မြန်မာသတင်းများ မေလ ၀၁ ရက် ၂၀၁၂ ခုနှစ်

NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို



မြန်မာသတင်းများ         မေလ ၀၁ ရက် ၂၀၁၂ ခုနှစ်


NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို

NLD ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲကို အပျော့ပြောင်းဆုံး နည်းလမ်းနဲ့ ဖြေရှင်းလိုက်တာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ခက်ခက်ခဲခဲ ချလိုက်ရတဲ့ ဆုံးဖြတ်ချက်ဆိုတာ နားလည် သဘောပေါက်ပါတယ် လို့လည်း ပြောဆိုပါတယ်။
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ဘန်ကီမွန်းက - ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ အတွက် စစ်မှန်ခိုင်မာတဲ့ democracy ခေါင်းဆောင်တဦး ဖြစ်ကြောင်း၊ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို လေးစား တန်ဖိုးထားပါကြောင်း မစ္စတာ ဘန်ကီမွန်းက ပြောသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သာ လွှတ်တော်ထဲ ရောက်သွားမယ် ဆိုရင် အရေးပါပြီး အပြု သဘောဆောင်တဲ့ အခန်းကဏ္ဍ ကနေ ပါဝင်လာနိုင်မှာ ဖြစ်သလို မြန်မာနိုင်ငံ အတွက် အကောင်းဆုံး လုပ်ငန်းစဉ်တွေကို စတင်နိုင်မှာ ဖြစ်တယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက ပြောဆိုပါတယ်။

NLD သဘောထားပျော့ပြောင်းမှု ဘန်ကီမွန်း ချီးကျူး

မနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲ မှာ စစ်မှန်တဲ့ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့လူထုအကျိုးအတွက် အလျှော့အတင်း လုပ်ပေးကြ စမြဲ ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Ban Ki Moon ကပြောလိုက်ပါတယ်၊ မြန်မာနိုင်ငံကို ၃ ရက်ခရီးလာခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံအပြီးမှာ ခုလိုပြောလိုက်တာဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကလည်း အလျှော့အတင်း လုပ်တယ်ဆိုတာဟာ NLD အသစ်အဆန်းမဟုတ်ဘဲ လွန်ခဲ့တဲ့ ၂၃ နှစ်လုံး အလျှော့အတင်း လုပ်လာခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်၊ ဆက်ပြီး၊
မြန်မာနိုင်ငံနိုင်ငံရေးအပြောင်းအလဲကို ကိုယ်တိုင်လာရောက် အကဲခတ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဟာ ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ခဲ့ပြီးနောက်မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်၊ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ စိန်ခေါ်မှုတွေရှိနေဆဲဖြစ်ပေမဲ့ ရှေ့ဆက် အပြောင်းအလဲတွေလုပ်သွားဖို့ လိုအပ်တဲ့ အကြောင်းကို အတွင်းရေးမှုးချုပ် Ban Ki Moon က ပြောကြားခဲ့ပါတယ်၊
-      လုပ်ငန်းစဉ်တွေက ခက်ခဲနိုင်ပါတယ်။ စိန်ခေါ်မှုတွေလည်း အများကြီးရှိနေပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ နောက်ပြန်မလှည့်ဘဲ ရှေ့ဆက်သွားသင့်ပါတယ်။ ရှေ့ဆက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေးဆောင်ရွက်မှုတွေမှာ ပါဝင်ချင်စိတ် ရှိသူ တွေကို ကျနော်တို့က ကူညီ အားပေးသွားမှာ ဖြစ်ပါတယ်။
လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေရောက်ဖို့ သမ္မတဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည် ပါ တော်တော်လေး လုပ်ခဲ့ကြရပြီး နောက်ထပ်တိုးတက်မှုတွေဖြစ်အောင်လုပ်သွားမယ်လို့ သူ့အနေနဲ့ ယုံကြည်လက်ခံတယ်ဆိုတာကိုလဲ Mr. Ban Ki Moon က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်၊ ကျန်းသစ္စာကျိန်ဆိုရာမှာ အသုံးအနှုန်းကို လက်မခံနိုင်ပေမဲ့ ပြည်သူတွေအကျိုးအတွက် အလျှော့ပေးပြီး NLD ကလွှတ်တော်တက်မယ်လို့ ဆုံးဖြတ်ချက်ချခဲတာကိုလဲ ခုလို ချီးကျူးပါတယ်၊
-      ဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ရမယ်ဆိုတာကို နားလည်ပါတယ်၊ နိုင်ငံရေးသမားတွေ ဆိုတာ  တချို့ကိစ္စတွေအပေါ်မှာ သဘောထားအမြင် မတူတာမျိုးရှိတတ်ကြပါတယ်၊ ဒါပေမဲ့ စစ်မှန်တဲ့ ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့လူထုအကျိုးအတွက် အလျှော့အတင်း လုပ်ပေး ကြစမြဲဖြစ် ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဒီလို ဆုံးဖြတ်ချက်ချတဲ့ အတွက် လေးစားပါ တယ်၊ ဒေါ်အောင်ဆန်းစုကြည် ဟာ လွှတ်တော်အမတ် တယောက် အနေနဲ့ မြန်မာနိုင်ငံအတွက် ထိရောက်နဲ့ အပြုသဘောဆောင်ရွက်မှုတွေကိုလုပ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊
ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ညင်သာပျော့ပြောင်းမှုရှိရမယ်လို့ NLD က အမြဲလက်ခံထားတယ်လို့ ပြောပါတယ်၊
-      နိုင်ငံရေးလုပ်ငန်းစဉ်တွေကို လုပ်တဲ့အခါမှာ ပြုနိုင် ပြင်နိုင်ရမယ်ဆိုတာကို ကျွန်မတို့က အမြဲ လက်ခံထားပါတယ်၊ အခုလွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာလို့  ပျော့ပြောင်း ညင်သာဖို့ လိုပြီလို့ သဘောထားတာ မဟုတ်ပါဘူး၊ ကျွန်မတို့ နိုင်ငံရေးအရ ရုန်းကန်ခဲ့တဲ့ ကာလ တလျှောက်လုံးမှာ ဒီအချက်ကို လက်ခံယုံကြည်ခဲ့ကြတာပါ၊ ကျွန်မတို့ရည်မှန်းချက်တွေကို အကြမ်းမဖက်တဲ့နည်းနဲ့ ရနိုင်ဖို့ ကလဲ ဒီတနည်းနဲ့ပဲရနိုင်မှာပါ၊ ဒါကြောင့် လွှတ်တော် တက်တော့မှာမို့ ပြုနိုင် ပြင်နိုင်တဲ့ထုံးကို လက်ကိုင် ထားလိုက်တယ်လို့ ပြောလို့ မရပါဘူး၊ လွန်ခဲ့တဲ့ ၂၃ နှစ်ကျော်ကာလ တလျှောက်လုံးမှာ ဒီထုံးကို ကျွန်မ တို့ရဲ့ နိုင်ငံရေး နည်းနာတခု အဖြစ်နဲ့ သုံးလာခဲ့တာဖြစ်ပါတယ်၊
ရှေ့လာမဲ့ လတွေ နှစ်တွေမှာ နိုင်ငံရေးသမားတွေဆုံးဖြတ်မဲ့ဆုံးဖြတ်ချက်တွေဟာ နောင် မျိုးဆက်ပေါင်း များစွာရဲ့ အနာဂါတ်ကို ပုံဖော်မှာဖြစ်လို့ အင်မတန်အရေးကြီးတဲ့ကာလကို နိုင်ငံရေးသမားတွေ ဖြတ်သန်း ရမှာဖြစ်တယ်၊ ရဲ့ရင့် ပြတ်သားမှု၊ ခေါင်းဆောင်မှု၊ အပေးအယူလုပ်မှုတွေ လိုအပ်တယ် ဆိုတာကိုလည်း ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က အလေးထား ပြောသွားခဲ့ ပါတယ်၊  ဒီမိုကရေစီလမ်းကိုလျှောက်နေတဲ့ မြန်မာပြည်သူတွေအတွက်လည်း ဆက်လက် အားပေးသွားမယ်လို့ ဆိုပါတယ်၊
-      မြန်မာပြည်သူတွေနဲ့ အစိုးရဟာ ပြုပြင်ပြောင်းလဲရေးလမ်းပေါ်ရောက်နေကြပါပြီ၊ အားလုံး ပါဝင်ခွင့် ရှိတဲ့ ဒီမိုကရေစီကိုလဲမြတ်နိုးကြပါတယ်၊ သူတို့အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံး ရဲ့ ထောက်ခံ အားပေးမှုကို ရသင့်ပါတယ်၊ ကုလသမဂ္ဂ အနေနဲ့ မြန်မာပြည်သူတွေနဲ့ ခြေလှမ်းတိုင်းမှာ အတူလက်တွဲပြီး တတ်နိုင်သမျှ ဆက်ပြီး ရပ်တည်သွားမှာဖြစ်ပါတယ်၊
ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတဲ့ မြန်မာအစိုးရအပေါ် နိုင်ငံတွေက ကူညီထောက်ပံ့မှုတွေ ပိုပြီး ပေးလာနေ ကြပါတယ်၊ ဒီအကူအညီတွေဟာ ပြည်သူတွေအတွက် အကျိုးရှိဖို့ လိုတယ်ဆိုတာ ကိုတော့ ဒေါ်အောင်ဆန်းစုကြည် က ခုလို ပြောခဲ့ပါတယ်၊
-      မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအတွက် အကူအညီပဲပေးပေး၊ လူသားချင်းစာနာမှုအတွက် အကူအညီ ပဲ ပေးပေး၊ ပြည်သူတွေရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ အစွမ်းအစတွေတိုးတက်ရေး၊ အစိုးရအပေါ် မှီခိုမှု နည်းသွား နိုင်ရေးတွေမှာ ဒီထောက်ပံ့မှုတွေကို သုံးသင့်ပါတယ်၊ ဒါမှသာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဆောင်ရွက် မှုတွေဟာ လမ်းမှန်ပေါ် ရောက်ဖို့ အာမခံနိုင်မှာပါ၊ ခုလို ကျွန်မရဲ့ စိုးရိမ်မှုကို လည်း အတွင်းရေးမှုးချုပ် နားလည်မယ်လို့ ထင်ပါတယ်၊

ဦးသိန်းစိန်နှင့် ဒေါ်စုအား မစ္စတာဘန်ကီမွန်း ချီးကျူး

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အရည်အချင်း ပြည့်ဝသော
နိုင်ငံ့ခေါင်းဆောင်များအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း က တနင်္လာနေ့တွင် ချီးကျူးပြောဆိုလိုက်သည်။

နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ နေ့လည် ၁၂ နာရီခန့်က တက်ရောက် မိန့်ခွန်းပြောကြားခဲ့စဉ် ထိုသို့ ထည့်သွင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နိုင်ငံတော်အကျိုးအတွက် နိုင်ငံရေးကို ကျော်လွှားနိုင်တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနှင့် နိုင်ငံ့ခေါင်းဆောင် အရည်အချင်း ပြည့်ဝမှုကို ဖော်ဆောင်ပြသနိုင်ခဲ့သည်”ဟု အတွင်းရေးမှူးချုပ်က ပြောဆိုသွားသည်။
ထို့ပြင် မြန်မာနိုင်ငံအပေါ် နိုင်ငံအချို့မှ အရေးယူ ပိတ်ဆို့မှုများအား ပိုမိုလျှော့ပေါ့ ပိုမိုဖွင့်ပေးကြရန် တိုက်တွန်းတောင်းဆိုလိုက်သည်။

“ဒီကနေ့ ကျနော်က အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းကို ပိတ်ဆို့မှုအပေါင်းကို ဖယ်ရှားခြင်း၊ လျှော့ပေါ့ခြင်း၊ ဆိုင်းငံ့ခြင်းတို့ကို ပိုမိုဆောင်ရွက်ကြပါရန် တောင်းဆိုလိုပါတယ်” ဟု မစ္စတာဘန်ကီမွန်း က ပြောသည်။

မြန်မာနိုင်ငံသို့ သုံးရက်ကြာခရီးအဖြစ် တနင်္ဂနွေနေ့က ရောက်ရှိလာခဲ့သော မစ္စတာဘန်ကီမွန်းက “ပြုပြင်ပြောင်းလဲမှုရဲ့ အကောင်းဆုံးအားပေးမှုက ထောက်ပံ့မှုမှာ ရင်းနှီးမြှုပ်နှံခြင်းပဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ လွှတ်တော်ဟာ အကူအညီ ထောက်ပံ့ခြင်းကို ဖြစ်စေတဲ့ အခြေအနေများ ဖန်တီးရမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် မိန့်ခွန်းတွင် ဆက်လက် ပြောကြားသွားသည်။

သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့် မနက်ပိုင်းတွင် သီးခြားစီ တွေ့ဆုံခဲ့ပြီးနောက်ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်မိန့်ခွန်း မြွက်ကြားခဲ့ခြင်း ဖြစ်သည်။
အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအား အပြည့်အဝ ဖော်ဆောင်နိုင်ရန်အတွက် တိုးတက်ရန် လိုနေသေးသည်များ လည်း ထောက်ပြပြောဆိုသွားခဲ့သေးသည်။

“ဥပမာ ရွှေ့ပြောင်းခံရသော လူထုများ၊ တိုင်းရင်းသားလူမျိုးစုနှင့် နိုင်ငံရေးအဖွဲ့များအတွက် လုံခြုံရေး အာမခံခြင်းနှင့်နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းတို့ ဖြစ်ပါတယ်” ဟု မစ္စတာဘန်ကီမွန်း က ဆိုသည်။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း ကျန်ရှိနေသေးသည့် ကချင်လွတ်လပ်ရေးအဖွဲ့နှင့် သဘောတူညီမှုမရသေးသည့်အပေါ်တွင်လည်း “ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ဖော်ဆောင်စေမယ့် အပစ်အခတ်ရပ်စဲမှုနှင့် နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ သဘောတူညီချက် အခွင့်အလမ်းကို ကချင်လူမျိုးစုတွေ မဆုံးရှုံးသင့်ပါ” ဟု ထောက်ပြ ပြောဆိုသွားခဲ့သည်။

လူသားချင်းစာနာသည့် အကူအညီများ ပေးအပ်ရန်အတွက် ကချင်ပြည်နယ်တွင်း ကုလသမဂ္ဂအဖွဲ့အစည်းများ သွားလာခွင့်ပြုသည့်အပေါ်လည်း မစ္စတာဘန်ကီမွန်းက မြန်မာအစိုးရကို အသိအမှတ်ပြုပေးခဲ့သည်။
မြန်မာနိုင်ငံ၏ ရှေ့ခရီးတွင် နိုင်ငံတကာမျက်နှာစာ၌ မှတ်ကျောက်ကြီးနှစ်ခု ရှိနေပြီး ၎င်းတို့မှာ ၂ဝ၁၄ ခုနှစ်အတွင်း အာဆီယံ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းယူခြင်းနှင့် ၂ဝ၁၅ ခုနှစ်အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပခြင်းတို့ဖြစ်သည်ဟု ဆိုသည်။

၂ဝ၁၄ ခုနှစ်တွင် နှစ်ပေါင်း ၃၁ အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ခံရေး အတွက်လည်း ကုလသမဂ္ဂ အဖွဲ့အစည်းများအနေနှင့် ပူးပေါင်း ပါဝင်ကူညီရန် အတွင်းရေးမှူးချုပ်က တနင်္လာနေ့တွင်ပင် သဘောတူ လက်မှတ်ရေးထိုးသွားခဲ့သည်။
မြန်မာ့လူဦးရေ ခန့်မှန်းချက်များမှာ နိုင်ငံတကာအဖွဲ့အစည်းများအကြား တခုနှင့်တခု တူညီမှု မရှိခဲ့ကြပေ။ ကမ္ဘာ့ဘဏ် ကိန်းဂဏန်းအရ ၄၈ သန်းဟု ခန့်မှန်းပြီး အာရှဖွဲ့ဖြိုးရေးဘဏ်က သန်း ၆၀ ဟု ခန်ပမှန်းက နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကြီးကမူ ၆၄ သန်းဟု မြန်မာနိုင်ငံ လူဦးရေအား ခန့်မှန်းထားကြသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုများရှိရာ ရှမ်းပြည်နယ်သို့လည်း သွားရောက်ကြည့်ရှု လေ့လာဦးမည် ဖြစ်သည်။ ကုလသမဂ္ဂ HIV/AIDS အစီအစဉ်၏ အဆိုအရ မြန်မာနိုင်ငံသည် အာဖကန်နစ္စတန် ပြီးလျှင် ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ကာ မူးယစ်ဆေးသုံးစွဲသူ ပိုမိုများပြားလာလျက်ရှိပြီး အာရှတိုက်တွင် HIV ကူးစက်မှု တတိယအများဆုံးနိုင်ငံအဖြစ် တည်ရှိနေသည်။

လွှတ်တော် တက်ဖို့ ဒေါ်စု ဆုံးဖြတ်ချက် နိုင်ငံတကာ ကြိုဆို

လာမယ့် လွှတ်တော်အစည်းအဝေးတွေကို တတ်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ ဆုံးဖြတ်လိုက်တာကြောင့်၊ အနာဂတ် မြန်မာ့ဒီမိုကရေစီရေးအတွက် အစိုးရနဲ့ အဖွဲ့ချုပ်အကြား ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်နိုင်မယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက မျှော်လင့်ကြပါတယ်။ ရှေ့ဆက် အကဲစမ်းမှုတွေ ထပ်ကြုံရနိုင်ပေမယ့်၊ ဒါတွေကို နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုနဲ့ကျော်လွှားနိုင်မယ်လို့လည်း မျှော်လင့်ကြောင်း
ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော်ဝင်ဖို့ ဆုံးဖြတ် လိုက်တာကြောင့် တင်းမာနေတဲ့ အခြေအနေတခု ပြေလည်သွားပြီး၊ အာဏာပိုင် နဲ့ အဖွဲ့ချုပ် အကြား ပူးပေါင်း ဆောင်ရွက်မှု တွေ ပိုလုပ်လာနိုင်မယ်လို့ ပြည်တွင်းရော ပြည်ပမှာပါ ယူဆမှုတွေရှိပါတယ်။ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကျမ်းသစ္စာဆိုရမယ့် စာပိုဒ်မှာ ဖွဲ့စည်းပုံကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ပါ့မယ်ဆိုတဲ့ စကားရပ် အစား၊ လေးစား လိုက်နာပါ့မယ်လို့ အဖွဲ့ချုပ်ဖက်က ပြင်ဆင်ဖို့လိုလားခဲ့တာပါ။ ဒီအတွက်လည်း လွှတ်တော် မတက်ပဲ ရက်အတန်ကြာ အခြေအနေတွေ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေရာကနေ၊ အခုတော့ တစုံတရာ ပြေလည်သွားပြီလို့ ပြောနိုင်ပါတယ်။ အခုလို နှစ်ဖက်အကြား ပူးပေါင်း ဆောင်ရွက်မှု အခြေအနေတွေ ဆက်ပြီး ရှိနေလိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စု အနေ နဲ့ မျှော်လင့်တဲ့ ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့အာရှဒေသဆိုင်ရာ ပြောခွင့်ရသူ ဒါရယ် ပါရာဒီဆို (Darragh Paradiso) က ပြောကြောင်း သိရသည်။

 NLD – ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီအမတ်များ မေလတွင် လွှတ်တော်တက်မည်


လွှတ်တော်တက်မယ့်အမတ်များအတွက် အခြေခံဥပဒေပါကျမ်းကျိန်လွှာက စကားအသုံးအနှုန်းပြင်ဆင်နိုင်ရေး ကြန့်ကြာမှုကြောင့် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီအမတ်များက ဧပြီလ ၂၃ လွှတ်တော်ညီလာခံကို တက်ရောက်ခြင်းမရှိခဲ့သော်လည်း ယခုအခါတွင် လွှတ်တော်သို့ တက်ရောက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဧပြီ ၃၀၊ ပါတီရုံးချုပ် သတင်းစာရှင်းလင်းပွဲမှ ထုတ်ပြန်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က စကားလုံးပြုပြင်ရေးအတွက်ကြန့်ကြာနေမှုများနောက်ပိုင်း ယခုကဲ့သို့ လွှတ်တော်တက်ရန် ဆုံးဖြတ်ခြင်းနဲ့ ပတ်သက်ပြီး မေးခွန်းဖြေကြားရာတွင် …
“အလျှော့ပေးလိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ” ဟု ဖြေကြားသည်ဟု ဆိုသည်။
            လက်ရှိပြဋ္ဌာန်းထားသော လွှတ်တော်အမတ်များအတွက် ကျမ်းကျိန်စာအတိုင်း အင်န်အယ်ဒီအမတ်များက လွှတ်တော်တက်ရောက် တာဝန်ထမ်းဆောင်နိုင်ရန် ကျမ်းကျိန်ကြမည်ဖြစ်ပြီး လွှတ်တော်တွင်းဝင်ရောက်ပြီးမှသာ အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး စသည့် လုပ်ငန်းစဉ်များ
ဆက်လက်ဖော်ဆောင်ကြလိမ့်မည် မျှော်လင့်ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် တက်တော့မည်

ဒေါ်အောင်ဆန်းစုကြည်က ကျမ်းကျိန်စာသား ပြင်သည်ဖြစ်စေ၊ မပြင်သည် ဖြစ်စေ ကျင်းပနေဆဲဖြစ်သော လွှတ်တော်ကို ပြည်သူ့ ဆန္ဒအရ တက်ရောက်မည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ ယနေ့ နံနက်ပိုင်းက ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ လာမည့် မေလ ၂ ရက်နေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆို သည်ဟုလည်း သိရသည်။

ဒေါ်စုနဲ့ NLD ကျမ်းကျိန် လွှတ်တော်တက်ဖို့ဆုံးဖြတ်

ကြားဖြတ် ရွေးကောက်ပွဲမှာ ရွေးကောက် တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်း စုကြည်အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ကိုယ်စားလှယ်တွေ မေလ ၂ ရက်နေ့မှာ လွှတ်တော်တွင်း သွားရောက်ပြီး ကျမ်းသစ္စာ ကျိန်ဆို ကြတော့မှာဖြစ်ပါတယ်။ ရက်အတော်ကြာ လိပ်ခဲတည်း လည်းဖြစ်နေခဲ့တဲ့ လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုရေးကိစ္စကို NLD ဘက်က လိုက်လျော လိုက်တယ်လို့သိရပါတယ်။



 

NLD ဆုံးဖြတ်ချက် ၈၈ ကျောင်းသားများ ကြိုဆို


NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မကြာခင်မှာ ကျမ်းသစ္စာကျိန်ပြီး လွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စကို ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က ကြိုဆိုလိုက်ပါတယ်။


ဘန်ကီမွန်း နှင့် ဦးသိန်းစိန် တွေ့ဆုံ

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီ မွန်းနှင့် သမ္မတ ဦးသိန်းစိန် ယနေ့တွင် နေပြည်တော်၌ တွေ့ဆုံကြောင်း သိရသည်။ မစ္စတာ ဘန်ကီ မွန်းသည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ရှိသည်  ဟုလည်း သတင်းများကဆို သည်။ ယမန်နေ့က မစ္စတာ ဘန်ကီ မွန်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ၁၉၇၄ ခုနှစ်က ကွယ်လွန်ခဲ့သော ရန်ကုမြို့ရှိ ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ဂူဗိမာန်သို့ သွားရောက် ဂါရ၀ ပြုခဲ့သေးသည်။

စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရန် ဘန်ကီမွန်း ပြော

 

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာ့အပြောင်းအလဲသည် အစတွင် စိန်ခေါ်မှုများစွာရှိပြီး အဆိုပါ အပြောင်းအလဲကို အားပေးသွားနိုင်ရန်အတွက် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရန်လိုကြောင်း ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည်။
“ဒီနေ့ ကျနော့်အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို တိုက်တွန်းချင်တာက ကုန်သွယ်ရေး ကန့်သတ်ထားတာတွေနဲ့ အခြား စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတာတွေကို ဆိုင်းငံ့တာ၊ ရုပ်သိမ်းတာတွေ လုပ်ပေးဖို့ပါပဲ”ဟု မစ္စတာ ဘန်ကီမွန်းက မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ အခြေအနေသည် သိမ်မွေ့သည့်အနေအထား၌ပင်ရှိနေသေးပြီး ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဒုက္ခများကို ကူညီ ဖြေရှင်းနိုင်ရန်အတွက် ယခုကဲ့သို့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို ရုပ် သိမ်းပေးရန်လိုအပ်ခြင်းဖြစ်ကြောင်း သူက ဆိုသည်။
ထိုသို့ ပြောဆိုချက်အပေါ် နိုင်ငံရေး ဆောင်းပါးများ ရေးသားလေ့ရှိသူ စာရေးဆရာ မောင်ဝံသက ကြိုဆိုလိုက်ပြီး ယခုပြော ဆို ချက်သည် ကုလသမဂ္ဂ၏ သဘောထားကို ပြောဆိုသည်ဟု နားလည်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု မြန်ဆန် လာသည်နှင့်အမျှ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ထားမှုများလည်း ရုပ်သိမ်းသွားမည်ဟု ယုံကြည်ကြောင်းမစ္စတာ ဘန်ကီမွန်းက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု၏ ဗဟိုချက်သည် လွှတ်တော်ဖြစ်ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ် ရေး၊ တရားဥပဒေ စိုးမိုးရေး၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းရင်းသားများ ကိစ္စ ပြေလည်စေရေးတို့ အတွက် လည်း မြန်မာနိုင်ငံသည် စည်းလုံး ညီညွတ်မှုကို လိုအပ်နေကြောင်း၊ ခေါင်းဆောင်များအနေဖြင့်လည်း စည်းလုံးကြ ရန် လိုကြောင်း ကချင်ဒေသတွင် လတ်တလောဖြစ်နေသည့် စစ်ပွဲများနှင့် မတည်ငြိမ်မှုကို စိုးရိမ်ကြောင်း ပြောဆိုပြီး တိုင်းရင်းသား ဒေသများတွင်လိုအပ်နေသည့် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးရေးအတွက် ကုလသမဂ္ဂတွင် အစီအစဉ်များ ရှိကြောင်း လည်း ဘန်ကီမွန်းက ထည့်သွင်းပြောဆိုသည်။
ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တဦးအနေဖြင့် မြန်မာ့ လွှတ်တော်တွင် စကားပြောခြင်းသည် မြန်မာနိုင်ငံသမိုင်း တွင် ပထမဆုံးအကြိမ်လည်း ဖြစ်ကြောင်းယခုကဲ့သို့ မြန်မာပြည်ခရီးစဉ် သွားရခြင်းမှာ အဓိက စိုးရိမ်မှု ၄ ခုရှိကြောင်း မစ္စတာ ဘန်ကီမွန်း ၏ လက်ထောက် မစ္စတာ ဗီဂျေ နမ်ဘီယာက ခရီးစဉ်မတိုင်ခင် The New York Times သတင်းစာတွင် ရေးသားထားသည်။
ပထမအနေဖြင့် သာမန်ပြည်သူများ၏ ဘ၀ တိုးတက်မှု အမြန်ရရှိစေရေး အတွက် လက်ရှိ ပြုပြင်ပြောင်းလဲမှုအရှိန်ကို ဆက် လက် ထိန်းသိမ်းထားနိုင်ရန်၊ ဒုတိယ အဆင့်အနေဖြင့် အိမ်နီးချင်းနိုင်ငံများနည်းတူ မြန်မာ့စီးပွားရေးသည် ကမ္ဘာ့စီးပွားရေးနှင့် ဆက်သွယ်ပေါင်းကူးပေးရန် ပါရှိသည်။
တတိယအဆင့်အနေဖြင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်များ အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ် အခတ်ရပ်စဲရေးများလုပ်နိုင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်ကို အကောင်အထည်ဖော်နိုင်ရန်၊ စတုတ္ထ အဆင့် အနေဖြင့် ယခု နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများမှသည် တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး၊ ယဉ်ကျေးမှုနှင့် ဒီမိုကရေစီ စနစ် ကောင်းများ ထွန်းကားစေရေးတို့ ဖြစ်ကြောင်း နမ်ဘီယာက ဆိုသည်။
မစ္စတာ ဘန်ကီမွန်းသည် ယနေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ သည်။ ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် တို့ကိုလည်း တွေ့ဆုံခဲ့သည်။ယမန်နေ့ကလည်း မစ္စတာ ဘန်ကီမွန်းသည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံသား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ဂူဗိမာန်သို့ သွားရောက်၍ ဂါရ၀ ပြုခဲ့သေးသည်။
မစ္စတာ ဘန်ကီမွန်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ် ၌ မေလ ၁ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံရန်ရှိသည်။
ထို့အပြင် မစ္စတာ ဘန်ကီမွန်းသည် မူးယစ်ဆေးဝါး ပပျောက်ရေး ကုလသမဂ္ဂ အစီအစဉ်အတွက် ရှမ်းပြည်တောင်ပိုင်းသို့ ခရီးစဉ် အတွင်း သွားရောက်ရန် ရှိကြောင်းလည်း သိရသည်။
ကုလ သမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ယခု မြန်မာနိုင်ငံ ခရီးစဉ်သည် တတိယ အကြိမ်ဖြစ်သည်။၂၀၀၈ ခုနှစ် မေလက နာဂစ်မုန်တိုင်း သဘာဝဘေး အန္တရာယ် ကြုံတွေ့ရစဉ်က နိုင်ငံတကာ အကူအညီပေးရေး အတွက် မစ္စတာ ဘန်ကီမွန်း လာရောက်ခဲ့ဖူးသည်။ ၂၀၀၉ ခုနှစ်ကလည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သေးသည်။

ယခုတခေါက် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံသို့လာရောက်ခြင်းသည် မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အလားအလာကောင်းပြီး အပြုသဘောဆောင်သည်ဟု မြင်၍ ဖြစ်နိုင်ကြောင်း၊ ဇနီးသည်ကိုပါ ခေါ်လာသည့်အတွက် ပို၍ရင်းနှီးနွေးထွေးမှုကို ပြသ ရာ ရောက်ကြောင်း၊ ယခင်က ထိုကဲ့သို့ အခြေအနေမရှိခဲ့ကြောင်း စာရေးဆရာ မောင်ဝံသက ဆိုသည်။
“၂၀၁၀ ရွေးကောက်ပွဲကိစ္စတုန်းက ဆိုရင် နိုင်ငံတကာ စောင့်ကြည့် လေ့လာရေးအဖွဲ့တွေ၊ ကုလသမဂ္ဂက စောင့်ကြည့် လေ့ လာရေး အဖွဲ့တွေ လာပါရစေလို့ သူကိုယ်တိုင် ပြောတာပဲ။ သူကိုယ်တိုင် တောင်းပန်တယ်။ မေတ္တာရပ်ခံတယ်။ ဒါပေမယ့် ဒီ က လုံးဝကို ပယ်ချတယ်”ဟု မောင်ဝံသက ပြောသည်။
နာဂစ်မုန်တိုင်း ကာလ ပထမအကြိမ်လာရောက်ရေးအတွက် သံတမန်ရေးအရ ခက်ခဲစွာ ကြိုးစားစဉ်နှင့် ၂၀၁၀ ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကြိုးစားမှု ကာလအခြေအနေများနှင့် ယခုအခြေအနေ ကွာခြားနေပြီဖြစ်ကြောင်း၊ သို့သော် စီးပွားရေး ဒဏ် ခတ်ပိတ်ဆို့မှု လုပ်ထားသည့် နိုင်ငံများအနေဖြင့် ပြုပြင်ပြောင်းလဲမှုကို စောင့်ကြည့်ရန်လိုသေးကြောင်း ပြောဆိုနေမှုများသည် ထိုနိုင်ငံများနှင့်သာ ဆိုင်သော်လည်း မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက်ရန် မြန်မာဘက်က လို အပ်ကြောင်း
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကမူ မြန်မာနိုင်ငံ၏ အခြေအနေသည် အာမခံချက် မရှိသေးဘဲ အချိန် မရွေးနောက်ကြောင်းပြန်လှည့်နိုင်သည်ဟု သံသယ ဖြစ်နေသည့်အတွက် နိုင်ငံတကာက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို ဆိုင်းငံ့သည့် စနစ်အား အသုံးပြုနေခြင်း ဖြစ်သည်ဟု နားလည်ကြောင်း၊ အမှန်တကယ် ပြုပြင်ပြောင်းလဲမှုရှိသည်ဟု သက် ဆိုင် ရာနိုင်ငံများက သတ်မှတ်လျှင် လုံးဝရုပ်သိမ်းသွားကြမည်ဖြစ်ကြောင်း
“အားလုံးက အပြင်က Sanction တွေကိုပဲ အာရုံစိုက်ပြောနေကြတယ်။ အထဲက ပိတ်ဆို့ခံထားရတာတွေကို သတိ မမူမိကြ ဘူး။ ဥပမာ ကျောင်းပြန်တက်လို့ မရတာတွေ၊ ပတ်စ်ပို့ လျှောက်ထားလို့ မရသေးတာတွေ၊ ရှေ့နေ၊ ဆရာဝန် စသဖြင့် လိုင်စင် ပြန်မရသေးတာတွေကို သတိထားမိကြဖို့လည်း လိုတယ်”ဟု ကိုကိုကြီးက ပြောဆိုသည်။


အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ အသစ်ပြင်ဖွဲ့မည်

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို အသစ် ပြန်လည်ဖွဲ့စည်းပြီး တဖွဲ့တည်း ထားရှိသွားမည်ဖြစ်ကြောင်း သိရ သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် တဦးဖြစ်သည့် အစိုးရ မီးရထား ၀န်ကြီး ဦးအောင်မင်းက ယမန်နေ့က နေပြည်တော်၌ ကျင်းပသော သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခြင်းဖြစ်သည်။ ယခင်က ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့နှင့် ဦးအောင်သောင်း ခေါင်းဆောင်သော အဖွဲ့ဟူ၍ ၂ ဖွဲ့ရှိကြောင်း သိရသည်။

ဦးအောင်သောင်း ငြိမ်းချမ်းရေး အဖွဲ့သစ်မှာ မပါဝင်တော့ကြောင်း ပြော

အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ် ပြန်လည် ဖွဲ့စည်းရာတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ၁ ဦးအောင်သောင်း ပါဝင်တော့မည် မဟုတ်ကြောင်း ကာယကံရှင်က တနလာင်္နေ့ တွင် ပြောကြားလိုက်သည်။

အစိုးရအနေဖြင့် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၁ ဖွဲ့မှ ၁ဝ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးထားပြီး ဖြစ်သော်လည်း ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့နှင့်သာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရသေးကြောင်းနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု ဦးအောင်သောင်းကပြောသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ခုရှိရာ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့တို့ ရှိနေသည်။

ဦးအောင်သောင်း ဦးဆောင်သော အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် သုံးကြိမ်တိုင်ဆွေးနွေးခဲ့စဉ် စစ်ရေးအရှိန်များ ထိန်းသိမ်းသွားရန်နှင့် ပြဿနာ ဖြစ်ပွားနေသည့် ဒေသများတွင်နှစ်ဖက်ညှိနှိုင်း လုပ်ဆောင်သွားရန် သဘောတူညီခဲ့သော်လည်း ယခုထိ အကောင်အထည်ဖော်သည့် တုံ့ပြန်မှု မတွေ့ရသေးကြောင်း KIO က ဆိုသည်။

ပြန်လည်ဖွဲ့စည်းမည့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သစ်တွင် ဒု-သမ္မတ တဦးလည်း ပါဝင်လာမည် ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်မှ တပ်မတော်သားများ ပါဝင်မည်
ဖြစ်ကြောင်း ဧပြီလ ၂၉ ရက်က မီးရထားဝန်ကြီး ဦးအောင်မင်းက သတင်းထောက်များအား ပြောဆိုခဲ့သည်။

လိုင်ဇာဌာနချုပ်ကို သိမ်းပိုက်ရန် မရှိကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုထားပြီး ဖြစ်ကြောင်း ဦးအော်မင်း ကပြောဆိုခဲ့သည်။အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့သစ် ဖွဲ့စည်းမှုနှင့် ပတ်သက်၍ မသိရှိရသေးကြောင်း KIO က ပြောသည်။ ထို့ပြင် ဝန်ကြီး ဦးအောင်မင်း၏ ပြောဆိုချက်နှင့် ကချင်ပြည်နယ် လိုင်ဇာဌာနချုပ် အနီးတဝိုက် အစိုးရ စစ်တပ်ဖွဲ့၏ လှုပ်ရှားနေမှုများနှင့် ကွဲလွဲမှုများ ရှိနေကြောင်း  KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။လက်နက်ကြီးနှင့် ပစ်ခတ်ရန် ပြင်ဆင်ထားသဖြင့် လိုင်ဇာမြို့မှ ၇ မိုင်အကွာရှိ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ကျေးရွာ အခြေစိုက်ထားသည့် တပ်ဖွဲ့၊ ရဲ၊ စရဖ တပ်ဖွဲ့များကို ဧပြီလ ၂၆ ရက်နေ့က ရုပ်သိမ်းသွားပြီ ဖြစ်ကြောင်း ဦးလနန်ကပြောသည်။

ဧပြီလကုန်ပိုင်းအတွင်း ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ခမ်းဂိုင်တောင်မှ အစိုးရ၏ ၁ဝ၅ မမ လက်နက်ကြီးနှင့် ပတ်ခတ်ခဲ့သဖြင့် KIO နယ်မြေ လိုင်ဇာမြို့မှ ၄ မိုက်အကွာ ကားနှင့် ၁ဝ မိနစ်ခန့်အကြာရောက်သည့် လဝါးယန်ကျေးရွာတွင် ကျရောက် ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်ရှိ ဂန်ဒေါင်ယန်ကျေးရွာမှ လက်နက်ကြီးဖြင့် လိုင်ဇာမြို့ကို ပစ်ခတ်ရန် မမီသဖြင့် ထိုမှ နီးစပ်သည့် အင်ပွန်ကျေးရွာဘက် သယ်ဆောင်ထားမှုများ ရှိသလို၊ လိုင်ဇာမြို့မှ ၁ဝ မိုင်ခန့်အကွာရှိ ရှဒါန်ပါဒေသဆိုသည့် ရာဘာခြံတွင်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိသည်ဟု သိရသည်။

အစိုးရဘက်မှ ၈၁ မမ၊ ၁၂ဝ မမ၊ ၁ဝ၅ မမ လက်နက်ကြီးများနှင့် ပစ်ခတ်နေပြီး နေ့စဉ်ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေပြီး လိုင်ဇာဌာနချုပ်ကို သိမ်းမည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် KIA ဗဟိုကလည်း အောက်ခြေ တပ်သားများကို ညွန်ကြားထားပြီး ဖြစ်၍ တိုက်ပွဲများမှု ပိုမိုများပြားလာနိုင်သည်ဟု ဦးလနန်က ပြောသည်။ဧပြီလအတွင်း အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့များအကြား တိုက်ပွဲပေါင်း ၁၃ဝ ကြိမ် ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။


နှစ် ၃၀ အတွင်း မြန်မာ သန်းခေါင်စာရင်း ကုလအကူအညီ ဖြင့်ကောက်မည်

ပြောင်းလဲမှုတွေ ထဲမှာ လူနည်းစု တိုင်းရင်းသားတွေ အတွက် ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာစေနိုင်တဲ့ အဓိက အပြောင်းအလဲ အဖြစ် သန်းခေါင်စာရင်း ကောက်ယူဖို့ အတွက် နှစ်ပေါင်း ၃၁ နှစ်အတွင်း ပြန်ပြီး စီစဉ်နေပြီ ဖြစ်ပါတယ်။ မြန်မာ အစိုးရ နဲ့ ကုလသမဂ္ဂတို့ အကြားရခဲ့တဲ့ ဒီသဘော တူညီချက် နဲ့ မြန်မာအစိုးရက ၂၀၁၄ ခုနှစ်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့  သန်းခေါင်စာရင်း ကောက်ယူဖို့ ကတိပြု ကြောင်း မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီက အတည်ပြု လက်မှတ်ရေးထိုး ခဲ့ပါတယ်။ စာထဲမှာ  နှစ်ပေါင်း ၃၁ နှစ် အတွင်း ကောက်ယူမယ့် လူဦးရေစစ်တမ်းကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီလုပ်ဆောင်ရမှာ ဖြစ်သလို  ဒီသန်းခေါင်စာရင်း ကောက်ယူရာမှာ  လူမျိုးမရွေး ဘာသာ မရွေး ပါဝင်ရမှာဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူသူတွေကို  နိုင်ငံအနှံ့  သွားရောက် ခွင့်ပေးဖို့ပါ  ပါဝင်ပါတယ်။
နေပြည်တော်မှာ ပြုလုပ်တဲ့ လက်မှတ်ရေးထိုးပွဲမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက တိုင်းရင်းသား ဒေသတွေမှာ အခု လုပ်ဆောင်နေတဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ ကနေ ဒီသန်းခေါင်စာရင်း ကောက်ယူရေး ဖြစ်မြောက် လာစေဖို့ မျှော်လင့် ထားသလို လူနဲစု တိုင်းရင်းသားတွေ နဲ့ လူမှု့လူ့အဖွဲ့အစည်းတွေပါ ပါဝင်လုပ်ဆောင်ဖို့ လိုတယ်လို့  ပြောဆိုခဲ့ပါတယ်။
တိကျမှုရှိတဲ့ သန်းခေါင်စာရင်း ကောက်ယူဖို့ ကိစ္စဟာ  မြန်မာ အစိုးရ လုပ်ဆောင်နေတဲ့  နိုင်ငံရေး အပြောင်းအလဲတွေ ထဲမှာ  အရေး အကြီးဆုံး ဖြစ်တယ်လို့  လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှုး ဒေ့ဖ် မက်သီဆန် (Dave Mathieson) ကပြောပါတယ်။
“တကယ်လို့ မြန်မာနိုင်ငံမှာသာ သန်းခေါင်စာရင်း ရှိခဲ့ရင် နိုင်ငံသားတိုင်း မဲပေး ပိုင်ခွင့်ရှိ လာမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ အခုထက်ပို မျှတပြီး  အများရဲ့ လက်ခံ ယုံကြည်မှု ကိုလည်း ပိုပြီး ရလာဖို့ ရှိပါတယ်။  နောက် လူထုအပေါ်မှာ  တကယ်ပဲ လွှမ်းမိုးနိုင်စွမ်း ရှိမယ်ဆိုရင်တော့  ဒီလူတွေမဲပေးလာကြမှာပဲ။”
မြန်မာနိုင်ငံမှာ  ၁၉၈၃ ခုနှစ်က နောက်ဆုံး သန်းခေါင်စာရင်း ကောက်ယူခဲ့တာပါ။ အဲဒီတုန်းက အမဲရောင် နယ်မြေ လို့ခေါ်တဲ့ လက်နက်ကိုင်တွေ ကြီးစိုးတဲ့ ဒေသတွေမှာ နေထိုင်သူတွေ ကို ထည့်တွက်တာမျိုး မရှိခဲ့ပါဘူး။ အဲဒီအရင်က အများလက်ခံလောက်တဲ့ လူဦးရေ စာရင်းကောက်ခဲ့တာကတော့ ၁၉၃၁ ခုနှစ် မှာဖြစ်ပြီး ဗြိတိသျှအုပ်ချုပ် နေတုန်းက ကောက်ယူခဲ့တဲ့ သန်းကောင်စာရင်းပါ။
လူ့အခွင့်ရေး စောင့်ကြည့်သူ တွေကတော့  သန်းခေါင်စာရင်း ကို သေသေချာချာ မကောက်ရင် မြန်မာနိုင်ငံသား အဖြစ် ထည့်သွင်းရေး မသွင်းရေး  အငြင်းပွါးနေတဲ့ ရိုဟင်ဂျာတွေ ဒါမှမဟုတ် မြန်မာနိုင်ငံထဲ က တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ နေရာတွေမှာ နေထိုင်သူတွေကို  စာရင်းထဲ ကနေ ဖယ်အထုတ်ခံ ရမှာကို စိတ်ပူနေကြပါတယ်။
ကုလသမဂ္ဂကတော့ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာ တသန်းလောက်နေထိုင်မယ်လို့ ခန့်မှန်းပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေ ကောက်ယူ မှတ်တမ်းတင်ရေးမှာ တာဝန်ရှိတဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အကြီးအကဲ ဦးမြင့်ကြိုင်ကတော့  မြန်မာနိုင်ငံထဲမှာ နိုင်ငံမဲ့သူများဆိုတာ ရှိမနေဘူးလို့ ဆိုပါတယ်။
“ကျွန်တော်တို့ဆီမှာ နိုင်ငံမဲ့ သူများဆိုတာရှိ မနေသလို မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာ ဆိုတာလည်း မရှိပါဘူး။ ဘာလို့လည်း ဆိုတော့ ဘင်္ဂါလီ လူမျိုးတွေ မြန်မာနိုင်ငံထဲမှာ မနေကြလို့ပါ" လို့ စကားပြန် က တဆင့် ပြောသွားတာပါ။
ပြောင်းလဲမှုတွေ လုပ်ဖို့  ကတိပြုထားတဲ့ အစိုးရကိုရော သန်းခေါင်စာရင်း ရဲ့ တိကျမှု ဆိုင်ရာအတွက်ပါ  ဒီလို အမျိုး ခွဲခြားမှုမျိုးတွေက အဓိကစမ်းသပ်မှု လိုဖြစ်နေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပညာရပ်ပိုင်းဆိုင်ရာ လေ့လာမှုတွေ အတွက် အစိုးရရဲ့ ယုံကြည်လောက် စရာမရှိတဲ့ စာရင်းဇယားတွေကိုဘဲ နှစ်ပေါင်း များစွာ သုံးစွဲနေ ကြရတာမို့  အခုလို နိုင်ငံတကာ စံနှုန်းနဲ့ အညီ သန်းခေါင်စာရင်း ကောက်ယူမှုက အရေးပါတယ်လို့ မြန်မာ့အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
ဒီသန်းခေါင်စာရင်း ကောက်ယူရေးအတွက် (UNPF) လို့ခေါ်တဲ့ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရံပုံငွေအဖွဲ့ ကနေ အချက်အလက် စုဆောင်းကာလ အဖြစ် သတ်မှတ်ထားတဲ့ ၂နှစ်အတွင်းမှာ ဦးဆောင်ပြီး စူးစမ်း လေ့လာမှု တွေ လုပ်မှာဖြစ်သလို မှတ်တမ်းတွေကိုလည်း ပြုစုရေးသားမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် မိုဟာမက် အဒယ် အဟက် (Mohamed Abdel-Ahad) ကတော့ သန်းခေါင်စာရင်း နောက်ဆုံး ကောက်ခဲ့တဲ့ အချိန်ဟာ သိပ်ကြာနေပြီမို့ ဒါဟာ တကယ့် စိန်ခေါ်မှု တရပ်ဖြစ်နေသလို ဒါဟာ အရေးအကြီးဆုံး  လုပ်ဆောင်ရမှာလည်း  ဖြစ်နေတယ်လို့ ဆိုပါတယ်။
"အားလုံး သိတဲ့အတိုင်းပဲ လူထုက ဒီသန်းခေါင်စာရင်း နဲ့ ပါတ်သက်ပြီး  သေသေချာချာ သိမထားဘူး။ သန်းခေါင်စာရင်း နောက်ဆုံးယူ ထားတာက နှစ်ပေါင်း ၃၀ ကျော်နေပြီ ဆိုတော့ ၁၉၈၃ ခုနှစ်နောက်ပိုင်း မွေးတဲ့သူတွေ ဆိုရင် သန်းကောင် စာရင်းယူတဲ့  အတွေ့အကြုံ မရှိကြဘူး။ ဒါ့ကြောင့် သူတို့ကို မြန်မာနိုင်ငံသားအနေနဲ့ ထည့်သွင်းရေတွက်ဖို့ လိုတယ် ဆိုတဲ့ သူတို့ရဲ့ ရပိုင်ခွင့်ကို ကျွန်တော်တို့က ရှင်းပြဖို့ လိုပါတယ်။"
သန်းခေါင်စာရင်း ကောက်ယူသူတွေကတော့ သန်းခေါင်စာရင်း ကို  ၂၀၁၄ ခုနှစ် ဧပြီလမှာ ကောက်ယူနိုင်မယ်လို့ မျှော်လင့်ထား ကြောင်း မစ္စတာ အဒယ် အဟက် ( Abdel-Ahad ) က ပြောပါတယ်။  ကုလသမဂ္ဂက အနေနဲ့ ဒီလုပ်ငန်းအတွက် အနည်းဆုံး ဒေါ်လာ ၅၃ သန်းလောက် ကုန်ကျမယ်လို့ ခန့်မှန်း ထားပါတယ်။

မွန်ပြည်သစ် ပါတီဝင် ၂ ဦး ပြန်လွတ်

မွန်ပြည်သစ်ပါတီ (NMSP) မှ ထောင်ဒဏ် တသက်တကျွန်း ကျခံနေရသော နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့ ၂ ဦးကို အစိုးရ က NMSP သို့ ယနေ့ ပြန်လည် လွှဲပြောင်းပေးအပ် လိုက်ကြောင်း သိရသည်။ မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားဟိုတယ်တွင် အစိုးရ မီးရထား ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့က NMSP ဥက္ကဌ နိုင်ထောမွန် ထံသို့ လွှဲပြောင်းပေးအပ်ခြင်း ဖြစ်သည်။ နိုင် ယက္ခနှင့် နိုင်မျိုးသွေးတို့သည် NMSP ဗဟိုကော်မတီဝင်နှင့် ခရိုင်ကော်မတီဝင်များဖြစ်ပြီး ၂၀၀၃ ခုနှစ် ဇူလိုင်လအတွင်းက ဖောက် ခွဲရေး အမှုဖြင့် စွပ်စွဲ ဖမ်းဆီး၍ ပြစ်ဒဏ်ချမှတ် ခံခဲ့ရခြင်း ဖြစ်သည်။

နိုင်ယက္ခကို မွန်ပြည်သစ်ပါတီထံ ပြန်အပ်


အင်းစိန်ထောင်အတွင်းမှာ သေဒဏ် အပြစ်ပေးခံထားရတဲ့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နိုင်ယက္ခ (ခေါ်) မင်းနေဝင်းနဲ့ နိုင်ချိန်းဂကောင်း (ခေါ်) မျိုးသွေးတို့ကို မော်လမြိုင်မြို့ ကမ်းနားလမ်း ဟော်တယ်မှာ ဒီကနေ့ နေ့လည်က တရားဝင် လွဲပြောင်းပေးအပ်ပွဲ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်သင်္ကြန် ဗုံးခွဲမှု တရားစွဲခံရသူ ကျန်းမာရေးချို့တဲ့


၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန် ဗုံးခွဲမှုနဲ့ တရားစွဲခံထားတဲ့ ကိုဖြိုးဝေအောင်ဟာ အသည်းဝေဒနာ ခံစားနေရလို့ အထူးကုဆရာဝန်နဲ့ ကုသတာမျိုး၊ အပြင်ဆေးရုံမှာ ကုတာမျိုး လိုအပ်နေကြောင်း သိရပါတယ်။

မဲဆောက်ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ မေဒေးနေ့ ကျင်းပ

 

ဒီကနေ့ ကျရောက်တဲ့ (၁၂၂) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့ အခမ်းအနားကို တ့ာခ်ခရိုင် မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၀၀၀) လောက်ပါဝင် ပူးပေါင်းပြီး ကျင်းပခဲ့ပါတယ်။

ကုလအတွင်းရေးမှူးချုပ်နဲ့ ပါတီ၊ ကျောင်းသား၊ အရပ်ဖက်အဖွဲ့များတွေ့ဆုံ

 

တိုင်းရင်းသားအခွင့်အရေး ကိစ္စတွေကို လွှတ်တော်တွင်း ဆွေးနွေးမှုတွေနဲ့ တဖြေးဖြေး ဆောင်ရွက်သွားရမှာ ဖြစ်သလို၊ မြန်မာနိုင်ငံက ဖြစ်ပေါ် ပြောင်းလဲမှုတွေကို ဆက်လက် အားပေးသွားမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မြန်မာအစိုးရရဲ့ ပြည်တွင်းပိတ်ဆို့မှု ၈၈ ကျောင်းသားများ ထောက်ပြ


မြန်မာအစိုးရဟာ ပြည်ပနိုင်ငံတွေရဲ့ ပိတ်ဆို့ ပြစ်ဒဏ်ခတ်ထားတာကို ထောက်ပြ ဝေဖန်လေ့ရှိပေမယ့် အစိုးရကိုယ်တိုင်က မြန်မာပြည်သူတွေကို ပိတ်ဆို့ အရေးယူထားကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဝန်ကြီး ဦးမြင့်လှိုင် လွှတ်တော် အမတ်များကို တောင်းပန်

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်လှိုင်က Hot News ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် လက်ရှိ လွှတ်တော် အမတ်များအား ပြင်းထန်စွာ ပြောဆို ဝေဖန်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ တောင်းပန်ကြောင်း သိရသည်။

မြန်မာနှင့် စီးပွားရေး ပူးပေါင်းရန် အသင့်ရှိဟု ဂျာမနီပြော

ဂျာမနီ နိုင်ငံသည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိကြောင်း ဂျာမန်နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ H.E. Dr.Guido Westerwelle က ပြောကြားလိုက်သည်။ Dr.Guido Westerwelle သည် ယမန်နေ့က မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် သတင်းမီဒီယာများကို ထို့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်

မြန်မာနိုင်ငံသို့ လာရောက်သူများအတွက် ဆိုက်ရောက် ဗီဇာ ထုတ်ပေးတော့မည် ဖြစ်ကြောင်း သိရသည်။ စီးပွားရေး ဗီဇာကိုလည်း ဆိုက်ရောက် ဗီဇာ အဖြစ် ဇွန် ၁ ရက်နေ့မှ စတင် ထုတ်ပေးမည်ဖြစ်ရာ နေထိုင်ခွင့် ရက် ၇၀ ရရှိမည်ဖြစ်ပြီး ဗီဇာကြေး အမေရိကန် ဒေါ်လာ ၄၀ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီက နေပြည်တော်၌ ယမန်နေ့က ကျင်းပသော သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။ လတ်တလောတွင် အာဆီယံ နိုင်ငံများအတွက် ဆိုက်ရောက်ဗီဇာ ပေးမည်ဖြစ်ကြောင်း သိရသည်။

ပန်ဝါရှိ KIA တပ်များကို အစိုးရတိုက်ဟု ဆို

အစိုးရ တပ်များနှင့် KIA တပ်များ အကြား တိုက်ပွဲ များ ဖြစ်ပွားလျက်ရှိရာ ဧပြီ ၂၈ ရက်က စတင်၍ ကချင်ပြည်နယ် ပန်ဝါ ဒေသ ရှိ KIA တပ်ကို အစိုးရတပ်က တိုက်ခိုက်လျက်ရှိကြောင်း KIA အဆိုအရ သိရသည်။ အစိုးရဘက်က လူ အင်အား၊ လက်နက်အင်အား နှင့် ရိက္ခာများကို ရဟတ်ယာဉ်များဖြင့် သယ်ပို့လျက်ရှိသည် ကို ဒေသခံများကမြင်တွေ့ရသည်ဟု ဆိုသည်။ ယနေ့ထုတ် အစိုးရ သတင်းစာများတွင် မန္တလေး-မြစ်ကြီးနား ပြေးဆွဲသည့် အထူး အိပ်စင်ရထား ယမန်နေ့ နံနက်ပိုင်းက အတွဲ ၈ တွဲ လမ်းချော်၍ လူ ၂ ဦး ထိခိုက်ရရှိသည့် မိုင်းကွဲမှုသည် KIA လက်ချက်ဖြစ်ကြောင်း၊ ဧပြီ ၂၆ ရက်ကလည်း မိုးမောက်မြို့ နယ် ကုန်းနှောကျေးရွာကို KIA ကလက်နက် ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ရွာသား ၁ ဦး သေဆုံး၍ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဆွေးနွေးပွဲ ပြန်စရန် KIO ကမ်းလှမ်း


ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာ အစိုးရတပ်များအကြား စစ်ရေးတင်းမာနေစဉ် အပစ်အခတ် ရပ်စဲရေးအတွက် ထပ်မံ တွေ့ဆုံဆွေးနွေးရန် KIO ဘက်က ပြန်လည် ကမ်းလှမ်းလိုက်သည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment