မြန်မာသတင်းများ မေလ ၀၄ ရက် ၂၀၁၂ ခုနှစ်


အမြင်မတူတာတွေကို ညှိနှိုင်းဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်တွင်း အမြင်မတူတာတွေကို ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောကြားလိုက်ပါတယ်။လွတ်တော်တွင်း ပါတီအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်း ဆောင်ရွက်ချင်တဲ့ ဆန္ဒတွေကို ဖော်ပြတာ တွေ့ရတယ်လို့ ဆိုပါတယ်။
"ကျွန်မတို့ လွှတ်တော်ထဲ ရောက်ပြီးသားဖြစ်နေတဲ့ ပါတီ အဖွဲ့အစည်းတော်တော်များများက ကိုယ်စားလှယ်တွေက လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုကြပါတယ်။ လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပြီးတော့ အားလုံးပူးပေါင်း ဆောင်ရွက်ချင်တဲ့ ဆန္ဒတွေကို ဖော်ပြကြပါတယ်။ အဲတာကတော့ ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ ကောင်းတဲ့ အလားအလာလို့ ကျွန်မထင်ပါတယ်"
မနေ့က  ကြည့်မြင်တိုင်မြို့နယ်၊ အထက် ကြည့်မြင်တိုင်ရပ်ကွက်၊ ဘောဂလမ်းက NLD ရုံးခန်း ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းပြောကြားစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပညာရေး၊ ကျန်းမာရေးနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ ပတ်သက်ပြီး လူထုကို ပြောကြားခဲ့ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်း ပညာတွေ သင်ကြားပေးဖို့ အရေးကြီးကြောင်း၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ ပတ်သက်ပြီး အဓိက လိုအပ်ချက်ဟာ အလုပ်အကိုင် ဖန်တီးပေးဖို့ ဖြစ်ကြောင်း၊ ဒီကိစ္စကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ NLD သဘာပတိအဖွဲ့နာယက ဦးတင်ဦး၊ သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်တို့ တက်ရောက်ခဲ့ကြပါတယ်။့ ရုံးခန်းဖွင့်ပွဲကို ပရိသတ် သောင်းနဲ့ချီ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


မြန်မာသတင်းလွတ်လပ်ခွင့် အားရစရာ မရှိသေး


ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် သီးခြား အခမ်းအနားတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ကျင်းပ ခဲ့ကြကြောင်း စာနယ်ဇင်း သမားတွေ၊ စာပေလောကသားတွေ စုပေါင်းပြီးတော့ ကိုယ့် အစီအစဉ်နဲ့ကိုယ် လွတ်လွတ်လပ်လပ် ကျင်းပခဲ့ကြတာပါ။ ဒီလိုလုပ်နိုင်တဲ့အပေါ် အားတက် ၀မ်းသာ ရှိကြတာနဲ့ တချိန်ထဲမှာပဲ မြန်မာနိုင်ငံက စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေဟာ တိုးတက်လာနေပြီ ဆိုတဲ့ အမြင်မျိုးနဲ့အတူ အားရကျေနပ်စရာ အဆင့်ထိတော့ မရောက်သေးဘူးဆိုတဲ့ အမြင်ကလည်း တွဲနေပါကြောင်း သိရသည်။


ဆင်ဆာ မရှိသင့်ဟု စာနယ်ဇင်းသမားများ တောင်းဆို 


မြန်မာနိုင်ငံတွင် သတင်းမီဒီယာများအား ဆင်ဆာ ဖြတ်တောက်သည့်စနစ် မရှိသင့်ကြောင်း ကြာသပတေးနေ့တွင် ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့တွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဖြစ်မြောက်ရေး ကော်မတီမှ သဘောထား ထုတ်ပြန်ကြေညာလိုက်သည်။

“သတင်းမီဒီယာများအား မှတ်ပုံတင်သည်မှ ပုံနှိပ် ဖြန့်ချိသည်အထိ အဆင့်တိုင်းတွင် ဆင်ဆာစနစ် မရှိသင့်ပါ” ဟုကြေညာချက်တွင် ဖေါ်ပြပါရှိသည်။ကော်မတီ၏ တွဲဘက်အတွင်းရေးမှူး (၃) Venus News Journal အယ်ဒီတာချုပ် ဦးမျိုးမင်းထိုက်က “ဘယ်စာစောင် မဆို စိစစ်ရေး မရှိဘဲနဲ့ ထုတ်ဝေခွင့် ရှိရပါမယ်။ အဲဒါကို ကျနော်တို့က တောင်းဆိုတာပါ” ဟု ပြောသည်။

ပုံနှိပ်မီဒီယာများနှင့် ပတ်သက်၍ အုပ်စုနှစ်စု ခွဲခြားထားပြီး အုပ်စု (၁) ‘ထုတ်/တင်’ အမျိုးအစားတွင် ပညာရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာတို့အပြင် အနုပညာ သုတရသ၊ ကျန်းမာရေး၊ အားကစား၊ ကလေး၊ နည်းပညာတို့ ပါဝင်ကာ  ဂျာနယ်နှင့် မဂ္ဂဇင်းပေါင်း ၁၇၈ စောင်ရှိသည်။

အုပ်စု (၂) ဖြစ်သည့် ‘တင်/ထုတ်’ အမျိုးအစားတွင်  သတင်း၊ ဘာသာရေး၊ မူခင်းတို့ ကျန်ရစ်ကာ ဂျာနယ်နှင့် မဂ္ဂဇင်းပေါင်း ၁၈ဝ ကျော်ကို ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးဌာနက စိစစ်ပြီးမှ ထုတ်ဝေခွင့်ပြုထားသည်။

ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် KIO ကချင်လွတ်လပ်ရေးအဖွဲ့ တို့အကြား တင်းမာမှုများဖြစ်ပေါ်နေသည့် အချို့သတင်းများကို စိစစ်ရေးမှ ထုတ်ဝေခွင့်မပြုကြောင်း ဦးမျိုးမင်းထိုက်က ပြောသည်။ သတင်းထောက်များ ပြည်တွင်းပြည်ပ သွားလာခွင့်များကို ကန့်သတ်မှုများ ရှိနေကြောင်းလည်း ၎င်းက ပြောသည်။

“ကျနော်တို့ သတင်းထောက်တွေ သင်တန်းတက်ဖို့ လျှောက်တယ်ဆိုရင် စိစစ်မှုများတယ်။ နိုင်ငံကူးလက်မှတ် လုပ်ဖို့က တော်တော် ခက်တယ်။ သာမန်လူတယောက်လို မဟုတ်ဘဲ အဆင့်များတယ်။ ဂျာနယ်တိုက်က
ထောက်ခံချက် တောင်းတာမျိုး၊ စာပေနဲ့ စာနယ်ဇင်း အဖွဲ့က ထောက်ခံချက် တောင်းတာမျိုး” ဟု ဦးမျိုးမင်းထိုက် က ပြောသည်။သတ္တုတွင်း ဝန်ကြီးဌာနမှ The Voice ဂျာနယ်ကို တရားစွဲဆိုထားမှုနှင့် ပတ်သက်၍လည်း စာနာထောက်ထားကြောင်း “လွတ်လပ်စွာ ရေးသားထုတ်လွှင့်ဖေါ်ပြခွင့်နှင့်ပတ်သက်၍ မီဒီယာများဖက်မှ ရပ်တည်သွားမည်” ဟု ကော်မတီကြေညာချက်တွင် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံသည် စာနယ်ဇင်း လွတ်လပ်မှု အဆိုးရွားဆုံး ကမ္ဘာ့ ၁ဝ နိုင်ငံ၏ အဆင့် ၇ တွင် ရှိနေသည်ဟု အမေရိကန် အခြေစိုက် ကမ္ဘာ့စာနယ်ဇင်းသမားများ ကာကွယ်ရေး ကော်မတီ CPJ ၏ ဗုဒ္ဓဟူးနေ့ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ထိုအစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ရုပ်သံ သတင်းမီဒီယာများကို ချုပ်ကိုင်ထားဆဲ ဖြစ်သကဲ့သို့ ပုံနှိပ်မီဒီယာများ ကိုလည်း အပတ်စဉ်သာ ထုတ်ဝေခွင့်ပြုထားပြီး နေ့စဉ် ထုတ်ဝေခွင့် မပြုသေးဟု ဖေါ်ပြထားသည်။မေလ ၃ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားကို ရန်ကုန်မြို့ Central Hotel တွင် သတင်းစာဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီက ကျင်းပခဲ့ပြီး စာနယ်ဇင်းသမား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြ သည်။

သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရုပ်သံ၊ အီလက်ထရောနစ် မီဒီယာတို့မှ အယ်ဒီတာများ၊ သတင်းထောက်များ၊ ကာတွန်း၊ ကဗျာ၊ ဒီဇိုင်း၊ သရုပ်ဖော်ပန်းချီ၊ စာပြင်ဆရာ စသည့် စာနယ်ဇင်းသမားများ စုပေါင်း၍ ပြည်တွင်း ပြည်ပမှ သတင်းစာ ဆရာများ ပါဝင်သော သီးခြား လွတ်လပ်သည့် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီကို ဧပြီလ ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတခုကို UNESCO နှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်မြို့ The Strand Hotel တွင် ပြုလုပ်ခဲ့သေးသည်။ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ကို ၁၉၉၂ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ကြီးမှ စတင် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။


ပြည်သူများ သတင်းရင်းမြစ် များများရရေး ဒု-ဝန်ကြီးပြော 


ပြည်သူလူထုအနေဖြင့် သတင်းအရင်းအမြစ် များများရရှိရန် အရေးကြီးကြောင်း မြန်မာနိုင်ငံ တွင် ပထမဆုံး ကျင်းပသည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် ပြန်ကြားရေး ဒု-ဝန်ကြီး ဦးစိုးဝင်း က
“စာနယ်ဇင်း လွတ်လပ်ခွင့် ရှိဘို့လိုသလို ပြည်သူ တဦးချင်းအနေနဲ့ သတင်းအချက်အလက်များကို မတူကွဲပြားတဲ့ သတင်းရင်းမြစ်များကနေ သတင်းများ ရရှိနိုင်ခွင့်ဟာလည်း အရေးကြီးတဲ့ အခြေခံ လူ့အခွင့်အရေး ဖြစ်တယ်ဆိုတာ ကျနော်တို့အားလုံး အသိအမှတ်ပြုဘို့ လိုအပ်ပါတယ်” ဟု  ဦးစိုးဝင်း က ပြောဆိုခဲ့ပြီး စာကြည့်တိုက်များကို Community Center များအဖြစ် အသုံးချနိုင်ရန်နှင့် စာကြည့်တိုက်များမှတဆင့် ကျောင်းပြင်ပ ပညာရေးများ သင်ကြားနိုင်ရန် ရည်ရွယ် လုပ်ဆောင်နေသည်ဟုလည်း ပြောဆိုသွားသည်။

မေလ ၃ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးဝန်ကြီးဌာနနှင့် UNESCO အဖွဲ့ကြီးတို့က ပူးပေါင်းကာ ရန်ကုန်မြို့ The Strand ဟိုတယ်တွင်ပြုလုပ်သည့် အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍လည်း “နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ကျင်းပရခြင်းဟာ ကျနော်တို့အားလုံး စာနယ်ဇင်း လွတ်လပ်ခွင့်ရဲ့ အရေးပါမှုနဲ့ စာနယ်ဇင်းသမားများ ကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်ချက်ကို အမှတ်ရစေဖို့ပဲ ဖြစ်ပါတယ်” ဟု ပြန်ကြားရေး ဒု-ဝန်ကြီး က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။

မီဒီယာဥပဒေ ဒုတိယမူကြမ်းကိုလည်း ဧပြီလ ၂၃ ရက်နေ့က ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ တင်ပြထားပြီး
ဖြစ်ကြောင်းလည်း ဒု-ဝန်ကြီးက ပြောသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်လှိုင် (လယ်တွင်းသားစောချစ်) ကလည်း စာပေလွတ်လပ်ခွင့်တွင် ၇၅ ရာခိုင်နှုန်းခန့် လွတ်လပ်စွာ ထုတ်ဝေခွင့် ရရှိနေပြီဟု သူက ခန့်မှန်းထားသည်။

“မိမိတို့ရဲ့ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ သြဇာကြီးမားမှုကို လွဲမှားစွာ အသုံးချခြင်း ကင်းအောင် ကြိုးစားကြရမှာ ဖြစ်တယ်” ဟု ဦးတင်လှိုင် က သတိပေး ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ပုံနှိပ်မီဒီယာများတွင် ဂျာနယ်နှင့် မဂ္ဂဇင်းပေါင်း ၁၇၈ စောင်ကို စာပေစိစစ်ရေးအား တင်ပြရန်မလိုဘဲ ထုတ်ဝေခွင့်ရရှိထားပြီး ဂျာနယ်နှင့် မဂ္ဂဇင်းပေါင်း ၁၈ဝ ကျော်ကို  စာပေစိစစ်ရေးဌာနက စိစစ်ပြီးမှ ထုတ်ဝေခွင့် ပြုထားသည်။

၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်များကို ကာကွယ်အာမခံပေးခဲ့သည်။ ၁၉၅ဝ ခုနှစ် အရပ်သား အစိုးရ လက်ထက် တွင် မြန်မာနိုင်ငံသည် အာရှတိုက် တခုလုံး၌ အလွတ်လပ်ဆုံး မီဒီယာလုပ်ငန်း ရှိခဲ့ပြီးနောက် မြန်မာ၊ တရုတ်၊ အင်္ဂလိပ်နှင့် အိန္ဒိယ ဘာစကားများအပါအဝင် သတင်းစာပေါင်း ၃ဝ ကျော်ရှိခဲ့ကြောင်း ပြည်သူ့ခေတ် အတိုင်ပင်ခံ အယ်ဒီတာ ဆရာမောင်ဝံသ က ပြောသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ တွင် “ပြဋ္ဌာန်းထားသည့် ဥပဒေများကို မဆန့်ကျင်လျှင်” နိုင်ငံသားတိုင်း လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရှိသည်ဟု ပါရှိသည်။ အသံလွှင့်မီဒီယာ နည်းဥပဒေ ဆွေးနွေးပွဲတခုကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် International Media Support တို့ ပူးတွဲ၍ နေပြည်တော်တွင် ဧပြီလ ၂၃ ရက်နေ့က ကျင်းပခဲ့ပြီး ပုံနှိပ်မီဒီယာ နည်းဥပဒေ ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့သည်။

ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ကျင်းပမည်

ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ (World Press Freedom Day 2012) အခမ်းအနားကို ရန်ကုန်မြို့ Central Hotel ၌ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီ Myanmar Journalists Association Organizing Committee (MJA)က  ယနေ့ကျင်းပမည်ဖြစ်ကြောင်း ဖိတ်စာများဖြန့်ဝေထားသည်။ ယင်းအခမ်းအနားသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ နှစ်စဉ် မေလ ၃ ရက်နေ့ကို ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO)က ၁၉၉၃ ခုနှစ်တွင် စတင် သတ်မှတ်ခြင်းဖြစ်သည်။


မှော်ဘီ အချိုရည်စက် အလုပ်သမားများ ဆန္ဒပြ

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ Myanmar Golden Star(MGS) အချိုရည်စက်ရုံ၌ အလုပ်သမား ၃၀၀ ကျော်က လုပ်အားခ တိုးမြှင့် ရရှိရေးအတွက် ယမန်နေ့က ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ ၎င်းတို့၏ လုပ်အားခကို အစိုးရ၀န်ထမ်းများကဲ့သို့ တလလျှင်ကျပ် ၃၀၀၀၀ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သော်လည်း ကုမ္ပဏီမှ တိုးပေးခြင်း မရှိသည့်အတွက် ဆန္ဒပြရခြင်းဖြစ်သည်ဟု ယင်း အလုပ် သမားများအား ကူညီဆောင်ရွက်ပေးနေသူ ၈၈ မျိုးဆက် ကျောင်းသားများ ပါတီ ၏ ခေါင်းဆောင် ဦးအေးလွင်က ပြောသည်။ ဆန္ဒပြသည့် နေရာသို့ အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ဖြေရှင်းပေးခဲ့သော်လည်း အလုပ်သမားများ၏ တောင်း ဆိုချက်နှင့် ကိုက်ညီမှု မရှိ၍ ယနေ့ ညနေတွင် ထပ်မံဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုင်း K-Bank နှင့် မြန်မာ AGD ဘဏ် ငွေလွှဲလုပ်ငန်း လုပ်မည်


ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ အဆင်ပြေချောမွေ့စွာ ငွေလွှဲနိုင်ရန်အတွက် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်လီမိတက်(AGD) သည် ထိုင်းနိုင်ငံ K-Bank (Kasikorn Bank) နှင့် ငွေလွှဲလုပ်ငန်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရသည်။ လုပ်ငန်း ပူး ပေါင်း ဆောင်ရွက်မည့် သဘောတူစာချုပ်ကို မေလ ၈ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။


မီးပူဖြင့် အကပ်ခံရသော မအေးယုအောင် အမှုဖွင့်ပြီ

အသက် ၁၅ နှစ် အရွယ်အိမ်ဖော် မအေးယုအောင်ကို ပဲခူးတိုင်း ပဲခူးမြို့ ဒုတိယမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးက မီးပူဖြင့် လက်ရောက်ကျူးလွန်သည့် အမှုကို ပဲခူးမြို့ အမှတ် ၃ ရဲစခန်းတွင် အင်္ဂါနေ့က အမှုဖွင့်လိုက်ကြောင်း သိရသည်။ မီးပူဖြင့် လက်ရောက်ကျူးလွန်ခဲ့သူ ဒေါ်ဖြူဝင်းသက်၊ အမှုဖျောက်ရန်ကြိုးစားသူ ဦးအောင်ဖုန်းဝင်း၊ အမှုတိုင်တန်းမှုကို ရှောင်လွှဲ၍ထိန်ချန်မှုဖြင့် နယ်မြေခံ အမှတ် ၃ ရဲစခန်းမှူး ဦးသိန်းဦး တို့အား အဓိကအမှုဖွင့်ခြင်းဖြစ်ကြောင်း မအေးယုအောင်၏မိခင် ဒေါ်ကြူကြူက ပြော သည်။ 

 

ပဲခူး တရားသူကြီး ဇနီးကို အမှုဖွင့်၊ တရားခံပျောက်ဆုံးနေဟု ရဲကပြော


အိမ်အကူအလုပ်သမ မအေးယုအောင်အား မီးပူဖြင့် လက်ရောက် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော ပဲခူးမြို့ ဒုတိယ မြို့နယ် တရားသူကြီး၏ ဇနီး ဒေါ်ဖြူဝင်းသက်ကို ကာယကံရှင်များက အမှုဖွင့် တိုင်ကြားထားသော်လည်း တရားခံမှာ ပျောက်ဆုံး နေကြောင်း ရဲကပြောသည်။ အသက် ၁၅ နှစ်အရွယ် မအေးယုအောင်က ၎င်းအား မီးပူဖြင့်ကပ်သည်ဟု ဆိုကာ အိမ်ရှင် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးကို ပဲခူးမြို့ နယ်မြေခံ အမှတ် ၃ ရဲစခန်းတွင် အင်္ဂါနေ့က အမှုဖွင့်တိုင်ကြားခဲ့သည်။သို့သော် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ရန် တရားခံဖြစ်သူ ဒေါ်ဖြူဝင်းသက်ကို ရှာမတွေ့တော့ကြောင်း အမှတ် ၃ ရဲစခန်းမှူး ဦးသိန်းဦး က ပြောသည်။

CNF ငြိမ်းအဖွဲ့ ချင်းပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေး


ချင်းပြည်နယ်အစိုးရနဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်အရ ချင်းအမျိုးသားတပ်ဦး CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ ဆက်ဆံရေးရုံး ထားရှိမယ့် ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့ ဘုံတလာ ခန်းမဆောင်မှာ ဒေသခံလူထု သုံးထောင်လောက်နဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ် ခေါင်းဆောင် ဒေါက်တာရွှေခါးက တက်ရောက်လာကြတဲ့ ပြည်သူတွေကိုအစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးအခုလိုရှင်းလင်းပြောဆိုခဲ့ပါတယ်
" အစိုးရသစ် တက်လာပြီးတဲ့နောက် နိုင်ငံရေးကိစ္စကို ဒီဆွေးနွေးပွဲမှာ ဆွေးနွေးရအောင် ဆိုတဲ့ဟာကို သူတို့ဘက်ကည်း လက်ခံတယ်။ အားလုံးသိတဲ့အတိုင်းပဲ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို လုပ်နိုင်ခဲ့တယ်။ တော်တော်များများ လူတွေကပြောကြတယ်။ အခုအစိုးရသစ်က အရင်တုန်းက အစိုးရခေတ်က လူတွေပဲ၊ ဘာဖြစ်လို့ အခုမှ သူတို့ဒီလို ပြောင်းလဲလာသလဲ။ ကျွန်တော်တို့ဘက်ကကော ယုံကြည်နိုင်စရာ ရှိသလား ဆိုတဲ့ဟာက တော်တော်များများ မေးကြတယ်။ တခါတလေကျလို့ရှိရင် သံသယစိတ်က နှစ်ဦးနှစ်ဘက်မှာ ရှိပါတယ်။ ငြိမ်းချမ်းရေး လိုချင်တော့ ဒီသံသယတွေကို ခဏလေး ထားဦး။ အချင်းချင်း စကားပြောကြမယ်။ အဲဒါကြောင့် ကျွန်တော်တို့ဘက်ကလည်း ဟုတ်ပြီ ဒါဆို စကားပြောတာပေါ့ ဆိုပြီးတော့ ကျွန်တော်တို့ စကားပြောခြင်းဖြစ်တယ်"
ဒီလိုအစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါမှာလည်း ချင်းအမျိုးသားတပ်ဦးရဲ့ ရပ်တည်ချက်ဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေး ဆိုတဲ့ အချက် (၃) ချက်ကို ကိုင်စွဲပြီး ဆွေးနွေးနေတာ ဖြစ်တယ်လို့လည်း ဒေါက်တာရွှေခါးက ပြည်သူလူထုကို ပြောဆိုပါတယ်။မတူပီမြို့နယ်ဟာ CNF ဆက်ဆံရေးရုံးတွေ ထားရှိမယ့် မြို့နယ် (၃) ခုထဲက တစ်နေရာဖြစ်ပါတယ်။ ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် (၁၇) ဦးတို့ဟာ မေလ (၇) ရက် နဲ့ (၈) ရက်နေ့မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။


စစ်ပြေးဒုက္ခသည်များကို ကုလကူညီမည့်အပေါ် KIO ကြိုဆို


ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ပြေးဒုက္ခသည်များကို ကုလသမဂ္ဂက အကူအညီများ ဆက်လက် ပေးမည်ဆိုသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ပြောဆိုချက်အား ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) က ကြိုဆိုလိုက်သည်။ စစ်ပြေး ဒုက္ခသည်များကို ပြန်လည်နေရာချထားပေးခြင်းနှင့် လူ့သားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးသွားရန်ရှိကြောင်း မေလ ၁ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့သည်။ KIO တွဲဖက်အတွင်းရေးမှူး ဦးလနန်က “ကုလသမဂ္ဂ အဖွဲ့အစည်းကနေပြီးတော့ လူ့သားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအတွက် လုပ်နေကြပါပြီ၊ ဆက်ပြီတော့ ကူညီပေးမယ်ဆိုတော့ ကချင်တိုင်းရင်းသားတွေသာ မကပါဘူး၊ စစ်ဘေးကြောင့် ဒီမှာ ဒုက္ခရောက်နေတဲ့ တိုင်းရင်းသားတွေအတွက် အများကြီး အထောက်အကူ ဖြစ်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် မတ်လကလည်း ကချင်ပြည်နယ် အတွင်းရှိ စစ်ပြေး ဒုက္ခသည်စခန်းများသို့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများက ဆန်၊ သောက်ရေသန့်၊ အမိုးအကာ စသည့်ပစ္စည်းများ လာရောက်ကူညီခဲ့ကြောင်း ၎င်းက ဆိုသည်။ကချင် စစ်ပြေးဒုက္ခသည်များအတွက် ရန်ကုန်အခြေစိုက် ကုလသမဂ္ဂအဖွဲ့တချို့က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ လိုင်ဇာဒေသသို့ ယမန်နှစ် ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ် စတင်၍ အိမ်သုံးပစ္စည်းများနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကော့သောင်း ဆီအုန်းခြံ အလုပ်သမားများ လစာပြည့် မရကြ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်ရှိ ယုဇန ကုမ္ပဏီပိုင် ဆီအုန်းခြံမှ အလုပ်သမား ငါးသောင်းကျော် နှစ်နှင့်ချီ၍ လုပ်အားခများ အပြည့်အဝ မရရှိကြသည့်အတွက် ကုမ္ပဏီအား တရားစွဲရန် စီစဉ်နေကြောင်း
အလုပ်သမားတဦးအတွက် ၁၅ ရက် တကြိမ် ရိက္ခာနှင့် စားစရိတ် ၆,၀၀၀ ကျပ်သာ ထုတ်ပေးပြီး ကျန်သည့် လုပ်အားခ ကို ထုတ်မပေးသည့်အတွက် ဒီမိုကရက်တစ်ပါတီ (မြန်မာ) တနင်္သာရီတိုင်း စည်းရုံးရေးမှူး ကိုသန်းထွန်း၏ အကူအညီဖြင့် ကုမ္ပဏီကို တရားစွဲရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေး အလုပ်သမားများအား တနေ့ ကျပ် ၂,၀၀၀ နှုန်း၊ တောရှင်း အလုပ်သမားများအား တဧက ကျပ် ၄၅,၀၀၀ နှုန်းဖြင့် ပေးရန် ကုမ္ပဏီနှင့် သဘောတူထားခဲ့သော်လည်း စိုက်ပျိုးရေး အလုပ်သမားများမှာ ၆ လကျော်၊ တောရှင်း အလုပ်သမားများမှ နှစ်ချီ လုပ်အားခအပြည့် မရရှိသေးကြောင်း
ဗုဒ္ဓဟူးနေ့တွင် ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့် ကော့သောင်းမြို့သို့ ရောက်ရှိလာကာ အလုပ်သမားများအား စနေနေ့တွင် လုပ်အားခ ရှင်းပေးမည် ဖြစ်ပြီး ကုမ္ပဏီကို တရားမစွဲရန် ကန်ထရိုက်တာ ဦးကျော်ကျော်မှ တဆင့် မေတ္တာရပ်ခံလာ ခဲ့ကြောင်း အကယ်၍ ကုမ္ပဏီက မေတ္တာရပ်ခံထားသည့်အတိုင်း လုပ်ဆောင်မပေးပါက ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) သို့ တိုင်ကြားရန်အတွက်လည်း ပြင်ဆင်ထားကြောင်း

ဧက ၅ သိန်းခွဲခန့် ရှိပြီး အလုပ်သမား တသိန်းကျော် ရှိသည့် မြိတ်မြို့နယ် ပြည်သူ့ လွှတ်တော် အမတ် စီးပွားရေး လုပ်ငန်းရှင် ဦးဌေးမြင့်ပိုင် ဆီအုန်းခြံသည် တနင်္သာရီ ရိုးမ အနောက်ဘက် ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နယ်ခွဲ ရှိ ပါချန် သစ်တောကြိုးဝိုင်း အတွင်းတွင် ရှိကြောင်းဆီအုန်းခြံရှိ အလုပ်သမား အများစုမှာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ် စသည်တို့မှ ဖြစ်ကြပြီး လုပ်အားခ ပုံမှန်မရခြင်း၊ ကျန်းမာရေး ခံစားခွင့် လုံလောက်စွာ မရရှိခြင်း တို့ကြောင့် အလုပ်သမားများ ထွက်ပြေးမှု မကြာခဏ ဖြစ်ပေါ်နေကြောင်းအချို့ အလုပ်သမားများမှာ နေရပ်သို့ ပြန်လိုကြသော်လည်း ကျန်ရှိသည့် လစာငွေများကို ရှင်းပေးခြင်း မရှိသေးသည့် အတွက် နေရပ်သို့ ပြန်ရန် အခက်အခဲ ကြုံနေကြကြောင်းလည်း သိရှိရသည်။

ကနေဒါလွှတ်တော်မှာ မြန်မာ့လူ့အခွင့်အရေး အခြေအနေ ကြားနာ

 

ကနေဒါနိုင်ငံ အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီက ကြီးမှူးပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်တဲ့ ကြားနာပွဲ တစ်ရပ် မနေ့က ကျင်းပခဲ့ပါတယ်။

သြစတြေးလျရောက် NLD လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးရာများ လေ့လာ

 

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သြစတြေးလျနိုင်ငံကို ရောက်ရှိလာတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD လွှတ်တော် ကိုယ်စားလှယ် သုံးဦးဟာ နိုင်ငံရေးမူဝါဒဆိုင်ရာ ဘာသာရပ်တွေကို ရက်တိုသင်တန်းအဖြစ် ဆစ်ဒနီ တက္ကသိုလ်တစ်ခုမှာ တက်ရောက် လေ့လာနေကြကြောင်း လေ့လာရေးခရီးစဉ်မှာ ပါဝင်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က ပြောပါတယ်။

အရှင်ဂန္ဘီရ ဆေးကုသခွင့် အငြင်းခံရ

 

ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ အရှင်ဂန္ဘီရကို ဆေးဝါးကုသပေးနေတဲ့ မိတ္တီလာမြို့က စိတ်ရောဂါ အထူးကုဆရာဝန်ကြီး ဦးမြင့်ဆွေက ဆက်လက် ဆေးဝါးကုသ မပေးနိုင်တော့ကြောင်း ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များ ဥရောပသို့ လေ့လာရေးသွားမည်


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဟာ အခုရက်ပိုင်းအတွင်း ဥရောပတိုက် နိုင်ငံတွေကို ပထမဆုံးအကြိမ်အဖြစ် လေ့လာရေး ခရီးသွားရောက်မယ်လို့ နေပြည်တော် လွှတ်တော်အမတ်တွေက မနေ့က အတည်ပြု ပြောဆိုပါတယ်။

တိုက်ပွဲတွေကြောင့် လုံခြုံရေးအထူးသတိထားဖို့ တရုတ်နိုင်ငံသားတွေကို သတိပေး

 

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်နေတာကြောင့် တရုတ်နိုင်ငံ ကုမ္ပဏီတွေ၊ နိုင်ငံသားတွေ အနေနဲ့ လုံခြုံရေး အထူးသတိထားကြဖို့ တရုတ်အစိုးရ ကုန်သွယ်ရေး ၀န်ကြီးဌာနက မနေ့က သတိပေးလိုက်ပါတယ်။

မန္တလေးတွင် လေပြင်းကျ၍ စက်လှေများနစ်မြုပ်


မန္တလေးမြို့တွင် ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းက လေပြင်း တိုက်ခတ်မှုကြောင့် ဧရာဝတီ မြစ်အတွင်း၌ မော်တော် (ရေယာဉ်) ၈ စီး နစ်မြုပ်ခဲ့ပြီး ၄ စီး မှာ ရေစီးနှင့် မျောပါသွားသည်။ နစ်မြုပ်ခဲ့သည့် စက်လှေများမှာ အများအားဖြင့် ဧရာဝတီမြစ်အတွင်း ဒေသထွက်ကုန်များကို သယ်ပို့နေသော မော်တော်များဖြစ်သည်။
ဧရာဝတီမြစ်အတွင်း သွားလာရင်း လေပြင်းတိုက်ခတ်မှုကြောင့် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာကာ လှေများနစ်မြုပ်ရခြင်း ဖြစ် ကြောင်း သိရှိရသည်။


LWIN PWIN
NLABR
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  


0 comments:

Post a Comment