ဒုက္ခသည်စခန်းရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေးအတွက် ကြိုးစားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို
ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂ ရက်နေ့တွင် နံနက်ကိုးနာရီခန့်အချိန်တွင် မဲဆောက်သို့ ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ခြင်းဖြစ်ပါသည်။
ဒုက္ခသည်စခန်းသို့ ရောက်ရှိချိန်၌ သီးခြား မိန့်ခွန်းပြောဆိုခဲ့ခြင်း မရှိသော်လည်း ဒုက္ခသည်များအား နှုတ်ဆက်စကား အနည်းငယ်ပြောကြားခဲ့ရာတွင် နေရပ်ပြန်နိုင်ရေးအတွက် ကြိုးစားပေးသွားမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။
"ဒီကလူတွေကိုလည်း မေ့မထားပါဘူး။ တစ်နေ့ကျရင် ပြန်လာနိုင်အောင် ကြိုးစားပေပါမယ်။ ကျန်းမာရေးကအစ တခြားလိုအပ်တာတွေ ရအောင်လည်း အမြန်ဆုံး ကြိုးစားပေးမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။ သို့သော် ယခုရင်ဆိုင်နေရသော ပြဿနာများသည် လက်တွေ့ကျကျ ဖြေရှင်းရမည့် ကိစ္စများ ဖြစ်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ခဲ့ပါသည်။
“ဒီပြဿနာတွေက စိတ်လှုပ်ရှားခံစားမှုနဲ့ ဖြေရှင်းလို့မရဘူး။ လက်တွေ့ကျကျ ဖြေရှင်းရမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။
မယ်လဒုက္ခသည်စခန်းသည် ထိုင်းနိုင်ငံတွင်ရှိနေသော မြန်မာဒုက္ခသည် စခန်း ရှစ်ခုအနက် အကြီးဆုံးသော ဒုက္ခသည်စခန်းဖြစ်ပြီး ဒုက္ခသည်အရေအတွင် ၅၀၀၀၀၀ ကျော်နေထိုင်လျက် ရှိနေပါသည်။ အကျယ်အ၀န်း လေးမိုင်ခန့်ရှိသော မယ်လဒုက္ခသည်စခန်းတွင် ဇုန်အရေအတွက် သုံးခုခွဲ၍ သတ်မှတ်ထားပြီး ဇုန်အမှတ် C သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ဒုက္ခသည်စခန်းအတွင်း ရောက်ရှိနေသူများအနက် ၈၅ ရာခိုင်နှုန်းမှာ ကရင်လူမျိုးများ ဖြစ်ကြပြီး အခြားတိုင်းရင်းသားများနှင့် ဗမာများလည် ရောက်ရှိလျက်ရှိနေပါသည်။ ဒုက္ခသည်စခန်းအတွင်း ရောက်ရှိသူများအနက် ၂၀၀၅ခုနှစ် မတိုင်မီ ရောက်ရှိသူအများစုမှာ စစ်ပြေးဒုက္ခသည်များ ဖြစ်ကြပြီး ၂၀၀၅ ခုနှစ်နောက်ပိုင်း ရောက်ရှိလာသူများမှာ စီးပွားရေးအဆင်မပြေမှု အပါအ၀င် အခြားသော အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာကြသူများ ဖြစ်ပါသည်။ ဒုက္ခသည်အများစု၏ အနာဂတ်မှာ ပျောက်ဆုံးလျက် ရှိနေသော်လည်း အမေရိကန်၊ ကနေဒါနှင့် အီးယူအစရှိသော တတိယနိုင်ငံများသို့ သွားရောက်နိုင်ရေး အိပ်မက်မှာမူ ဒုက္ခသည်များတွင် ရှိနေကြဆဲဖြစ်သည်။ လတ်တလောအနေဖြင့်မူ UN မှ အသိအမှတ်ပြုလက်မှတ်နှင့် ထိုင်းနိုင်ငံမှ ထုတ်ပေးသော မှတ်ပုံတင်ရှိသူများသာ တတိယနိုင်ငံသို့ သွားရောက်ရန် မျှော်လင့်ချက်ကို ရှင်သန်မှုရှိစေကြောင်း သိရပါသည်။
"အခုအခြေအနေအရတော့ UN ကထုတ်ပေးတဲ့ လက်မှတ်နဲ့ ထိုင်းမှတ်ပုံတင် ရထားသူတွေပဲ တတိယနိုင်ငံတွေကို သွားဖို့ အိပ်မက်ထားနိုင်တာပါ။ အဲဒီလက်မှတ်တွေကို ၂၀၀၅ခုနှစ် မတိုင်ခင်က ရောက်လာတဲ့ သူတွေကိုပဲ ထုတ်ပေးနေပါတယ်။ ၂၀၀၅ ခုနှစ်နောက်ပိုင်း ရောက်လာတဲ့သူတွေပိုတော့ ထုတ်မပေးသေးပါဘူး။ ၂၀၀၅ ခုနှစ်နောက်ပိုင်း ရောက်လာသူတွေကတော့မျှော်လင့်ချက်တွေ ပျောက်နေပါတယ်”ဟု မွန်ပြည်နယ်အတွင်း နေထိုင်ခဲ့ပြီး မယ်လဒုက္ခသည်စခန်းသို့ ရောက်ရှိလာသူ ကိုနိုင်အောင်က ပြောပါသည်။
"UN လက်မှတ်နဲ့ ထိုင်းမှတ်ပုံတင် ရထားတဲ့သူတွေကျတော့လည်း တတိယနိုင်ငံသွားဖို့ စောင့်ရတာတွေ ရှိပါတယ်။ ပထမတစ်ချက်ကတော့ OPE ပေါ့။ OPE ဆိုတာ ဘယ်လို စစ်ဆေးလဲတော့ ကျွန်တော်လည်း တစ်ခေါက်မှ မရောက်ဖူးဘူး။ နောက်ပြီးတော့ DHS ဆိုတာ ရှိတယ်။ DHS က သူတို့ဆီရောက်မယ်ဆိုလို့ရင် ဒီကနေ ကြိုပြီးတော့ စစ်ဆေးထားတဲ့ ဟာပေါ့။ အခုထပ်ပေါ်လာတာတော့ Homeless Security ပေါ့နော်။ အဲတာတွေ စိစစ်ပြီးမှ သွားခွင့်ရတာပါ။ အဲတာတွေက ဘယ်လောက်ကြာမလဲဆိုတာတော့ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး”ဟု ကိုနိုင်အောင်က ဆက်လက်ရှင်းပြပါသည်။ လက်ရှိအခြေအနေအရ UN လက်မှတ်နှင့် ထိုင်းမှတ်ပုံတင်ရရှိသူများအား စိစစ်ပြီး တတိယနိုင်ငံများသို့ စေလွှတ်မှုမှာ ဒုက္ခသည်စခန်းတစ်ခုအလိုက် လူဦးရေ ၁၀၀ ခန့်ရှိကြောင်း သိရှိရပါသည်။ တတိယနိုင်ငံများသို့ သွားရောက်နိုင်ရေးမှာ ဒုက္ခသည်များအတွက် တစ်ခုတည်းသော ရွေးချယ်ခွင့် မျှော်လင့်ချက်ဖြစ်နေဆဲ ဖြစ်ပါသည်။ သို့သော် ဒုက္ခသည်စခန်းအတွင်း နေထိုင်စဉ်ကာလအတွင်း၌ ကလေးငယ်များ၏ ပညာရေးအနာဂတ်ပျောက်ဆုံးမှုနှင့် စားနပ်ရိက္ခာမဖူလုံမှုများမှာ န့စဉ်ရင်ဆိုင်နေရသော အခက်အခဲများ ဖြစ်ကြောင်း သိရသည်။
"အခက်အခဲတွေကတော့ အများကြီးရှိတယ်။ ဒီမှာ ကျွန်မတို့ ဒုက္ခသည်တွေဆိုတာ ဘာမှ လုပ်ပိုင်ခွင့် မရှိဘူးလေ။ အလှူရှင်တွေအပေါ်မှာ မူတည်တယ်။ လုပ်ကိုင်နေထိုင် စားသောက်ရတာတော့ ခက်ခဲတာပေါ့” မယ်လဒုက္ခသည် စခန်းရှိ CCEG (Cooperation Committee Ethnic Group) အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဒေါ်မိုးမိုးဝင်းက ပြောပါသည်။
"အဓိကကတော့ ကလေးတွေရဲ့ ပညာရေးပဲ။ ပညာရေးက ဘာဆက်ရမယ်ဆိုတာ မရှိဘူး။ ဘာသာစကားမတူတဲ့ အတွက်ကြောင့် ပညာရေးမှာ အရမ်းခက်ခဲတယ်။ ဗမာပြည်က တက်လာတဲ့ ကလေးတွေဆိုလည်း အရမ်းခက်ခဲတယ်။ ကျွန်မ ကလေးဆိုလည်း ဒီအတိုင်းပဲ။ ကျောင်းတောင် မတက်ဘူး။ ဒီလိုပဲ နေရတာ။ လေးငါးခြောက်နှစ်အရွယ်မှာ၊ အသက်ကလည်း ကြီးလာပြီ။ ကျောင်းကလည်း တက်စရာမရှိဘူး”ဟု ကယားပြည်နယ်တွင် နေထိုင်ခဲ့ပြီး မယ်လဒုက္ခသည်စခန်းသို့ ရောက်ရှိလာသူ ဒေါ်မယ်ရီက ပြောပါသည်။
ထို့အပြင် အခြားပြဿနာတစ်ရပ်အနေဖြင့် စားနပ်ရိက္ခာမလုံလောက်မှုကလည်း ဒုက္ခသည်များအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း သိရသည်။
"ဒီမှာတော့ ဆန်ရယ်၊ ဆီရယ်၊ ပဲရယ၊ ငပိရယ် ပေးတယ်။ ဆန်ကတော့ တစ်ယောက်ကို ၁၂ ကီလို၊ ဆီကတော့ လီတာဝက်၊ မီးသွေးပေးတယ်။ မီးသွေးကတော့ လောင်စာတောင့်ပေါ့။ ပဲကတော့ တစ်ယောက်ကို တစ်ကီလိုပေးတယ်။ ပဲကတော့ ကုလားပဲနဲ့ ပဲစင်းငုံကို စပ်ထားတယ်။ နောက်ပြီးတော့ အာဟာရမှုန့်ပေးတယ်။ ဂျုံမှုန့်တော့ မဟုတ်ဘူး။ ဂျုံရော၊ ဆန်ရော ပေးထားတာတော့။ အဲတာတွေက တစ်ယောက်ကို တစ်လစာ ပေးထားတာပဲ။ ဘယ်လိုမှ မလောက်ပါဘူး”ဟု မယ်လဒုက္ခသည်စခန်းအတွင်း ဆယ်နှစ်ကျော်ကြာ နေထိုင်နေသူ မစပယ်က ပြောပါသည်။
ဒုက္ခသည်များအတွက် ပေးအပ်သော ရိက္ခာမလုံလောက်သဖြင့် ၀င်ငွေရှာမှုကို ဒုက္ခသည်စခန်း အနီးရှိ ကျေးရွာများသို့ တောင်ယာလုပ်ငန်း သွားရောက်လုပ်ကိုင်ရကြောင်း သိရသည်။ ထိုသို့လုပ်ကိုင်ရာတွင် တစ်နေ့လျှင် ထိုင်းဘတ် ၇၀၊ ၈၀ခန့်ရရှိကြောင်း သိရသည်။ စခန်းအတွင်း စားသောက်နေထိုင်မှုမှာ အသီးအရွက်များဖြင့်သာ ဖြတ်သန်းရပြီး မျှစ်ချိုးစားသောက်မှုများဖြင့် ရှင်သန်ရကြောင်း သိရပါသည်။
မယ်လဒုက္ခသည်စခန်းအတွင်း UN အသိအမှတ်ပြုလက်မှတ်နှင့် ထိုင်းမှတ်ပုံတင်ရရှိထားသူမှာ အရေအတွက် ၂၀၀၀၀ ကျော်သာ ရှိပြီး ကျန်ရှိသူများမှာ အနာဂတ်မဲ့ဘ၀နှင့် ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ အခြားတစ်ဖက်တွင်မူ နောက်သုံးနှစ်ကြာပါက မယ်လဒုက္ခသည်စခန်းအား ပိတ်သိမ်းပြီး ဒုက္ခသည်များအား နေရပ်ပြန်ပို့မည်ဟူသော သတင်းများကလည်း ရှိနေပါသည်။
"စခန်းကို ပိတ်ပြီး နေရပ်ပြန်ပို့မယ် ဆိုတဲ့ ကိစ္စက လူတစ်ယောက်ရဲ့ စိတ်ခံစားချက်ပေါ် မူတည်တယ်။ ကလေးတွေက ကျွန်မတို့အတွက် အဓိက ပါပဲ။ တရားဝင်မကြေညာသေးတဲ့အတွက် မသိရသေးဘူး။ ကျွန်မတို့က ဘာမှ လုပ်ပိုင်ခွင့် မရှိတဲ့ အတွက် ရွေးချယ်ခွင့် မရှိဘူးပေါ့။ ဒါပေမယ့် ကျွန်မတို့ သက်ဆိုင်ရာကိုတော့ အသနားခံမယ်လို့ စဉ်းစားထားတယ်။ လူဖြစ်တဲ့အတွက် သူ့ရဲ့ စိတ်ဆန္ဒကို ဖော်ထုတ်ခွင့် ရှိမယ်လို့ ထင်တယ်။ သွားချင်တဲ့လူက သွားချင်တဲ့လူ ပြောမှာပဲ။ နေချင်တဲ့သူလည်း နေချင်တဲ့သူဘက်က ပြောမှာပဲ။ ပြန်ချင်တဲ့လူလည်းပြန်ချင်တဲ့လူအလျောက် ပြောမှာပဲ။ အားလုံးပဲ သူ့ရဲ့ ခံစားချက်ရှိကြတယ်" ဟု CCEG မှ ဒေါ်မိုးမိုးဝင်းက ပြောပါသည်။
"ကျွန်တော်တို့ မြန်မာပြည်ပြန်ပြီး ဘာလုပ်စားမလဲ။ ရွာလည်း မရှိတော့ဘူး။ အလုပ်လည်း မရှိဘူး။ ကျွန်တော်ကတော့ ပြန်ဖို့အကြောင်းကို မစဉ်းစားရဲသေးဘူး”ဟု ကရင်ပြည်နယ်အတွင်း နေထိုင်ခဲ့ပြီး မယ်လဒုက္ခသည်စခန်းသို့ ရောက်ရှိနေသည် ကိုမန်းဦးမောင်က ပြောပါသည်။
မည်သည့်နေရာတွင် နေထိုင်ရသည်ဖြစ်စေ လုံခြုံမှုက အဓိကကျကြောင်းနှင့် ငြိမ်းချမ်းရေးကိုသာ လိုလားကြောင်း စစ်ပြေးဒုက္ခသည်တစ်ဦးဖြစ်သူ ဒေါ်မိုးလျန်းက ပြောပြခဲ့ပါသည်။
“ကျွန်မတို့ကတော့ လုံခြုံမှုကို အဓိက လိုချင်တာပဲ။ ကျွန်တော်တို့လိုချင်တဲ့ လုံခြုံမှုဆိုတာ တတိယနိုင်ငံ သွားဖို့ မဟုတ်ဘူးလေ။ ဘယ်မှာပဲနေနေ ကျွန်မတို့က ဒုက္ခသည်ဖြစ်တဲ့ အတွက် ဒုက္ခသည်အခွင့်အရေး အသိအမှတ်ပြုခံချင်တယ်။ အဲဒီ အသိအမှတ်ပြုခံရတဲ့ အခြေအနေအောက်မှာ ကျွန်မတို့ နေရသည်ဖြစ်စေ၊ သွားရသည် ဖြစ်စေ လက်ခံတယ်။ ကျွန်မတို့က ဘာမှ ပြောစရာမရှိဘူး။ ကိုယ့်ဟာနဲ့ ကိုယ်ကတော့ နေတတ်အောင်နေရတာပေါ့။ ကိုယ့်ဘ၀က သူများကို အားကိုးနေတဲ့ အခြေအနေဖြစ်နေတော့လေ။ ကျွန်မတို့ရဲ့ မျှော်လင့်ချက်ဆိုတာ တစ်ကယ်ပဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားတွေကို တစ်ကယ်ပဲ ညီတူမျှတူ ဖိနှိပ်မှုမရှိဘဲ အခွင့်အရေးတန်းတူ ပေးမယ်ဆိုရင်ပေါ့ ကိုယ့်တိုင်းပြည်ကို မချစ်တဲ့သူ တစ်ယောက်မှ မရှိပါဘူး"ဟု ဒေါ်မိုးလျန်းက ပြောပါသည်။
မယ်လဒုက္ခသည်စခန်းသည် ၁၉၈၄ခုနှစ်က ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်အတွင်း စတင်တည်ရှိနေခဲ့သော ဒုက္ခသည်စခန်းဖြစ်ပြီး စတင်ရှိစဉ်က လူဦးရေ ၁၁၀၀ခန့်သာ ရှိခဲ့ပါသည်။ နောက်ပိုင်းတွင် တဖြည်းဖြည်း တိုးပွားလာပြီးနောက် ဒုက္ခသည်ဦးရေး ၅၀၀၀၀ ကျော်ရှိလာခဲ့ခြင်း ဖြစ်သည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment