မြန်မာသတင်းများ ဇွန် လ ၃ ရက် ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည် မယ်လ ဒုက္ခသည်စခန်းကို သွားရောက်
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ မနေ့က ထိုင်း-မြန်မာနယ်စပ် မယ်လ စစ်ဘေး ဒုက္ခသည်စခန်းကို သွားရောက်ရာမှာ လူထောင်ပေါင်း များစွာက သူတို့ရဲ့ တိုင်းရင်းသား ရိုးရာဝတ်စုံတွေ ၀တ်ဆင်ပြီး အလံတွေ ဝှေ့ယမ်း ကြိုဆိုကြပါတယ်။ဒေါ်အောင်ဆန်းစုကြည် က ပလပ်စတပ် ထိုင်ခုံပေါ် မတ်တပ်ရပ်ပြီး အသံချဲ့စက် မိုက်ကရိုဖုန်း မပါဘဲ သူ့ကို ကြိုဆိုနေကြတဲ့ လူအုပ်ကြီးကို နှုတ်ဆက်စကား ပြောကြားပါတယ်။
"နံပတ်တစ်က အရေးကြီးဆုံးပြောချင်တာက ဒီက လူတွေကို မေ့ပြီးတော့ မထားပါဘူးလို့။ အမေတို့အနေနဲ့ ဒီက ဒုက္ခသည်စခန်းမှာ ကျမ်းမာရေးအရ လိုအပ်တဲ့အရာတွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ ကြိုးစားပါမယ်လို့။ အားလုံးကို မမေ့ထားပါဘူးလို့၊ ကြိုးစားပြီးတော့ လုပ်ပေးပါမယ်လို့။ အားလုံး အိမ်ပြန်လာနိုင်အောင် ကြိုးစားပါမယ်။ အရှေ့က လူတွေက အနောက်က လူတွေကို ပြောပြပေးပါ။ အားလုံး ကျမ်းမာချမ်းသာကြပါစေ။"
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မိုက်ကရိုဖုန်း မရှိတဲ့အတွက် သူ့ကိုကြိုဆိုကြတဲ့ လူအုပ်ကြီးကို ကြာကြာစကား မပြောနိုင်ခဲ့ပေမဲ့ ဒုက္ခသည်စခန်းက ခေါင်းဆောင်တွေနဲ့ အချိန်ယူပြီး ဆွေးနွေးခဲ့ပါတယ်။
အခုလို ထိုင်း၊မြန်မာနယ်စပ် က စစ်ဘေးဒုက္ခသည်တွေကို ဒေါ်အောင်ဆန်းစုကြည် လာရောက်တွေ့ဆုံတာဟာ ဒါပထမ ဦးဆုံး အကြိမ်ဖြစ်ပါတယ်။
ကရင်တိုင်းရင်းသား အများဆုံး အပါအ၀င် စစ်ဘေး ဒုက္ခသည်ပေါင်း (၁) သိန်း (၄) သောင်းလောက်ဟာ နယ်စပ်တလျှောက် ဒုက္ခသည်စခန်း အသီးသီး နေထိုင်ကြတဲ့ အထဲမှာ အဲဒီ မဲလဒုက္ခသည် စခန်းဟာ အကြီးဆုံး ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ မဲလဒုက္ခသည် စခန်းကနေ မနက် (၁၀) နာရီမှာ ပြန်လည် ထွက်ခွာလာပြီး မဲဆောက်မြို့ကို နေလည်(၁) နာရီလောက်မှာ ရောက်ရှိပါတယ်။ အဲဒီနောက် နေ့လည်(၂) နာရီ (၁၅) မိနစ်မှာ မဲဆောက် လေဆိပ်ခန်းမ အတွင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး (၃) နာရီမှာ အထူးလေယာဉ်နဲ့ ဘန်ကောက်မြို့ကို ထွက်ခွာသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မယ်လစခန်း သွားရောက်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေမနက်ပိုင်း မဲဆောက်မြို့ကို ရောက်ရှိ လာချိန်မှာတော့ ထောင်နဲ့ချီရှိနေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေက ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ကြိုဆိုခဲ့ကြပါတယ်။
မဲဆောက်မြို့ကနေ လူဦးရေ ငါးသောင်းခန့်ရှိတဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး စခန်းကော်မတီဝင်တွေ၊ ထိုင်းအာဏာပိုင်တွေ၊ UNHCR က တာဝန်ရှိသူတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့တွေနဲ့တွေ့ဆုံပြီး ဒုက္ခသည်တွေ မှတ်ပုံမတင်နိုင်သေးတဲ့ ကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေး အခြေအနေတွေကို မေးမြန်းသွားတဲ့အကြောင်း စခန်း ကော်မတီဥက္ကဋ္ဌ မန်းထွန်းထွန်းက အခုလို ပြောပြပါတယ်။
“သူ ပြောဆို ဆွေးနွေးသွားတဲ့အချက်တွေမှာ အဓိက အချက် သုံးချက် ပါတာပေါ့။ ဒီ မယ်လ ဒုက္ခသည်စခန်းမှာ နှစ်သောင်းတစ်ထောင်ကျော်လောက် လူဦးရေက မှတ်ပုံတင်ထားခြင်း မရှိတဲ့အပေါ်မှာ ထိုင်းအစိုးရအနေနဲ့ ဘယ်လို အကြောင်းတွေနဲ့ မှတ်ပုံမတင်နိုင်သေးတာလဲ၊ ဘာကြောင့် မှတ်ပုံမတင်သေးတာလဲ၊ မှတ်ပုံတင်ဖို့ အစီအစဉ်တွေက ဘာတွေ ရှိလဲလို့ ဒေါ်စုက အချက်ကျကျနဲ့ အသေးစိတ် မေးမြန်းသွားတာတွေ ရှိတယ်။ ကလေးငယ်တွေ လူဦးရေ ငါးသောင်းနဲ့အထက်မှာဆိုရင် ကလေးတွေက နှစ်သောင်းလောက်တော့ ရှိမှာပေါ့။ ဒါပေမဲ့ ကလေးတွေက တစ်သောင်း လေးထောင်လောက်ပဲ ကျောင်းတက်နိုင်တဲ့အတွက် ကလေးတွေ ကျောင်းမတက်နိုင်တာ ဘာကြောင့်လဲပေါ့။ အထူးသဖြင့် ပညာရေးပေါ့။ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ကလေးတွေက ဘာကြောင့် ကျောင်းမတက်နိုင်လဲ။ သူတို့တွေ ကျောင်းအားတဲ့အချိန်မှာ ဘာတွေ လုပ်ဆောင်နိုင်သလဲ၊ ဘာတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့က လုပ်ဆောင်ပေးသလဲလို့ မေးမြန်းသွားတာတွေလည်း ရှိတယ်။ နောက် မေးမြန်းသွားတာတွေက ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေ၊ အကာအကွယ်ပေးရေး အစီအစဉ် ဘယ်လောက်ရှိလဲ၊ ရေပေးဝေရေးနဲ့ သန့်ရှင်းရေး အပိုင်းတွေမှာ ဘယ်လောက်ထိ ကြိုးစားလုပ်ဆောင် ဆောင်ရွက်နိုင်တာတွေ ရှိလဲ။ ဒါ့အပြင်ပေါ့လေ လိုအပ်နေတဲ့ လစ်ဟာနေတဲ့ အကူအညီပေးရေး အဓိက အချက်အလက်တွေက ဘာလဲ၊ အဲဒါတွေကို ဒေါ်စုက မေးသွားတာတွေ ရှိတယ်။”
ဒုက္ခသည်တွေ မှတ်ပုံတင်ရေး ကိစ္စနဲ့ပတ်သက်လို့ ထိုင်းအစိုးရ တာဝန်ရှိသူတွေက ဖြေကြားခဲ့တာကတော့ မှတ်ပုံတင်ဖို့အစီအစဉ်တွေ ရှိပေမဲ့ လက်တွေ့ အကောင်ထည် ဖော်တဲ့နေရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ ဖြေကြားသွားတယ်လို့ ဆိုပါတယ်။
ထောင်နဲ့ချီရှိတဲ့ဒုက္ခတွေဟာ ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတဲ့သတင်းကြောင့် မယ်လှ ဒုက္ခသည်စခန်းရဲ့ ဘောလုံးကွင်းအပြည့် မနက် ၆ နာရီ ကတည်းက စောင့်မျှော်နေကြပေမဲ့ ထိုင်းအာဏာပိုင်တွေရဲ့ အစီအစဉ်ကြောင့် လူထုနဲ့ တွေ့ဆုံ စကားပြောခွင့်တွေ မရခဲ့တဲ့အကြောင်း ကိုမန်းထွန်းထွန်းက ပြောပါတယ်။
“အသံချဲ့စက်တွေ၊ မိုက်ကရိုဖုန်းတွေနဲ့ အများကြီး စီစဉ်ပြီးတော့ လူထုတွေအားလုံး တွေ့ဆုံနိုင်အောင် စီစဉ်ထားခဲ့တာပေါ့။ ဒါပေမဲ့ နောက်ဆုံး ထိုင်းအာဏာပိုင်တွေရဲ့ အစီအစဉ်တွေအရ လူထုကို အမှာစကားပြောဖို့တွေ မရှိအောင် သူတို့က အတတ်နိုင်ဆုံး တားနေတယ်ဆိုတော့ ကျနော်တို့အနေနဲ့ ပြင်ဆင်မှုတွေ မလုပ်နိုင်ခဲ့ဘူးလေ။ အဲဒီလို လူထုတွေက စောင့်တယ်။ ဒေါ်စု စကားပြောဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ ဒေါ်စု စကားပြောဖို့ အခြေအနေကလည်း အထူးသဖြင့် အခြေအနေတွေ အားလုံးက ထိုင်းအာဏာပိုင်တွေရဲ့ အစီအစဉ်တွေအောက်မှာ ရှိတယ်ဆိုတော့ ကျနော်တို့အနေနဲ့က ဘာမှ မတတ်နိုင်တဲ့ အနေအထားမှာ ရှိတယ်။”
မယ်လ စခန်းကို သွားပြီးအပြန်မှာ ဒေါ်အောင်ဆန်းစုကြည်လာမယ် ဆိုတဲ့ သတင်းကြောင့် မယ်တော်ဆေးခန်းးမှာလည်း အလုပ်သမားတွေ ထောင်နဲ့ချီပြီး ဒေါ်အောင်ဆန်းစုကြည်ကို စောင်မျှော်နေခဲ့ကြတာပါ။ မယ်တော်ဆေးခန်းမှာ စောင့်နေကြတဲ့ စက်ရုံအသီးသီးက မြန်မာအလုပ်သမားတွေ ပြောပြတာကတော့ -
“အမေစု ကျန်းမာပါစေ။”
“အမေစုကို ချစ်လို့။”
“အမေစု ကျန်းမာမှ သမီးတို့တွေ အဆင်ပြေမှာ။ တွေ့ချင်တာပဲ၊ မနေ့ကဆို အလုပ်တောင် မလုပ်နိုင်ဘူး။”
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ အစီအစဉ်အရ မယ်လဒုက္ခသည်စခန်းကို သွားရောက်ပြီးတဲ့အခါမှာ တိုင်းရင်းသားခေါင်းဆောင်တွေကို တွေ့ဆုံဖို့၊ မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်ကို သွားရောက် တွေဆုံဖို့တွေ ရှိတယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပေမဲ့ သူတို့ အစီအစဉ်အတိုင်း မဖြစ်ခဲ့တဲ့အကြောင်း၊ အခက်အခဲတွေ ရှိတယ်ဆိုပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို စီစဉ်ခဲ့သူတစ်ဦးဖြစ်တဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။
“အစီအစဉ်အတိုင်း မဖြစ်ပါဘူး။ ပထမ စီစဉ်ထားတဲ့အတိုင်း မဖြစ်ပါဘူး။ အခက်အခဲတွေ ရှိပါတယ်။ ရှိတိုင်းလည်း လျှောက်ပြောလို့ရတာ မဟုတ်တဲ့အတွက်ကြောင့်မိုလို့ ထုတ်ပြန်ဖို့မရှိဘူး။ ဖြစ်တာက သိမ်မွေ့ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆောက်ခရီးစဉ်ကတော့ မဟာချိုင်ခရီးစဉ်လို မဟုတ်ဘဲ လူထုနဲ့ ထိတွေ့ စကားပြောခွင့် မရလိုက်ဘဲ ပြန်ခါနီး မဲဆောက်လေဆိပ်မှာပဲ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ရာမှာတော့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ဒုက္ခသည်တွေ အနေနဲ့ ဧည့်သည်တွေ ဖြစ်တဲ့အတွက် ဧည့်သည်လို နေထိုင်ဖို့နဲ့ ဥပဒေအရ ရသင့်ရထိုက်တာတွေကို ကာကွယ်ပြီး လုပ်ဆောင်သွားရမယ် ဆိုတဲ့အကြောင်း၊ ထိုင်းနိုင်ငံကိုလည်း ကျေးဇူးတင်တဲ့အကြောင်းနဲ့ နှစ်နိုင်ငံကြားမှာ ဆက်ဆံရေး အဆင်ပြေအောင် ပြောဆိုခဲ့တာတွေ ရှိခဲ့တဲ့ အကြောင်းကိုလည်း ပြောသွားပါတယ်။
“ကျမတို့ နိုင်ငံ နှစ်နိုင်ငံကြားမှာ ပိုပြီးတော့ ဆက်ဆံရေး အဆင်ပြေအောင်လို့ ဦးတည်ပြီးတော့ ပြောခဲ့တာတွေလည်း ရှိပါတယ်။ ဆိုတော့ ရွှေ့ပြောင်း အလုပ်သမားတွေပဲ ဖြစ်ဖြစ်၊ ဒုက္ခသည်တွေပဲ ဖြစ်ဖြစ်၊ ဒါဟာ နိုင်ငံ နှစ်နိုင်ငံစလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေပါ။ အထူးသဖြင့် ကျမတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေက မမေ့ဖို့ကိစ္စဟာ ဒီမှာ ရောက်နေတဲ့သူတွေက ဧည့်သည်တွေပါ။ ဧည့်သည်ဆိုတာ ဧည့်သည်ပီပီ နေကြရမယ်။ ဧည့်သည်ရဲ့ တာဝန်ကိုသိရမယ်။ အိမ်ရှင်တွေကလည်း တတ်နိုင်သမျှ ကျမတို့ရဲ့ နိုင်ငံသားတွေ ဒုက္ခရောက်နေချိန်မှာ ကူညီစေချင်အောင်လို့လည်း ကျမတို့ကနေ ဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့လည်း တချိန်တည်းမှာလည်း ကျမတို့ရဲ့ ပြည်သူပြည်သားတွေ အနေနဲ့လည်း ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကာကွယ်တတ်ဖို့လည်း ကြိုးစားပြီးတော့ လုပ်ဆောင်ဖို့ ပြောချင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက် ၉ နာရီကျော်မှာ မဲဆောက်ကို ရောက်ရှိလာခဲ့ပြီး မနေ့က ညနေပိုင်းမှာတော့ မဲဆောက်မြို့ကနေ ဘန်ကောက်မြို့ကို လေယာဉ်နဲ့ ပြန်လည် ထွက်ခွာသွားပါတယ်။
ဒုက္ခသည်များ၏ အခက်အခဲ ဒေါ်အောင်ဆန်းစုကြည် စုံစမ်းလေ့လာ
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းသို့ နံနက် မနေ့က ထိုင်းစံတော်ချိန် ၁၀ နာရီခွဲခန့်က လာရောက်ခဲ့ပြီး ထိုင်းတာဝန်ရှိသူများ၊ ဒုက္ခသည် ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ မြန်မာဒုက္ခသည်များအရေး မေးမြန်းစုံစမ်း လေ့လာသွားကြောင်း သတင်းရရှိသည်။“ဒုက္ခသည်တွေရဲ့ တ၀က်ကျော်ကျော်လောက်က မှတ်ပုံ မတင်ရသေးဘူးပေါ့လေ။ မှတ်ပုံ မတင်ရသေးတဲ့ ဒုက္ခသည်တွေအနေနဲ့ ထိုင်းနိုင်ငံ အစိုးရဘက်က ဘယ်လို စီစဉ်နေလဲ၊ ဘယ်လိုကြောင့် သူတို့ကို မှတ်ပုံမတင်ရလဲ၊ မှတ်ပုံတင်ဖို့ အစီအစဉ်တွေ ရှိသလား၊ ဘယ်လို ပုံစံမျိုးနဲ့ မှတ်ပုံတင်မှာလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းသွားတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် မယ်လ ဒုက္ခသည်စခန်းဥက္ကဋ္ဌ ကိုစောထွန်းထွန်းက ပြောသည်။
ထို့အပြင် စခန်းတွင်းရှိ ကလေးငယ်များ ကျောင်းမတက်ဖြစ်ခြင်း၊ ကျောင်းပညာ တပိုင်းတစဖြစ်ခြင်းများနှင့် အဖက်ဖက်က အခက်အခဲများ ရင်ဆိုင်နေရသည်မှာ နိုင်ငံတကာ အကူအညီ အထောက်အပံ့ နည်းသွားခြင်းကြောင့်လားဟု ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းရာ ထိုင်းတာဝန်ရှိသူများ၊ NGO များက ပြန်လည် ဖြေကြားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မယ်လဒုက္ခသည်စခန်းတွင်းရှိ ဆေးရုံတွင် လှည့်လည်လေ့လာခဲ့ပြီးနောက် စခန်းတွင်း ရိုးရာဝတ်စုံများနှင့် စောင့်ကြိုနေကြသော ဒုက္ခသည်များကို ကားပေါ်မှပင် နှုတ်ခွန်းဆက်စကား ပြောကြားပြီး နေ့လယ် ၁ နာရီကျော်တွင် မယ်လ ဒုက္ခသည်စခန်းမှ မဲဆောက်မြို့သို့ ယာဉ်တန်းဖြင့် ဆက်လက်ထွက်ခွာခဲ့သည်။
မယ်လဒုက္ခသည်စခန်းမှ အသက် ၃၉ နှစ်အရွယ် ကိုချစ်ဦးက “အရမ်းပျော်တာပေါ့နော်။ ကျနော်နဲ့အတူတူ ဒီက ပြည်သူတွေလည်း အားလုံး ထပ်တူထပ်မျှ ခံစားရတယ်ပေါ့၊ ဒေါ်စုကို တွေ့ရတာ။ ဒေါ်စုပြောတာက ပြည်တွင်းကို အားလုံး အမြန်ပြန်နိုင်ဖို့အတွက် သူကြိုးစားပေးမယ်ပေါ့။ အာဏာပိုင်တွေကို သူပြောခဲ့တယ်ပေါ့” ဟု ဆိုသည်။
ဒုက္ခသည်တဦးဖြစ်သူ မမြင့်ချိုက “အခုလို ဒေါ်အောင်ဆန်းစုကြည် လာလို့ ကျမတို့ ကျေးဇူးတင်ပါတယ်။ ကျမ ဒုက္ခသည်စခန်းမှာ နေလာတာ အနှစ် ၂၀ လောက်ရှိပါပြီ။ ကျမတို့ အမေမိဘတွေရော၊ မောင်နှမတွေရော အားလုံးက အမေရိကန် ရောက်ကုန်ကြပြီ။ ဒီမှာ ကျမတဦးတည်း ကျန်တယ်။ ကျမတို့ မြန်မာပြည်ပြန်ဖို့ကတော့ ဘယ်လို ဆုံးဖြတ်ရမှန်း ကျမတို့လည်း မသိတော့ဘူး” ဟု ပြောသည်။
မယ်လဒုက္ခသည်စခန်းသို့ ဒေါ်အောင်းဆန်းစုကြည် လာရောက်သည်မှာ ကောင်းသည့်လက္ခဏာနှင့် မြန်မာ ဒုက္ခသည်များအတွက် ခွန်အားဖြစ်သော်လည်း ဒုက္ခသည်များ၏ အခက်အခဲ အခြေအနေများကို အသေးစိပ် တင်ပြနိုင်ရန် အခွင့်အရေး မရခဲ့ကြောင်း စခန်းဥက္ကဋ္ဌ ကိုစောထွန်းထွန်းက ဧရာဝတီကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသည့် ယာဉ်တန်းကို လေဆိပ်နှင့် မယ်လဒုက္ခသည်စခန်းသို့ သွားရာလမ်း တလျှောက်တွင် မဲဆောက်ရှိ ထောင်နှင့်ချီသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ၊ ကျောင်းသားကျောင်းသူများ၊ မဲဆောက်ဒေသတခွင်ရှိ မြန်မာနိုင်ငံသားများက ကြိုဆိုကြသည်။
မယ်လဒုက္ခသည်စခန်းမှ မဲဆောက်သို့ အပြန်လမ်းတွင် မယ်တော်ရှိ ဒေါက်တာ စင်သီယာမောင်၏ ဆေးခန်းနှင့် ပညာသင်ကျောင်းသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်လေ့လာမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသော်လည်း ရောက်ရှိလာခြင်းမရှိဘဲ မဲဆောက်လေဆိပ်သို့ တန်းသွားကာ လေဆိပ်တွင် သတင်းစာ ရှင်းလင်းပွဲ လုပ်ကြောင်း သိရသည်။
“ကျမတို့အားလုံးကတော့ ဒီမှာ မျှော်လင့်ကြတယ်ပေါ့နော်။ ဒီ ကျောင်းသူ ကျောင်းသားတွေရော၊ ကျန်းမာရေး၊ ပညာရေး လူမှုရေးဝန်ထမ်းတွေအားလုံး ဒီမှာ စုံစုံညီညီနဲ့ ကြိုဆိုကြချင်တယ်လေ။ ဒေါ်စုရဲ့ အားပေးစကားတွေလည်း ကြားချင်ကြတယ်ပေါ့နော်။ နောက် နယ်စပ်ဒေသအခြေအနေ အားလုံးကိုလည်း ကျမတို့ ဆွေးနွေးတင်ပြချင်တယ်။ အဲဒီလိုမျိုး အခြေအနေမှာ ဒေါ်စု မလာနိုင်တဲ့အတွက်ကြောင့် ကျမတို့ အားလုံး ၀မ်းနည်းကြတယ်” ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နယ်စပ်ဒေသ အခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းများနှင့် အင်အားစုများ၏ ပူးပေါင်းဆောင်ရွက်နေမှု၊ နယ်စပ်ဒေသရောက် မြန်မာများ၏ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး အခြေအနေများကို လေ့လာသိရှိသွားနိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ဒေါက်တာ စင်သီယာမောင်က ဆက်ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်နော်စီဖိုးရာစိန်က “တိုင်းရင်းသား ခေါင်းဆောင်တွေပဲဖြစ်ဖြစ်၊ ဒီမိုကရေစီ အင်အားစုတွေပဲဖြစ်ဖြစ် အခု သူက နယ်စပ်မှာ လာပြီဆိုတော့ တွေ့ချင်တာပေါ့။ ဒါပေမယ့် လာမယ့် အစီအစဉ်လည်း ကျမတို့ မသိဘူး။ ဘယ်သူက စီစဉ်ပေးတာလဲ၊ ဘယ်သူက လုပ်ပေးတာလဲ ကျမတို့ မသိဘူးပေါ့နော်။ မသိတဲ့အတွက်ကြောင့် အဆင်ပြေမှု တခုမှ မရှိဘူး။ မြန်မာပြည်သူ ပြည်သားတွေကတော့ မျှော်လင့်ချက်ကြီးကြီးနဲ့ စောင့်နေတာ၊ မတွေ့ရတော့ စိတ်မကောင်းဖြစ်ကြတာပေါ့” ဟု ပြောသည်။
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ကိုမိုးဆွေကလည်း “မဲဆောက်မှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက ဘာပဲ ပြောပြော ကိုယ့်ခေါင်းဆောင်ဆိုတော့ သူတို့ တွေ့ချင်ကြတယ်ပေါ့။ အခုဟာက လေယာဉ်ကွင်းကနေ ကားက တရှိန်ထိုး မောင်းထွက်သွားတယ်။ မျက်နှာလေးတောင် မြင်ခွင့်မရလိုက်ဘူးဆိုတော့ စိတ်မကောင်းကြဘူး” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ပြီး ခရီးစဉ်အတွင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများအရေး၊ မြန်မာဒုက္ခသည်များအရေးကို ထိုင်း အာဏာပိုင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်း ဖြစ်သည်။
အတိုက်အခံနှင့်အလုပ်သမားများ မဲဆောက်မှာ ဒေါ်စုနှင့် မတွေ့လိုက်ရ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ရောက်ရှိလာသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်မရလိုက်၍ ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းများနှင့် အလုပ်သမားများက စိတ်ကောင်းဖြစ်ရကြောင်း ပြောသည်။
စနေနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မဲဆောက်မြို့ လေဆိပ်မှ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာဒုက္ခသည် အများအပြား နေထိုင်နေသော မယ်လဒုက္ခသည် စခန်းသို့ တိုက်ရိုက် သွားရောက်ခဲ့သော်လည်း ဒုက္ခသည်များနှင့် နုတ်ဆက်ခွင့် မရဘဲ စခန်းလူကြီးများနှင့်သာ တွေ့ဆုံခဲ့သည်ဟု သိရသည်။
ပြည်ပ အတိုက်အခံအဖွဲ့အစည်း ခုနှစ်ဖွဲ့မှ ကိုယ်စားလှယ်များက ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခွင့် မရခြင်းမှာ မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့အကြာ မျက်နှာပျက်မှာ စိုးရိမ်သဖြင့် တွေ့ဆုံမည့် အစီအစဉ်ကို ဖျက်လိုက်ရခြင်း ဖြစ်နိုင်ကြောင်း ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု NDD မှ အတွင်းရေးမှူး
ဒေါက်တာနိုင်အောင်က “မနက်က တွေ့ဖို့ ကျနော်တို့ ခုနှစ်ဖွဲ့ လူစာရင်းပေးထားတာ ရှစ်ယောက် သွားပါတယ်။ မြန်မာအစိုးရနဲ့ မျက်နှာပျက်မှာဆိုးလို့ ထင်တယ်။ သူတို့နိုင်ငံဆိုတော့ ဒေါ်အောင်ဆန်း စုကြည်လည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ တွေ့မရတော့ ကျနော်တို့ တင်ပြချင်တာတွေ မရဘူးပေါ့။ စိတ်မောလူမော ဖြစ်သွားတာပေါ့” ဟု ပြောသည်။
NDD၊ လူ့အခွင့်အရေး ပညာပေးရေးဌာန-မြန်မာနိုင်ငံ(HREIB)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ဗကသ နိုင်ငံခြားရေး ကော်မတီ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့တို့ စသည့် ပြည်ပရောက် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခွင့် မရခဲ့ခြင်း ဖြစ်သည်။
ထိုအဖွဲ့အစည်းများက ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် NLD ထံ တောင်းဆိုခဲ့သေးသည်။
NLD အလံများ ကိုင်ဆောင်ခြင်း၊ မယ်တော်ဆေးခန်းတွင် NLD သီချင်းများဖွင့်လှစ်၍ ကြိုဆိုနေခြင်း၊ အလုပ်သမား အခွင့်အရေး ရရှိရေး၊ အမေစုကျန်းမာပါစေ၊ ဒီမိုကရေစီ အမြန်ဆုံး ရရှိပါစေ ဟူသော
ကြွေးကြော်သံများဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လူပေါင်း ၄,၀၀၀ ကျော်ခန့် လာရောက် ကြိုဆိုခဲ့သည်ဟု မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ရုံးအဖွဲ့မှူး ကိုမျိုးဇော်က “ကျနော်တို့က အရမ်းဝမ်းသာတယ်။ စိတ်ထဲမှာလည်း စိတ်ခွန်အားတွေ ဖြစ်မိတယ်။ နောက်ပြီးတော့ ဝမ်းလည်း ဝမ်းနည်းတယ်။ ဝမ်းနည်းတာက တခြားမဟုတ်ဘူး။ မနက်မိုးလင်း ကတည်းက တနေကုန်စောင့်နေတာ။ ကျနော်ဆို မျက်နှာလေးပဲ တွေ့လိုက်ရတယ်။ စိတ်ထဲမှာ မကောင်းဘူး။ ကျနော်တို့ထင်တာက ဆေးခန်းကို လာမယ်။ ဒေါ်စု မိန့်ခွန်းစကားတွေ နားထောင်မယ်။ အဲဒီလို မတွေ့လိုက်ရတော့ စိတ်ထဲမှာ ဝမ်းနည်းတယ်”ဟု ဆက်ပြောသည်။
မယ်လ ဒုက္ခသည်စခန်းရှိ ဆေးရုံမှ လူနာများအား တနာရီခန့်ကြာ ကြည့်ရှု အားပေးခဲ့သော်လည်း ဒုက္ခများနှင့် နုတ်ဆက်ခွင့် မရသလို၊ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို ကြားခွင့် မရလိုက်သဖြင့် ဝမ်းနည်းရသည်ဟု မယ်လဒုက္ခစခန်းတွင် နေထိုင်နေသော မမြတ်သူက “ကျမကတော့ လာတာကိုပဲ အရမ်းပျော်တယ်။ သေပျော်ပြီလို့တောင် ခံစားရတယ်။ အရမ်းဝမ်းသာနေပြီ။ စကားပြောခွင့်လည်း မရလိုက်ဘူး။ ဒီလောက်နဲ့တော့ ကျေနပ်တယ်။ ဖြစ်နိုင်ရင် စတိတ်စင်မှာ ဒေါ်စုကို စကားပြော စေချင်တယ်။ ဒါပေမယ့် မရလိုက်ဘူး၊ မရတော့ အရမ်း ခံစားရတယ်။ ကျမတို့ ဆုံးရှုံးလိုက်တာပေါ့” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို မကြားလိုက်ရသဖြင့် အတိုင်းမသိ ခံစားရသည်ဟု မဲဆောက်မြို့မှ
မြန်မာစေတနာ့ဝန်ထမ်း အသင်းမှ ကိုအောင်ဒင်က “တမနက်လုံး ပန်းစည်းပေးဖို့ ဆိုပြီး လုပ်နေကြတာ။ တွေ့လိုက်တော့လည်း စက္ကန့်ပိုင်းလေးသာသာလေးပဲ။ တံခါးကို ဖွင့်ပြီးလက်ရမ်းနုတ်ဆက်တော့ ပုလိပ်တွေက အတင်းမောင်းပြီးထွက်သွားလိုက်တာလေ။ ဘာမှ မပေးလိုက်ရဘူး။ ဒါပေမယ့် တော်တော်လေး ခံစားရတယ်။ မယ်လက ပြန်လာရင်လည်းလေယာဉ်ကွင်းနားမှာ လူတွေကို လက်ပြ နှုတ်ဆက် တာလောက်နဲ့ ပြီးသွားတယ်။ အတိုင်းအတာ မရှိ ခံစားရတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်မြို့နယ်သို့ သွားရောက်ခဲ့သည့် အစီအစဉ်နှင့် ကွာခြားမှု ရှိနေပြီး လက်ရှိ မဲဆောက်မြို့သို့ ရောက်ရှိလာသော တွေ့ဆုံမည့် အစီအစဉ်များအားလုံးကို ထိုင်းအာဏာပိုင်များအနေဖြင့် တမင်သက်သက် ဖျက်သိမ်းသည့် ပုံစံမျိုး သက်ရောက်နေသည်ဟု HREIB ဒါရိုက်တာ ကိုအောင်မျိုးမင်းက
ပြောသည်။
“ကျနော်တို့ကတော့ တွေ့ချင်တယ်ဆိုပြီး အစောကြီးကတည်းက စာပို့ထားတယ်။ လူသိရှင်ကြား
ပြောထားတာပဲ။ ဆက်လည်း ဆက်သွယ်ထားတာပဲ။ ဒါပေမယ့် တွေ့ခွင့်မရတာက စိတ်မကောင်းဘူး။ ကျနော်တို့ မတွေ့ရတာမကပဲ။ ဒီမှာ လေယာဉ်ကွင်းရှေ့မှာ မြန်မာပြည်သား အလုပ်သမားတွေ ထောင်နဲ့ချီ
စောင့်နေတယ်။ ကျနော်တို့ဘက်က ဒေါ်စုနဲ့ တွေ့ဖို့ တခြားနည်းလမ်း ရှာလို့ ရပေမယ့် အလုပ်သမားတွေ အနေနဲ့ ဒီလိုမျိုးဖြစ်နိုင်မယ်ဆိုတဲ့ အခြေအနေမျိုး မတွေ့ရတဲ့အတွက် သူတို့ကို ကြည့်ပြီးတော့ စိတ်ထဲမှာ မကောင်းဘူး” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ အရှေ့အာရှဆိုင်ရာ စီးပွားရေးညီလာခံသို့ တက်ရောက်ခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးများကို ထိုင်းဒုဝန်ကြီးနှင့်တွေ့ဆုံကာ မြန်မာအလုပ်သမား အများအပြားနေထိုင်သည့် မဟာချိုင်တွင်လည်း
နှစ်ကြိမ်သွားရောက်စဉ် မိန့်ခွန်း ပြောကြားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဘန်ကောက်မြို့သို့ ထွက်ခွာသွားပြီး တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့သို့ ပြန်မည် ဖြစ်ကြောင်း သိရသည်။

ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်သွားရင် စစ်ရေးပူးပေါင်း ဆောင်ရွက်မည်
မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်သွားမယ် ဆိုရင် အမေရိကန် အနေနဲ့  မြန်မာနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့  အမေရိကန် ကာကွယ်ရေး ၀န်ကြီး Leon Panetta က ဒီကနေ့ ပြောပါတယ်။အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေး တိုးတက်အောင်လုပ်မည်
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်ပြီး လုပ်သွားမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ စစ်ဘက်ဆက်ဆံရေးကို ပိုပြီး ကောင်းမွန်အောင် လုပ်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta က ပြောလိုက်ပါတယ်။ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးအဖွဲ့ IISS က စင်ကာပူမှာ စီစဉ်လုပ်တဲ့ အာရှဒေသ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ Shangri-la Dialogue မှာ ကာကွယ်ရေးဝန်ကြီး Panetta က ပြောသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လက်တွေ့ အကောင်အထည်ဖော်ပြီး နိုင်ငံရေး လွတ်လပ်ခွင့် ပိုပေးလာမယ်ဆိုရင် အမေရိကန်နဲ့ မြန်မာကြား စစ်ဘက် ဆက်ဆံရေး တိုးတက်စေမဲ့ နည်းလမ်းတွေကို ဆွေးနွေးသွားဖို့ ပင်တဂွန် (Pantegon) စစ်ဌာနချုပ်က လိုလိုလားလား ရှိတယ်လို့ မစ္စတာ Panetta ကပြောပါတယ်။ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေကို အမေရိကန်အစိုးရက လျှော့ပေါ့မှုတွေ လုပ်ပေးပြီး မှန်ကန်တဲ့လမ်းကို သွားဖို့ ကြိုးစားအားပေးနေတယ် ဆိုတာကိုလည်း ကာကွယ်ရေးဝန်ကြီးက ထပ်ပြီး ပြောကြားသွားပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ် ဒေသတွင်း နိုင်ငံတွေအနေနဲ့ မိမိကိုယ်ကို ကာကွယ်နိုင်ကြဖို့အတွက် ကာကွယ်ရေးဆိုင်ရာ စွမ်းရည်တွေမြှင့်တင်ရေးအတွက် အကူအညီပေးမှာ ဖြစ်တယ်လို့လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Leon Panetta က အာရှဒေသလုံခြုံရေးဆိုင်ရာ ထိပ်သီးစည်းဝေးပွဲမှာ ပြောကြားသွားပါတယ်။
မြန်မာ့စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှပ်နှံဖို့ သြစတေးလျ စိတ်ဝင်စားနေ
သြစတေးလျ နိုင်ငံက မြန်မာနိုင်ငံမှာ စွမ်းအင် ရှာဖွေရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံရေးအတွက် ပြည်ပနိုင်ငံတွေနဲ့  ပူးပေါင်း ဆောင်ရွက်လိုကြောင်း သြစတေးလျ ၀န်ကြီး က အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံမှာ မနေ့က ပြောပါတယ်။မနေ့ က WEF ညီလာခံ အပြီး အလွတ်သဘော ပြောရာမှာ သြစတေးလျ စွမ်းအင်၊ အရင်းအမြစ်နဲ့  ခရီးသွားလုပ်ငန်း ၀န်ကြီး Martin Ferguson က သြစတေးလျ နိုင်ငံက သတ္တုတွင်း နဲ့ ရေနံကုမ္ပဏီတွေကို ထိုင်းနိုင်ငံ က PTT ကုမ္ပဏီ၊ အမေရိကန် အခြေစိုက် Chevron ကုမ္ပဏီ တွေနဲ့  ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့  အားပေးတိုက်တွန်း တယ်လို့ ဆိုပါတယ်။
စွမ်းအင် အရင်းအမြစ် အတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားတဲ့ အတွက် နည်းပညာ ကျွမ်းကျင်မှု၊ ကုန်ကျစရိတ်နဲ့ အရဲစွန့် လုပ်ရတာကို မိမိတို့ က စိုက်ထုတ်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Mr.Fergusen က ရင်းနှီးမြှုပ်နှံလိုတဲ့ သူတွေ အနေနဲ့  မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ဘဏ္ဍာရေး မူဝါဒ ချမှတ်မှုတွေ ပေါ်ထွက်လာဖို့ မျှော်လင့်နေသလို သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေတွေလည်း ခိုင်မာမှု ရှိဖို့  အရေးကြီးတယ်လို့  ပြောဆိုပါတယ်။
ပုဂံ ဟိုတယ်ဇုန်သစ် စီမံကိန်း ရှေးဟောင်း သုတေသန ကန့်ကွက်
မြန်မာ့ခရီးသွားလုပ်ငန်းက စီစဉ်ထားသည့် ပုဂံ ဟိုတယ်ဇုန် အသစ် စီမံကိန်းကို ပုဂံမြို့ ရှေးဟောင်းသုတေသန ဌာနနှင့် ညောင်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြိုင်တို့က ကန့်ကွက်စာ တင်ထားကြောင်း သတင်းရရှိသည်။ဟိုတယ်ဇုန် တည်ဆောက်မည့်နေရာမှာ တူးရွင်းတောင်ခြေ မြောက်ဘက်ဖြစ်ပြီး မြေဧက ၁၂၀၀ အကျယ်အဝန်းရှိကြောင်း၊ ဒေသခံ လယ်သမား ၂၇၀ ၏ လယ်မြေများ ပါဝင်နေသည့်အပြင်၊ ရှေးဟောင်းအဆောက်အအုံနှင့် မတူးဖော်ရသေးသော ရှေးကုန်းဟောင်းများ ရှိနေကြောင်း သိရသည်။
“ဟိုတယ်ဇုန်လုပ်မယ်လို့ သူတို့တွေ စီမံနေတာသိတယ်။ အဲဒါကြောင့် ဒီနေရာတွေကို ကွင်းဆင်း စစ်ဆေးပြီးတော့ ကန့်ကွက်စာ တင်လိုက်တာပါ။ ညွှန်မှူးချုပ်ရုံးမှာ စာတင်ထားပါတယ်။ ၀န်ကြီးဌာနအချင်းချင်း စကားပြောကြပါလိမ့်မယ်” ဟု ပုဂံမြို့ ရှေးဟောင်းသုတေသနဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်က ပြောသည်။
ကန့်ကွက်စာကို မေလ ၂၂ ရက်နေ့က တင်ထားပြီး ယနေ့အထိ ညှိနှိုင်းဆဲ ဖြစ်ကြောင်း၊ ဟိုတယ်ဇုန်ကို တူရွင်းတောင် အရှေ့ဘက်၊ ကျောက်ပန်းတောင်း-ညောင်ဦး ကားလမ်းမ အရှေ့ဘက် တောင်ခြေချောင်းနားတွင် ပြောင်းရွှေ့အကောင်အထည်ဖော်ရန် ကန့်ကွက်စာထဲတွင် အကြံပြုထားကြောင်း သိရသည်။
ပုဂံ ဟိုတယ်ဇုန်အသင်း အတွင်းရေးမှူး ဦးဇော်ဝိတ်က “မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က ဒီဇုန်ဆောက်ဖို့ကို သဘောတူကြောင်း တရားဝင် စာထွက်ပြီးပြီ။ ဒီနေရာက ရှေးဟောင်းသုတေသနရဲ့ Monument Zone ထဲမှာ မပါပါဘူး။ Production Zone ထဲမှာ ပါနေတာကို သူတို့က တမင်လိုက်ကပ်နေတာဗျ။ လယ်မြေတွေပါတယ် ဆိုတာကလည်း သူတို့နဲ့ ဘာဆိုင်လို့တုန်း။ မြေစာရင်းနဲ့ပဲဆိုင်တာ” ဟု ပြောသည်။
ပုဂံတွင် ခရီးသွားဧည့်သည်များလာသဖြင့် ဟိုတယ်မလုံလောက်သောကြောင့် ၂၀၁၀ ဒီဇင်ဘာတွင် မြန်မာ့ခရီးသွားလုပ်ငန်းက ယခုမြေနေရာတွင် ဟိုတယ်ဇုန် ဆောက်လုပ်ရန် စီစဉ်ခဲ့ကြောင်း၊ မန္တလေး တိုင်းဒေသကြီး မြေစာရင်းဦးစီးမှူး၊ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး၊ ရှေးဟောင်းသုတေသနဌာန ကိုယ်စားလှယ်၊ ဟိုတယ်ခရီးမှ ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်မြေစာရင်းမှူးတို့က ယခုနေရာကို ကွင်းဆင်းစစ်ဆေးကာ ဟိုတယ်ဇုန် စီမံကိန်းကို ထိုစဉ်ကလည်း ကန့်ကွက်ခဲ့ဖူးကြောင်းလည်း သိရသည်။
ပုဂံ ဟိုတယ်ဇုန် စီမံကိန်းအတွက် အကူအညီပေးနေသည့် မန္တလေး ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးမြအောင်က “ပုဂံဟိုတယ်ဇုန်ကတော့ မြေပုံထုတ်ဖို့ပဲ ကျန်တော့တယ် ပြောတယ်။ မြေစာရင်းတိုင်း ဦးစီးမှူးကိုလည်း အကူအညီ တောင်းထားပါတယ်။ ရှေးဟောင်းသုတေသနနဲ့ ညှိနေပါတယ်” ဟု ပြောသည်။
ပုဂံမြို့နှင့် ညောင်ဦးမြို့ နှစ်မြို့အကြား မြေနေရာလွတ်များနှင့် ပုဂံမြို့တွင်းတို့တွင် တည်းခိုခန်းများ တည်ဆောက်ခွင့်ကို အစိုးရက ခွင့်ပြုပေးပါက ဟိုတယ်ဇုန်သစ် ပြဿနာနှင့် ခရီသွားများ တည်းခိုခန်း မလုံလောက်မှု ပြဿနာကို လတ်တလော ဖြေရှင်းနိုင်ဖြစ်ကြောင်း ဦးဇော်ဝိတ်က ဆိုသည်။
သတ္တုတွင်း အလုပ်သမားများ Asia World ကို ဆန္ဒပြ
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့ရှိ အမှတ် (၁) သတ္တုတွင်းကို Asia World ကုမ္ပဏီက လွှဲပြောင်း ယူပြီးနောက် လုပ်ငန်းလည်ပတ်မှု နည်းပါးပြီး ၀န်ထမ်းများကို လစဉ် အလုပ်ထုတ်ပစ်နေသောကြောင့် သတ္တုတွင်းအလုပ်သမား ၃၀၀ ကျော် ဆန္ဒပြနေကြောင်း သတင်းရရှိသည်။
“အလုပ်သမားတွေက အချက် ၈ ချက် တောင်းဆိုထားတယ်။ မနေ့က မြို့နယ် အုပ်ချူပ်ရေးမှူး၊ ခရိုင်အလုပ်သမားညွှန်မှူးနဲ့ အလုပ်သမားခေါင်းဆောင်တွေ ညှိကြတယ်။ ကုမ္ပဏီဖက်က ဘယ်သူမှမလာဘူး။ ဒါကြောင့်ဒီနေ့လည်း ဆန္ဒဆက်ပြနေတုန်းပဲ” ဟု သတ္တုတွင်း အုပ်ချုပ်ရေးမှူး ဦးမဲတူက ပြောသည်။
အလုပ်သမားများ တောင်းဆိုထားသည့် အချက်များတွင် တောင်တန်းဒေသဖြစ်၍ အနိမ့်ဆုံးလစာ ကျပ် ၆ သောင်းခွဲပေးရန်၊ အချိန်ပိုကြေးပေးရန်၊ အလုပ်သမားများအတွက် ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ ၂ နှစ်ကြာပြီဖြစ်၍ ဆရာဝန်ထားပေးရန်၊ ယခင်က လျှပ်စစ်မီး အခမဲ့ရခဲ့သော်လည်း Asia World က လွှဲယူပြီးနောက် မီးတာခတောင်းနေခြင်းကို ရပ်တန့်ရန်၊ လမ်းပြင်ပေးရန်၊ အလုပ်သမားများကို ထုတ်ပစ်မည့်အစား တခြား လုပ်ငန်း၊ ကုမ္ပဏီသို့ လွှဲပြောင်းခန့်ထားပေးရန်တို့ စသည်တို့ ပါဝင်သည်။
မေလ ၃၁ ရက်နေ့မနက် ၆ နာရီခွဲမှ ယနေ့အထိ ဆန္ဒပြနေကြကြောင်း၊ အလုပ်ဖြုတ်ခံထားရသော ၀န်ထမ်းများရော အလုပ်မှ ၀န်ထမ်းများပါ ဘော်တွင်း ၀န်ထမ်းရေးရာရုံးရှေ့တွင် ဆန္ဒပြနေကြနေခြင်းဖြစ်ကြောင်း သိရသည်။
သတ္တုတွင်း ဝန်ထမ်းတဦးဖြစ်သူ ဒေါ်ဂျေနီက “ မျိုးရိုးစဉ်ဆက် သတ္တုတွင်းဝန်ထမ်းပဲ လုပ်လာကြတာလေ။ ဒီမှာက အခုလို အလုပ်ဖြုတ်လိုက်တော့ မိဘတွေ ပိုက်ဆံမရှိကြတော့လို့ ဒီဘော်တွင်းက ကျားစခန်း မူလတန်းကျောင်းမှာဆို မနေ့က ကျောင်းဖွင့်ရက်မှာ ကျောင်းမအပ်နိုင်လို့ ကျောင်းသားတွေ တယောက်မှ ကျောင်းလာမတက်ကြဘူး” ဟု ပြောသည်။
ဆန္ဒပြမူနှင့်ပတ်သတ်၍ နမ္မတူမြို့မှ Asia World ကုမ္ပဏီကိုဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက ဤကိစ္စနှင့် ပတ်သက်၍ မှတ်ချက်မပေးလိုကြောင်း ပြောကြားသည်။
သတ္တုတွင်း ၀န်ထမ်းဟောင်းဖြစ်သူ ဦးဇော်က “Asia World က တရုတ်နိင်ငံကို ပို့နေတဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှာ သတ္တုတွင်းက ၀န်ထမ်းတွေကို ငှားထားတာ။ အခု KIA (ကချင်လွတ်မြောက်ရေး တပ်မတော်) က လမ်းပိတ်ထားတော့ ဒီစီမံကိန်းက ရပ်ထားရတာ။ ဒီဝန်ထမ်းတွေကို ကုမ္ပဏီက ပြန်လက်မခံဘဲ ဖြုတ်ပစ်လိုက်တယ်” ဟု ပြောသည်။
Asia World ကုမ္ပဏီသည် အမှတ် (၁) သတ္တုတွင်းကို ၂၀၁၀ ပြည်နှစ်တွင် တရားဝင်လွှဲပြောင်းယူခဲ့ပြီး ၂၀၁၁ ခုနှစ်အထိ ပြင်ဆင်ဆဲကာလဟု ဆိုကာ အလုပ်များ ရပ်ဆိုင်းထားခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် လုပ်ငန်း ပြန်လည် စတင်လည်ပတ်သည်။
အစိုးရထံမှာ လွှဲပြောင်းယူစဉ် ဝန်ထမ်း ၂၅၀၀ ကျော်ပါခဲ့သော်လည်း ဝန်ထမ်းအင်အား လျှော့ချခဲ့ရာ ဝန်ထမ်း ၁၀၀၀ ကျော် အလုပ်ပြုတ်ခဲ့ကြောင်း၊ ယခုအခါ ဝန်ထမ်းအင်အား ၅၀၀ ခန့်သာ ထားမည်ဟု သတင်းထွက်ပေါ်နေကြောင်း၊ ဝန်ထမ်းများ၏ တောင်းဆိုချက် မပြေလည်ပါက ပြည်ထောင်စုလွှတ်တော်အထိ တင်ပြမည် ဖြစ်ကြောင်း သိရသည်။
ရှေးဟောင်း အဆောက် အအုံများ ထိန်းသိမ်းရေး ကွန်ဖရင့် ကျင်းပ
ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရေးအတွက် ကွန်ဖရင့်တခုကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စထရင်းဟိုတယ်တွင် ယမန်နေ့ကပြုလုပ်သည်။အဆိုပါကွန်ဖရင့်ကို Yangon Heritage Trust ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦးက ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတကာမှ ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းရေးပညာရှင်များဖြစ်သည့် ဖိလစ်ဒေးဗစ်၊ ဒေါက်တာ လှိုင်မော်ဦး၊ Jose Gomez Ibaneza, ဒေါက်တာ ကျော်လတ် စသည့်ပညာရှင်များ တက်ရောက် ဆွေးနွေးကြသည်။
ပညာရှင်များက မလေးရှားနိုင်ငံ ဂျော့တောင်းမြို့၊ အင်္ဂလန်နိုင်ငံ လီဗာပူး၊ လန်ဒန်၊ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်၊ စင်ကာပူတို့မှ အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးများနှင့် နှိုင်းယှဉ်ပြောဆိုသွားသည်။အဆိုပါ ကွန်ဖရင့်သို့ တက်ရောက်လာသည့် စိတ်ဝင်စားသူအများစုမှာ နိုင်ငံခြားသားများဖြစ်သည်ကို တွေ့ရသည်။ကိုလိုနီခေတ် အစိုးရရုံးများ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ မွတ်စလင်နှင့် ခရစ်ယာန် ရှေးဟောင်း ဘုရားကျောင်းများ အပါအ၀င် ရှေးဟောင်း စီးပွားရေးဆိုင်ရာ အဆောက်အအုံများ လည်းပါဝင်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့၏ ကိန်းဂဏန်းများအရ ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့် ကိုလိုနီခေတ် အဆောက်အအုံများမှာ ၂၀၀ ခန့်ရှိကြောင်း၊ အစိုးရပိုင် ရှေးဟောင်း ရုံးအဆောက်အဦးများ ပြုပြင်ထိန်းသိမ်းရေး စတင်နေပြီ ဖြစ်သော်လည်း ပုဂ္ဂလိကပိုင် ရှေးဟောင်းအဆောက်အဦး ထိန်းသိမ်းရေးကိုမူ ဆွေးနွေးဆဲဖြစ်ကြောင်း သိရသည်။
အိုးအိမ်ဖွံဖြိုးရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မီမီသိန်းက “အရင်ကတော့ ရွှေတိဂုံဘုရားကို ရှေးဟောင်းလို့ ထင်တယ်။ အခုဆို တရုတ်တန်းကအစ ရှေးဟောင်းအမွေအနှစ်လို့ မြင်လာပြီ။ လူတွေနေထိုင်မှု၊ ဈေးဆိုင်တွေ၊ အဆောက်အဦးတွေ၊ ဘုံကျောင်းတွေကိုပါ ထည့်သွင်းစဉ်းစားလာပြီ” ဟု ဆိုသည်။
လတ်တလောတွင်မူ နိုင်ငံပိုင် အဆောက်အအုံများကိုသာ ဦးစားပေး ထိန်းသိမ်းသွားမည်ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍကိုလည်း တဖြည်းဖြည်းချင်းပြုလုပ်သွားမည်ဟု သိရသည်။ယခုအခါ ရန်ကုန်မြို့တွင် ရှေးဟောင်းအဆောက်အအုံ အများစုကို ဖျက်ကာ အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ်နေသည်ကို တွေ့ရသည်။
ရန်ကုန်မြို့ တရုတ်တန်းဟု လူသိများသည့် ၁၉ လမ်း၊ လမ်း ၂၀၊ လသာ စသည့်လမ်းများတွင် ရှေးဟောင်း တရုတ်ဘုံကျောင်းများ၊ လူနေအဆောက်အဦးများ အများအပြား ရှိသော်လည်း ပြုပြင်ထိန်းသိမ်းမှု ကင်းမဲ့နေသည်။
ယခုအခါ ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ရှေးဟောင်းအဆောက်အအုံများကို နိုင်ငံခြားသားများက ငှားရမ်းပြုပြင်ပြီး ဘားဆိုင်များ အဖြစ် ပြောင်းလဲအသုံးချထားသည်ကို တွေ့ရသည်။ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရေး ကွန်ဖရင့်တွင် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်၏ သမိုင်းဝင် ရန်ကုန် တက္ကသိုလ် ပြုပြင်ထိန်းသိမ်းရေး မေးမြန်းမှုကိုမူ အသေးစိတ် ပြန်လည်ဖြေကြားခြင်းမရှိပေ။မကြာသေးမီကလည်း ရန်ကုန်တက္ကသိုလ် တင်းနစ်ကွင်းများကို လာမည့် ဆီးဂိမ်းတွင် အသုံးပြုမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသည့်အတွက် စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်က ကန့်ကွက်သည့် စာတစောင်ထုတ်ဝေခဲ့သေးသည်။
လယ်သမား ၁၆ ရာခိုင်နှုန်းသာ အစိုးရ လျှပ်စစ်ကို အသုံးပြုရဟု စစ်တမ်းဆို
မြန်မာနိုင်ငံ၏ ကျေးလက်တွင် နေထိုင်ကြသော လယ်သမားများအနက်မှ ၁၆ ရာခိုင်နှုန်းသာ အစိုးရက ပေးသော လျှပ်စစ်ကို သုံးစွဲရသည်ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ
ကောက်ယူထားသော စစ်တမ်းတွင် ဖော်ပြထားသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၂ ခုနှစ် မတ်လ အတွင်း လယ်သမား အများစုနေထိုင်သည့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်းတို့မှ လယ်သမား ၃,၆၀၀ ရာကို သုတေသနပြု စစ်တမ်းကောက်ယူထားခြင်း ဖြစ်သည်။
အဆိုပါ စစ်တမ်းအရ ကျေးလက်နေ လူထုအများစုမှာ လျှပ်စစ် သုံးစွဲနိုင်ခြင်းမရှိသလို၊ လျှပ်စစ် သုံးစွဲနိုင်သူများသည်လည်း အစိုးရ ပေးသော လျှပ်စစ်ထက် ပုဂ္ဂလိကမှ ရရှိသော လျှပ်စစ်ကို ပိုမို အားထားနေရသည်ဟု သိရသည်။
ကျေးလက်ဒေသများတွင် လျှပ်စစ်ကို အစိုးရထံမှလည်းကောင်း၊ ပုဂ္ဂလိက မီးစက်များမှ လည်းကောင်း၊ ကိုယ်ပိုင် မီးစက်များဖြင့်လည်းကောင်း၊ အခြားသော နည်းလမ်းများဖြင့်လည်းကောင်း ရရှိကြသည်ဟု စစ်တမ်းက ဆိုသည်။
တောင်သူလယ်သမားကိစ္စများကို လွန်ခဲ့သည့်သုံးနှစ်မှစ၍ အကူအညီပေးခဲ့သော AFDC (Activists for Free & Development Communities) အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုး က “ရန်ကုန်လို မြို့ကြီးမှာတောင် လျှပ်စစ်မီးမမှန်တာ။ နယ်က လယ်သမားတွေကတော့ ပိုဆိုးတာပေါ့။ လယ်သမားတွေက သူတို့လယ်ကွင်းထဲ
က ဖြတ်သွားတဲ့ လျှပ်စစ် တာဝါတိုင်တွေကို နေ့တိုင်း မြင်နေရပေမယ့် သူတို့ရွာတွေ ကတော့
မှောင်နေဆဲပါပဲ” ဟု ဆိုသည်။
လျှပ်စစ် လုံလောက်စွာ မရရှိပါက လယ်သမားများ၏ လူမှုဘဝမှာလည်း တိုးတက်ရန် မဖြစ်နိုင်ကြောင်း၊ လျှစ်စစ် မရှိပါက ရာသီဥတုသတင်းကိုပင် လယ်သမားများ ကောင်းမွန်စွာ ရရှိရန်ခက်ခဲကြောင်း ကိုပြည့်ဖြိုး က ပြောသည်။
လယ်သမားများ လျှပ်စစ်မီးရရှိမှု အလွန်နည်းပါးနေသဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လျှပ်စစ်မီး
ထောက်ပံ့ပေးရန် စဉ်းစားသင့်ကြောင်း စစ်တမ်းက အကြံပြုထားသည်ကိုလည်း တွေ့ရသည်။
ကျေးလက်နေ လယ်သမားများအနေနှင့် လျှပ်စစ်ဓာတ်အားရရှိမှုအလွန်နည်းပါးရုံသာမက ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး အခက်အခဲများကို ရင်ဆိုင်နေရသဖြင့် သတင်းအချက်အလက် ရရှိရန်၊ ဆန်စပါး
ရောင်းချရန်အပြင် ကျန်းမာရေး စောင့်ရှောက်မှုအတွက်ပါ အဓိက အတားအဆီး ဖြစ်နေသည်ဟု စစ်တမ်းက ဆိုသည်။
ယခုလအတွင်းတွင် ရန်ကုန်၊ မန္တလေး၊ ပြည်၊ သုံးခွ စသည့်မြန်မာနိုင်ငံတဝှန်းရှိမြို့များတွင် လျှပ်စစ် လုံလောက်စွာပေးရန် တောင်းဆိုသည့်ဆန္ဒပြမှုများဖြစ်ပွားနေပြီး အစိုးရက လျှပ်စစ်ပြတ်တောက်ခြင်း သည် မဟာဓါတ်အားလိုင်းသွယ်တန်းသည့် တာဝါတိုင်အား ကချင်လွတ်လပ်ရေးအဖွဲ့ က ဗုံးခွဲ ဖျက်စီးမှုကြောင့်ဟု အကြောင်းပြချက် ပေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မြောက်ဘက် ရေဖြူမြို့နယ် နဘုလယ်ဒေသတွင် အကောင်အထည်ဖော်လျက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုစစ်တမ်း (EIA) နှင့် လူမှုရေး ထိခိုက်မှုဆိုင်ရာ စစ်တမ်း (SIA) ထွက်ရှိလာပြီဖြစ်ကြောင်းနှင့် လတ်တလောအခြေအနေတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများထက် လူမှုရေးဆိုင်ရာ ထိခိုက်မှုများက ပိုများနေကြောင်း အဆိုပါစစ်တမ်းအရ သိရှိရပါသည်။
အဆိုပါစစ်တမ်းအား ရပ်ရွာအခြေပြု အဖွဲ့အစည်းများဖြစ်သည့် ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(Dawei Development Association-DDA)၊ Southern Society Development Network(SSDN)၊ Loka Ahlinn (လောကအလင်း)နှင့် TRoCAIRE အဖွဲ့များက ကောက်ယူထားခြင်းဖြစ်ပြီး စီမံကိန်းစတင်ပြီး နှစ်နှစ်အကြာတွင်မှ အရပ်ဘက် အဖွဲ့အစည်းများ၏ စစ်တမ်းကောက်ယူမှုကြောင့် ထွက်ရှိလာသော စစ်တမ်းဖြစ်ကြောင်းလည်း သိရှိရသည်။

ကုမ္ပဏီ မှတ်ပုံတင် သက်တမ်းတိုးကိစ္စများ ဆောင်ရွက်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံးခွဲကို ရန်ကုန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။
အဆိုပါရုံးခွဲကို ဇွန်လအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်အချို့ကိုပါ ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
''နေပြည်တော်မှာ ဆောင်ရွက်ဖို့လိုအပ်တဲ့ ကုမ္ပဏီမှတ်ပုံတင်တဲ့ကိစ္စကို နေပြည်တော်ရုံးမှာ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ကုမ္ပဏီမှတ်ပုံတင် သက်တမ်းတိုးတဲ့ကိစ္စကိုတော့ ရန်ကုန်ရုံးခွဲမှာ ဆောင်ရွက်နိုင်ဖို့ စီစဉ်သွား မှာဖြစ်ပါတယ်။ MIC ကိစ္စ တချို့ကိုပါ ဆောင်ရွက်နိုင်အောင် စီ စဉ်သွားမှာပါ''ဟု ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။ လက်ရှိအချိန်သည် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် တာစူနေသည့်အချိန်လည်း ဖြစ်သည်။ အဆိုပါကိစ္စများအတွက် Proposal ကိစ္စများကို နေပြည်တော်သို့ လာရောက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ အပါအ၀င် ပြည်ထောင်စုဝန်ကြီး အားလုံးပါဝင်သည့် စီမံကိန်း ကော်မရှင်တစ်ရပ်ကို နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ မေလအတွင်းက ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်၏ လူမှုစီးပွား တိုးတက်စေရေးအတွက် ကျေးရွာ၊ မြို့နယ်၊ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းများ၊ကဏ္ဍအလိုက် စီမံကိန်းများနှင့် ဒေသန္တရ စီမံကိန်းများပါဝင်သည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအား အမျိုးသားစီမံကိန်း မူဝါဒများနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်း ကော်မရှင်ကို ဖွဲ့စည်းခြင်းဖြစ်သည်။ စီမံကိန်းကော်မရှင်တွင် နိုင်ငံတော်သမ္မတက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဒုတိယသမ္မတနှစ်ဦးက ဒုတိယဥက္ကဋ္ဌများအဖြစ် လည်းကောင်း ဖွဲ့စည်းထားပြီး အတွင်းရေးမှူးအဖြစ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီးက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကော်မရှင်၏ အဖွဲ့ဝင်များမှာ ပြည်ထောင်စုဝန်ကြီးအားလုံး၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော်ကောင် စီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ပါဝင်ပြီး ပြည်နယ်ဝန်ကြီးချုပ်အားလုံးမှာလည်း အဆိုပါကော်မရှင်၏ အဖွဲ့ဝင်များအဖြစ် ပါ ၀င်ကြောင်း သိရသည်။
စီမံကိန်းကော်မရှင် ဖွဲ့စည်းခြင်းကို နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာ အမှတ်(၂၈/၂၀၁၂)ဖြင့် ထုတ်ပြန် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

ကချင်လူမျိုးများ ရိုးရာယဉ် ကျေးမှုဗဟိုကော်မတီသည် ငြိမ်းချမ်း ရေးနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်မှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ကချင်လူမျိုးများ ရိုးရာယဉ် ကျေးမှု ဗဟိုကော်မတီနှင့် ကချင်မျိုးနွယ်စု ခြောက်မျိုးမှ ကိုယ်စားလှယ်များ၏ အစည်းအဝေးကို မြစ်ကြီးနားမြို့ရှိ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီရုံးတွင် ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့က ပြလုပ်ခဲ့ကာ အစည်းအဝေးမှ ညှိနှိုင်းသဘောတူ ချက်များကို တင်ပြ အစီရင်ခံခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အစီရင်ခံစာကို ဥက္ကဋ္ဌ ကချင်ပြည်နယ် လွှတ်တော် မြစ်ကြီးနားမြို့သို့ လိပ်မူထားပြီး မေလ ၂၅ ရက်နေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်ကာ စုစုပေါင်း အချက်ခုနစ်ချက် ပါရှိခဲ့သည်။
ကချင်လူမျိုးများ ရိုးရာယဉ် ကျေးမှုဗဟိုကော်မတီ၏ တင်ပြချက်မှ အချက်(၁)တွင် ပြည်ထောင်စုမြန်မာနိုင်ငံဟု ဖြစ်ပေါ်လာခြင်းသည် တိုင်းရင်းသားများ စုပေါင်း သဘောတူ လက်မှတ်ရေးထိုးခဲ့သော ပင်လုံစာချုပ်အရသာ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ပင်လုံစာချုပ်အရ တိုင်း ရင်းသား စည်းလုံးညီညွတ်မှုကို ရယူနိုင်ခဲ့သည်သာမက တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကိုလည်း တည်ဆောက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ဆက်လက်ဖော်ပြချက်များ၌ 'ပင်လုံစာချုပ်အရ ဖြစ်ပေါ်လာသော ပြည်ထောင်စုသည် တိုင်းရင်းသား လူမျိုးတစ်မျိုးနှင့် တစ်မျိုး တန်းတူ ညီတူ အခွင့်အရေး ရရှိရေး မိမိနေရာကို မိမိကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေးကို အခြေခံ၍ တည်ဆောက်ခဲ့သော ပြည်ထောင်စုဖြစ်ကြောင်၊ သို့သော် အစိုးရ အဆက်ဆက်တို့သည် ပြည်ထောင်စုစနစ်ကို မဖော်ဆောင်ဘဲ ဗဟိုဦးစီးစနစ်ကို ဖော်ဆောင်ခဲ့၍ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့ရကြောင်း'ပါရှိသည်။
တိုင်းပြည်အာဏာကို လူမျိုးကြီး တစ်မျိုးက ဆုတ်ကိုင်ထားသဖြင့် လူနည်းစု တိုင်းရင်းသားများသည် အအုပ်ချုပ်ခံဘ၀သို့ ရောက်ရှိသွားကြောင်း၊ အစိုးရအဆက်ဆက်တွင် တိုင်းရင်းသားတို့၏ ကိုယ်စီရပိုင်ခွင့်ကို အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း လက်ခံပေးခြင်းမရှိသည့်အတွက် လက်နက်ကိုင် လမ်းစဉ်ကို ကိုင်စွဲလာရခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်ဟု အဆိုပါ ဗဟိုကော်မတီက တင်ပြထားသည်။
ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိဖြစ်နေကာ စစ်ဆင်နေသော တပ်များအားလုံး ပြန်လည်ရုပ်သိမ်းပေးသွားပါက ငြိမ်းချမ်းရေးဆွေးနွေးရာတွင် အဓိက အထောက်အကူ ဖြစ်မည်ဟုလည်း အကြုံပြုထားသည်။
နောက်ဆုံး တင်ပြချက်တွင်မူ ပင်လုံစာချုပ်ကို အခြေခံပြီး လုပ်ဆောင်သွားမှသာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိ၍ စစ်မှန်သော ပြည်ထောင်စုကြီး ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ယုံကြည်ပါသည်ဟု ပါရှိခဲ့သည်။

LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment