ကမ္ဘာ့သတင်းများ  17/07/2012


နိုင်ငံတကာသတင်း


အရှေ့အလယ်ပိုင်းအရေး ဆွေးနွေးဖို့ ဝန်ကြီးကလင်တန် အစ္စရေးရောက်

အရှေ့အလယ်ပိုင်းနဲ့ အာရပ်ဘ်ကမ္ဘာက အခြေအနေတွေဟာ တနင်္လာနေ့က အစ္စရေးလ်တာဝန်ရှိသူတွေ နဲ့ ဂျေရု စလင်မ် မြို့တော်မှာ တွေ့ဆုံဆွေးနွေးချိန်အတွင်း အဓိကအကြောင်းအရာတွေ ဖြစ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောပါတယ်။
အစ္စရေးလ်သမ္မတ ရှီမွန် ပဲရက်စ်၊ ၀န်ကြီးချုပ် ဘန်ဂျမင်န် နေတန်ယာဟု၊ နိုင်ငံခြားရေးဝန်ကြီး Avigdor Lieberman အပါအ၀င် တခြား ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် ၀န်ကြီးကလင်တန်က သတင်းထောက်တွေကို ပြောခဲ့တာပါ။ တနင်္လာနေ့အစောပိုင်းတုန်းကတော့ မစ္စစ်ကလင်တန်ဟာ ပါလက်စတိုင်း ၀န်ကြီးချုပ် Salam Fayyad နဲ့ တွေ့ဆုံ ခဲ့ပါတယ်။စေ့စပ် ဆွေးနွေး ညှိနှိုင်းတဲ့နည်းလမ်းကသာ အစ္စရေးလ်-ပါလက်စတိုင်း နှစ်ဘက်အကြား ငြိမ်းချမ်းရေးရစေမယ့် တခုတည်း သောနည်းလမ်းဖြစ်တယ်လို့ ၀န်ကြီးကလင်တန်က ပြောပါတယ်။ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီ ချက်တခုရလာဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်ပြီး ပါဝင်သွားမယ်လို့လည်း သူကပြောပါတယ်။

မြောက်ကိုရီးယား စစ်တပ်အကြီးအကဲ ရာထူးကထွက်

မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်မ်ဂျုံအွန်းကို အဓိကအကြံပေး လုပ်နေသူထဲကတဦးဖြစ်တဲ့ စစ်တပ် အကြီးအကဲကို ရာထူးကနေ ဖယ်ရှားလိုက်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ကြေညာလိုက်ပါတယ်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး ရီယောင်ဟို (Ri Yong-ho) ကို ကျန်းမာရေးမကောင်းတဲ့အတွက် သူယူထားတဲ့ တာဝန်တွေ အားလုံးကနေ ဖယ်ရှားလိုက်ကြောင်း မြောက်ကိုရီးယားနိုင်ငံရဲ့ အစိုးရပိုင်သတင်းဌာနဖြစ်တဲ့ Koren Central News Agency (KCNA) က တနင်္လာနေ့မှာ မထင်မှတ်ဘဲ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။အသက် ၆၉ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး ရီ-ကို မြောက်ကိုရီးယားနိုင်ငံရဲ့ သြဇာအာဏာ အရှိဆုံး အဖွဲ့အစည်းလို့ ယူဆနိုင်တဲ့ နိုင်ငံရေး မူဝါဒချမှတ်ရေးကောင်စီဝင်လူကြီး တဦးအဖြစ်ကနေ ဖယ်ရှား လိုက်ဖို့ နိုင်ငံရဲ့ အလုပ်သမားပါတီ ဗဟိုကော်မတီကနေ တနင်္ဂနွေနေ့မှာ ဆုံးဖြတ်ချက် ချမှတ်လိုက်တာပါ။ကြေညာချက်ထဲမှာ မစ္စတာရီ ကို တပ်မတော်ရဲ့ ဦးစီးချုပ်အဖြစ် ခေါ်ဝေါ်သုံးနှုံးထားခြင်း မရှိတာကို တွေ့ရ ပါတယ်။
ခပ်ပြတ်ပြတ် ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ကြောင့် တောင်ကိုရီးယားနိုင်ငံက အရာရှိတွေ၊ မြောက် ကိုရီးယားအရေး ကျွမ်းကျင်သူတွေနဲ့ လေ့လာ သုံးသပ်သူတွေ အံ့အားတသင့် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။မြောက်ကိုရီးယားနိုင်ငံမှာ ထိပ်တန်းခေါင်းဆောင်တဦးကို ကျမ်းမာရေးမကောင်းလို့ဆိုပြီးတော့ ဖယ်ရှားလိုက်တဲ့ လုပ်ရပ်ဟာ ဖြစ်တောင့်ဖြစ် ခဲ ဖြစ်ရပ်တခုဖြစ်တယ်လို့ လေ့လာ သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်ခင်ဗျား။

ဆီးရီးယားမြို့တော်မှာ အပြင်းအထန် တိုက်ပွဲဖြစ်

ဆီးရီးယားအစိုးရတပ်ဖွဲ့တွေနဲ့ အတိုက်ခံတပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေဖြစ်ပွားနေချိန်မှာ လက်နက်တပ် ဆင်ထားတဲ့ အစိုးရစစ်တပ်ပိုင်စစ်ကားတွေဟာ ဒမတ်စကဒ်မြို့တော်အတွင်းကို ၀င်ရောက်လာနေကြပါတယ်။မြို့ခံပြည်သူတွေကတော့ မြို့တွင်းမှာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။တိုက်ပွဲတွေဟာ အနီးအနားမှာရှိတဲ့ ရပ်ကွက်တွေနဲ့ မြို့လည်ခေါင်ကိုပါ ပျံ့နှံ့နေပြီဆိုပြီး ဆီးရီးယားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ဆီးရီးယားနိုင်ငံအရေး ဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေးသံတမန် ကိုဖီအာနန်ဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ မော်စကိုမြို့ကို သွားရောက်နေချိန်မှာ အခုလို ဆီးရီးယားနိုင်ငံအတွင်း တိုက်ပွဲတွေ ပျံ့နှံ့ ဖြစ်ပွားနေတာပါ။မစ္စတာပူတင်ဟာ ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ်အာဆဒ်အပေါ် အနောက်နိုင်ငံတွေက ဖိအားပေးနေတာ ကို ဆန့်ကျင် နေသူဖြစ်ပါတယ်။
အနောက်နိုင်ငံတွေက ဆီးရီးယားနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကနေ ပြင်းပြင်းထန်ထန် ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးအတွက် ရုရှားရဲ့ထောက်ခံမှုရအောင် ရုရှားနိုင်ငံအပေါ် အတင်းအဓမ္မ ဖိအားပေးလုပ်ဆောင် နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov (ဆာဂျီ လာဗရော့ဗ်) က တနင်္လာနေ့မှာ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။ဒီအတောအတွင်း ဆီးရီးယားနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ တစထက်တစ နေရာအသစ်တွေ ဆီ ပျံ့နှံ့နေပြီလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ IRC က ပြောပါတယ်။




အရှေ့တီမော လွှတ်တော်ရွေးကောက်ပွဲအပြီး အမတ်အများစု အနိုင်ရခဲ့သော အာဏာရပါတီမှ လက်ရှိဝန်ကြီးချုပ် ဇာနာနာဂုစ်မာအိုက ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေးအတွက် ပါတီငယ်နှစ်ခုကို ဖိတ်ခေါ်ထားကြောင်း ဇူလိုင်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ 
ဂုစ်မာအို၏ ဗဟိုလက်ဝဲယိမ်း National Congress for Timorese Reconstruction (CNRT) က ယခုလဆန်းပိုင်း ရွေးကောက်ပွဲတွင် အမတ်နေရာ ၃၀ အနိုင်ရခဲ့ပြီး အမတ်နေရာ ၆၅ နေရာရှိသော လွှတ်တော်တွင် အမတ်အများစု အရေအတွက် ဖြစ်ရန် ၃ နေရာသာ လိုခဲ့သည်။ 
CNRT က ဒီမိုကရက်တစ်ပါတီနှင့် Frente-Mudanca ပါတီတို့ကို ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း CNRT ပါတီ အတွင်းရေးမှူးချုပ် Dionisio Babo Soares က ပြောကြားခဲ့သည်။ ယင်းနည်းလမ်းမှာ အစိုးရအဖွဲ့ တည်ငြိမ်မှုရှိရေးအတွက် မိမိတို့ရွေးချယ်ခဲ့သော အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း Soares က ပြောကြားခဲ့သည်။ ဒီမိုကရက်တစ်ပါတီ (PD) မှာ ယခင်ညွန့်ပေါင်းအစိုးရတွင် ပါဝင်ခဲ့ဖူးပြီး ယခုလွှတ်တော်ရွေးကောက်ပွဲ၌ အမတ်နေရာ ရှစ်နေရာ အနိုင်ရခဲ့သည်။ Frente-Mudanca ပါတီကမူ အမတ်နှစ်နေရာ အနိုင်ရခဲ့သည်။
ယင်းအတွက်ကြောင့် အမတ်နေရာ ၂၅ နေရာအနိုင်ရခဲ့ပြီး ဒုတိယအမတ်အများဆုံးရရှိခဲ့သော လက်ဝဲယိမ်း Fretilinပါတီသည် အတိုက်အခံအဖြစ် ငါးနှစ်ကြာရပ် တည်ရတော့မည့်အခြေအနေ ရောက်လာခဲ့သည်။
လာမည့်ရက်ပိုင်းအတွင်း နောက်ဆုံးရလဒ် ထွက်ပေါ်အပြီး ညွန့်ပေါင်းဖွဲ့ရေး တရားဝင် ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။ 





နိုဝင်ဘာလတွင်ပြုလုပ်မည့် အမေရိကန် သမ္မတရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ရမည့် ရီပတ်ဘလီကန်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်လာရန် နီးစပ်နေသော မစ်ရွမ်နေ၏ ဒုတိယသမ္မတလောင်း ဖြစ်လာဖွယ်ရှိသည့် စာရင်းကို ဇူလိုင်လ ၁၁ ရက်က ထုတ်ပြန်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရိုက်စ်မှာ ထိပ်ဆုံးနားတွင် အံ့အားသင့်ဖွယ်ပါဝင်နေကြောင်း ရွမ်နေ၏ မဲဆွယ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်မည့်သူကို ရွမ်နေကမကြာမီ ရွေးချယ်သွားမည်ဖြစ်ကြောင်း ရီ ပတ်ဘလီကန်သမ္မတလောင်း၏ မဲဆွယ်အဖွဲ့က အစီရင်ခံစာထုတ်ပြန် ခဲ့သည်။ ဒုတိယသမ္မတလောင်း ဖြစ်လာဖွယ်ရှိသည့်စာရင်း၌ ရော့ဘ်ပို့မန်း၊ ပေါလ်ရန်တို့လည်း ပါဝင်ကြောင်း သိရသည်။ အာဖရိကန်-အမေရိကန်ဖွား ရိုက်စ်သည် သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့ဖူးပြီး ရွမ်နေ၏ ဖြစ်လာဖွယ်ရှိသော ဒုတိယသမ္မတလောင်းအဖြစ် မကြာခဏ ရည်ညွှန်းခံရသည်။




ဂျပန်အနောက်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းသည့် သုံးရက်မြောက်ရှိလာသော ဇူလိုင်လ ၁၄ ရက်တွင် သေဆုံးပျောက်ဆုံးသူ ၃၀ ဦးအထိ ရှိလာပြီး လူလေးသိန်းခန့်ကို နေရာရွှေ့ပြောင်းရန် ညွှန်ကြားထားကြောင်း တာဝန်ရှိသူများနှင့် မီဒီယာများက ဖော်ပြခဲ့သည်။ 
နိုင်ငံတောင်ပိုင်းရှိ ကျူရှူးကျွန်းစုတွင် ဇူလိုင်လ ၁၄ ရက်၌ တစ်နာရီလျှင် မိုးရွာသွန်းမှု ၁၁ စင်တီမီတာ (၄ ဒသမ ၃လက်မ)အထိ စံချိန်တင် ရွာသွန်းခဲ့ပြီး မြေပြိုမှုများ၊ ရေကြီးမှုများ ထပ်မံဖြစ်ပွားနိုင်ကြောင်း ဂျပန်မိုးလေ၀သနှင့် ဇလဗေဒဌာနက သတိပေးခဲ့သည်။ 
မြောက်ပိုင်းရှိ ကျွန်းစုများတွင်လည်း မြစ်ရေလျံမှုများ ပိုမိုဖြစ်ပွားခဲ့ပြီး လူ ၂၆၀၀၀၀ ခန့်ကို ရွှေ့ပြောင်းမှုပြုလုပ်ရန် ညွှန်ကြားထားကြောင်း ကျူရှူးကျွန်းရှိ ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။ ရေကြီးမှု ရှောင်လွှဲနိုင်ရန်အတွက် ကျူရှူးကျွန်းရှိ ရေကြီးမှုဒဏ်ခံရ သောစီရင်စုလေးခုမှ လူ ၁၄၀၀၀၀ နီးပါးကို နေအိမ်များမှ စွန့်ခွာကြရန် ညွှန်ကြားထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။သေဆုံးသူအရေအတွက်မှာ ၂၀ အထိ ရှိနေဆဲဖြစ်ပြီး ပျောက်ဆုံးနေသူ ၁၉ ဦးမှာ အာဆိုမြို့ထဲနှင့် ယင်းမြို့အနီး ဖြစ်ပွားခဲ့သော မြေပြိုမှုများနှင့် အိမ်ပြိုမှုများအတွင်း သေဆုံးခဲ့ဖွယ်ရှိကြောင်း အိုအီတာစီရင်စုရှိ ယာမာကူနီမြစ်တစ်လျှောက် မြစ်ရေစံချိန်တင်မြင့် တက်ခဲ့သည်။ ဖူကူအိုကာစီရင်စုတွင် မြေပြိုမှု ၁၈၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ဒေသခံ ၇၈၆၀၀ ဦးကို ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ 




အာရှခရီးစဉ်အပြီး အီဂျစ်သို့ သွားရောက်ခဲ့သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ဇူလိုင်လ ၁၄ ရက်တွင် အီဂျစ်သမ္မတ သစ်မိုဟာမက်မော်ဆီနှင့် တွေ့ဆုံခဲ့ပြီး ဒီမိုကရေစီနည်းကျ ပထမဆုံးအကြိမ် ရွေးချယ်ခံထားရသော သမ္မတသစ်အနေဖြင့် သမ္မတအခွင့် အာဏာကို အပြည့်အ၀ အသုံးချသွားရန် တိုက်တွန်းခဲ့သည်။ 
ဟီလာရီသည် ဇူလိုင်လ ၁၅ ရက်တွင် စစ်ကောင်စီဥက္ကဋ္ဌဖီးမာ ရှယ်ဟူစိန်တန်တာဝီနှင့် တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ပြီး အီဂျစ်နိုင်ငံရေး အသွင်ကူးပြောင်းရေး၊ အာဏာ လွန်ဆွဲပွဲအသွင်ဖြစ်နေသော မော်ဆီနှင့် စစ်ကောင်စီတို့အကြား ပြုလုပ်ဖွယ်ရှိသော ဆွေးနွေးမှုအကြောင်းတို့ကို ဆွေးနွေးခဲ့သည်။ သို့သော် ဆွေးနွေးပွဲဆိုင်ရာ အသေးစိတ် အကြောင်းအရာကိုမူ မထုတ်ပြန်ခဲ့ပေ။
အမေရိကန်သည် အီဂျစ်ကြွေးမြီ အမေရိကန်ဒေါ်လာ တစ်ဘီလျံအထိ ဖြေလျော့ပေးရန် ဆန္ဒရှိနေပြီး ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်ဖန်တီးရေးတို့တွင် ကူညီပေးသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၁၄ ရက်တွင် ဟီလာရီက ပြောကြားခဲ့သည်။ အီဂျစ် စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေ ဒေါ်လာသန်း ၂၅၀ ထုတ်ပေးရန် အမေရိကန်က အဆင်သင့်ရှိကြောင်း ဟီလာရီက ပြောကြားသည်။

မော်ဆီနှင့်တွေ့ဆုံစဉ် ဟီလာရီက အီဂျစ်နိုင်ငံရေး အနာဂတ်ကို အီဂျစ်ပြည်သူများကသာ ပုံဖော်ရမည်ဖြစ်ပြီး စစ်ဘက်အနေဖြင့် နိုင်ငံလုံခြုံရေးအတွက်သာ တာဝန်ယူသော အခြေအနေ ဖြစ်ပေါ်နိုင်ရေးအတွက် အမေရိကန် က ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အရပ်ဘက်သို့ အာဏာအပြည့်အ၀ လွှဲပေးမှုကို အမေရိကန်က ထောက်ခံကြောင်း ဟီလာရီက ပြောကြားခဲ့သည်။ ဟီလာရီသည် အီဂျစ်၏ ယိုင်နဲ့နေသော စီးပွားရေး ပြန်လည်နာလန်ထူနိုင်ရေးအတွက် ကူညီပေးသွားမည့် အမေရိကန်၏ စိတ်ကူးများကို ပြောပြခဲ့ပြီး ဒေသတွင်းဆိုင်ရာ လုံခြုံရေးကိစ္စများကို မော်ဆီနှင့်ဆွေးနွေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အာဏာလွန်ဆွဲပွဲဖြစ်နေသော သမ္မတသစ်နှင့် စစ်ကောင်စီတို့အနေဖြင့် ပြည်သူတို့ကောင်းစားရေးအတွက် သဘောကွဲလွဲမှုများကို ဘေးဖယ်ထားကာ ဆွေးနွေးသင့်ပြီး ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းရေး လုပ်ဆောင်မှုမှ ချော်ထွက်သွားနိုင်သည့် အပြုအမူများ ရှောင်ရှားရ မည်ဖြစ်ကြောင်းတိုက်တွန်းခဲ့သည်။ 

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment