ့ ရှုထောင့်ကနေပြီး တွက်လိုက်မယ်ဆိုရင် မင်းဟာ သူတို့လောက် ဘ၀သတ္တိကောင်း ပါသလားဆိုတာ ပြန်ပြီး သုံးသပ်ကြည့်စေချင်ပါတယ်။ သူတို့လို မဟုတ်ဘဲ ကြံ့ခိုင်မာကျောတဲ့ ယောက်ျားကောင်းကြီးတစ်ယောက် ဖြစ်နေရုံနဲ့ ဂုဏ်ယူစရာ မဟုတ်သေးဘူးဆိုတာကိုလည်း အထူးသတိပြုစေချင်ပါတယ်။
သူတို့ဟာ မိန်းမလျာ ဖြစ်နေတဲ့အတွက်ကြောင့် ပတ်ဝန်းကျင်က သူတို့ကို လူရာမသွင်းချင်သလို အခြေအနေမျိုးကို စတင်ပြီး ရင်ဆိုင်ကြရတာ။ တစ်နည်းအားဖြင့် အနုတ်လက္ခဏာနဲ့ ဘ၀ကို စတင်ရင်ဆိုင်ကြရတယ် ဆိုကြပါစို့ကွာ။ ဒီတော့ သူတို့စွမ်းရည်ကို ပတ်ဝန်းကျင်က အသိအမှတ် မပြုဘဲကို မနေနိုင်အောင် မင်းတို့ ငါတို့ထက် နှစ်ဆလောက်ပိုပြီး ကြိုးပမ်းကြရတယ်။ အပင်ပန်းခံကြရတယ်။
ဥပမာ …. မုန့်ဟင်းခါးချက်ရောင်းပြီဆိုရင် သူများထက် ပိုကောင်းအောင် ချက်ကြရတယ်။ မုန့်ကို သာသာထိုးထိုးလေး ပြင်ပေးကြရတယ်။ စားသုံးသူ စိတ်ကျေနပ်လောက်အောင် အပြောအဆို ဆက်ဆံရေးကစပြီး ဂရုစိုက်ကြရတယ်။
အလှပြင်ဆိုင် ဖွင့်လိုက်ပြီဆိုရင်လည်း ပစ္စည်းမျိုးစုံ သုံးနိုင်အောင်၊ ထည်ဝါအောင်၊ ကမ္ဘာ့အလှပြုပြင်မှုလုပ်ငန်းတွေကို မျက်ခြည်မပြတ် အမြဲခေတ်မီနေအောင်၊ တတ်နိုင်ရင် ခေတ်ရှေ့ပြေးနေအောင် ကြိုးစားကြရတယ်။
အဲဒီအပြင် ငါ သတိပြုမိတာက သူတို့ဟာ လုံ့လ၀ီရိယ အလွန်ကို ကောင်းကြတယ်။ မင်းတို့ ငါတို့ထက် ပိုတယ်။
ကဲ … စဉ်းစားကြည့်ကြပေါ့။ သူတို့တစ်တွေရဲ့ ဘ၀သတ္တိဟာ မင်းတို့ ငါတို့ထက် မလျော့ဘူးဆိုတာ ထင်ရှားမနေပေဘူးလား။ မင်းဟာ ယောကျာ်းလေး သို့မဟုတ် မိန်းကလေး ပီပီသသ ဖြစ်နေမယ်ဆိုရင် ပတ်ဝန်းကျင်က မင်းကို မထီမဲ့မြင် မပြုကြဘဲ ကြည်ကြည်သာသာ လက်ခံထားပြီး ဖြစ်နေတယ် မဟုတ်လား။ ဒီတော့ သူတို့လို အနုတ်လက္ခဏာနဲ့ စနေဖို့ မလိုပါဘူး။ အနုတ်လက္ခဏာနဲ့ စကြရတဲ့ သူတွေတောင်မှ လူတစ်လုံး သူတစ်လုံး လှလှပပ ရပ်တည်နိုင်သေးရင် မင်းတို့က ပိုပြီးအားတက်ဖို့ မကောင်းပေဘူးလား။

လူပျော့ကလေးတွေရဲ့ သတ္တိ

မင်းတို့စာသင်ခန်း အတန်းတွေမှာ မိန်းမလျာ မဟုတ်သော်လည်း ခပ်ပျော့ပျော့ နွဲ့တဲ့တဲ့ ကောင်လေးတွေကို တွေ့ကြရတတ်ပါတယ်။ လူပုံကလည်း ခပ်ပျော့ပျော့နဲ့ ရန်ဖြစ်ဖို့ ဘာဖို့ကိစ္စမျိုး ကြုံလာလိုက်ရင် အလျှော့ပေးသွား တတ်ကြတာမို့ သတ္တိနည်းသူတွေဖြစ်ကြောင်း အလွန်သိသာနေတတ်ပါတယ်။
ဒါပေမဲ့ လူပျော့ကလေးတချို့ဟာ အဲဒီလို ရန်ဖြစ်ဝံ့တဲ့ ကာယသတ္တိမျိုးမှာ နည်းပါးသော်လည်း စိတ်ဓါတ်သတ္တိမှာ အလွန်ခိုင်မာတတ်တာကို တွေ့ရတတ်ပါတယ်။ ပညာကိုတော့ တကယ်ကို ကြိုးစားကြပါတယ်။ စာမေးပွဲ အောင်ချင်လို့ဆိုတာမျိုးကို မဟုတ်တော့ဘူး။ သင်ခန်းစာ အခက်အခဲနဲ့ ကြုံလာရင် လုံးဝ အလျှော့မပေးဘဲ ဇွဲကောင်းကောင်းနဲ့ ရင်ဆိုင်ပစ်တတ်တဲ့ စိတ်ဓါတ်သတ္တိမျိုး သူတို့မှာ ရှိနေတတ်ကြပါတယ်။ အဲဒါမျိုးကို တွေ့လိုက်ရင် သတိထားပြီး မှတ်ထားကြည့်လိုက်ပါ။ လေးငါးဆယ်နှစ်လောက် စောင့်ကြည့်လိုက်စမ်းပါ။
သူတို့က ရန်မဖြစ်ဝံ့ကြသော်လည်း ဘ၀သတ္တိကောင်းကြသူများဖြစ်လို့ ဆယ်နှစ်လောက်ရှိတဲ့အခါမှာ ဘ၀အဆင့် အတော်လေး မြင့်သွားတတ်ကြပါတယ်။ လူမှုပတ်ဝန်းကျင်မှာ ရာထူးဂုဏ်ရှိန်အရဖြစ်စေ၊ ငွေကြေးသြဇာအရဖြစ်စေ၊ ပညာဂုဏ်ရည်အရဖြစ်စေ အဆင့်အတန်း မြင့်လာတဲ့အတွက်ကြောင့် ကျောင်းသားဘ၀မှာတုန်းက သူ့ကို မထီမဲ့မြင် အနိုင်ကျင့်ခဲ့ဖူးတဲ့သူတွေကတောင် တရိုတသေ ကျိုးနွံစွာ ဆက်ဆံနေကြတာကို တွေ့ရပါလိမ့်မယ်။ အဲဒါ ငါကိုယ်တိုင် သတိထားခဲ့မိတဲ့ တွေ့ရှိချက်တွေပါပဲ။
ဒီတော့ ဘ၀လမ်းတစ်လျှောက်လုံးအတွက်ကို ကြည့်လိုက်မယ်ဆိုရင် ကာယသတ္တိထက် စိတ်ဓါတ်သတ္တိဟာ ပိုပြီးတန်ဖိုးရှိတယ်ဆိုတာ ပေါ်မလာပေဘူးလား။ ဒါကြောင့် စိတ်ဓါတ်သတ္တိ၊ စာရိတ္တသတ္တိကို စာသင်ခန်းထဲကနေ စပြီး လေ့ကျင့်ထူထောင်ကြပါလို့ ခဏခဏ တိုက်တွန်းမိတာပါ။
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

နိဂုံးစကား

ငါပြောခဲ့သမျှတွေကို ပြန်ပြီး အကျဉ်းချုပ်လိုက်ရင်-
(၁)     မိဘထက် တစ်ဆင့်မြင့်တဲ့ဘ၀ကို ထူထောင်နိုင်စေရမယ်လို့ခိုင်ခိုင်မာမာ အဓိဋ္ဌာန်ပြုလိုက်ပါ။ ဆုမတောင်းပါနဲ့၊ ဆုပန်ပါ။
(၂)     ကိုယ့်ဘ၀ကို ဆွဲနှစ်နေတဲ့ အပေါင်းအသင်း ပတ်ဝန်းကျင်ကို စွန့်ခွာပစ်လိုက်ပါ။ ကောင်းတဲ့ ပတ်ဝန်းကျင်ကို သေချာရှာပြီး အစားထိုးနိုင်အောင် ကြိုးစားပါ။
(၃)     အဲဒါတွေအားလုံးကို လုပ်ဆောင်အောင်မြင်နိုင်ဖို့အတွက် လိုအပ်တဲ့ အခြေခံစွမ်းအင်ကတော့သတ္တိ ပါပဲ။
အဓိဋ္ဌာန်ပြုဝံ့ဖို့၊ ဆုပန်ဖို့ကလည်း သတ္တိပါပဲ။
မကောင်းတဲ့ ပတ်ဝန်းကျင်ကို စွန့်နိုင်ဖို့ကလည်း သတ္တိပါပဲ။
မကောင်းတဲ့ ပတ်ဝန်းကျင်မှာ တွေ့ရတတ်တဲ့ မိုက်မှားသော ကာမဂုဏ်အာရုံတွေကို ဖြတ်တောက်စွန့်ခွာနိုင်ဖို့ကလည်း သတ္တိပါပဲ။
သတ္တိမရှိတဲ့လူဟာ ဘာမှ မလုပ်ဝံ့ဘူး။ ဘာမှ မလုပ်ဝံ့ရင် ဘာမှ မဖြစ်နိုင်တော့ဘူး။
လောကကြီးမှာ ပေါ်ပေါက်လာသမျှသော ကောင်းမြတ်တဲ့ အရာဟူသမျှဟာ ကာယသတ္တိ၊ စာရိတ္တသတ္တိနှစ်မျိုးလုံး ပြည့်စုံတဲ့သူများက ဖန်တီးခဲ့တာတွေ ဖြစ်တယ်။
ဒါကြောင့် လောကကြီးတစ်ခုလုံးကလည်း သတ္တိကောင်းတဲ့ သူတွေကိုသာလျှင် အထင်ကြီးတယ်၊ သတ္တိကောင်းသူတွေကိုသာလျှင် သြဘာပေးလေ့ရှိတယ်။
ရုပ်ရှင်တို့ ဘာတို့မှာတောင် ကာယသတ္တိ၊ စိတ်ဓါတ်သတ္တိ ကောင်းတဲ့ ဇာတ်လိုက်ကိုသာလျှင် ပရိသတ်က သြဘာပေးတတ်ကြတာကို မမေ့ပါနဲ့။
ဒီလောကကြီးမှာ သတ္တိရှိတဲ့သူတွေသာလျှင် နေရာကောင်း ရှိပါတယ်။ သတ္တိရှိရင် ရှေ့တက်ပါ။ သတ္တိမရှိရင် နောက်ဆုတ်ပါ။ နေရာ ဖယ်ပေးလိုက်ပါ။
သစ်သားထဲကို သံချွန်ရိုက်သွင်းလိုက်တော့ ၀င်သွားတာဟာ သစ်သားကပျော့လို့ မာတဲ့သံချွန်အတွက် နေရာဖယ်ပေးလိုက်ရတာ ဖြစ်ကြောင်းကို သတိပြုပါ။ မင်းဟာ မာသလား၊ ပျော့သလား၊ မာရင် နေရာယူပါ။ ပျော့ရင် ဖယ်ပေးလိုက်ပါ။
ကာယသတ္တိကိုရော၊ စိတ်ဓါတ်သတ္တိကိုပါ ယဉ်ပါးအောင် လေ့ကျင့်မွေးမြူလို့ ရနိုင်တယ်ဆိုတာကို ယုံပါ။
ဒီတော့ မင်းရဲ့ဘ၀အောင်မြင်မှု၊ စာမေးပွဲအောင်မြင်မှု စတဲ့ ကိစ္စတွေအတွက် ပင်ပန်းမှာ၊ ဆင်းရဲမှာ၊ အပျော်အပါးစွန့်လွှတ်ရမှာကို လှမ်းတွေးပြီး ယဉ်ပါးနေအောင် စိတ်ကို လေ့ကျင့်ထားလို့ ရနိုင်တယ်ဆိုတာ ယုံပါ။
စိတ်ဓါတ်သတ္တိဟာ ဘ၀တိုးတက်မှုအတွက် ပိုမိုကြီးမားတဲ့ ခွန်းအားကို ပေးနိုင်တာမို့ စိတ်ဓါတ်သတ္တိကို ပိုပြီးမြတ်နိုးတန်ဖိုးထားပါလို့ တိုက်တွန်းလိုက်ရပါတယ်။
ဆုထူးဆုမြတ်ကို ပန်ဆင်သော ယောကျာ်းကောင်း မိန်းမမြတ်များ ဖြစ်ကြပါစေကုန်သတည်း။
မျိုးဆက်သစ်ကို အတိုင်းမသိ တန်ဖိုးထား မျှော်လင့်နေသော …
အောင်သင်း
မြန်မာသက္ကရာဇ် ၁၃၅၄ နှစ်ဆန်း ၁ ရက်
ကြာသပတေးနေ့  ၁၆-၄-၉၂

LWIN PWIN
NLABR
Web-site:                    www.nlabr.com
Blog:                          http://wanna23-23.blogspot.com/

0 comments:

Post a Comment