မြန်မာသတင်းများ  ဇူလိုင် ၁၇၊ ၂၀၁၂

ဒေါ်စု စက်တင်ဘာလ အမေရိကန် လာမည်

ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုဆီ လာရောက်ဖို့ရှိပါတယ်။အမေရိကန်အခြေစိုက် Atlantic Council က ပေးတဲ့ တတိယအကြိမ်မြောက် “ကမ္ဘာ့နိုင်ငံသား” ဆုလို့ဆိုရမယ့် “Global Citizen Award” ကို လက်ခံရယူဖို့အတွက် လာရောက်မှာဖြစ်တဲ့အကြောင်း Atlantic Council ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး တာလင်းန် အာနာနီယန် (Taleen Ananian) က အတည်ပြုပြောဆိုပါတယ်။ ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလ ၂၁ ရက်နေ့ကျရင် နယူးယောက်မြို့မှာ ကျင်းပမှာပါ။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သန္နိဋ္ဌာန်အခိုင်အမာနဲ့ လုပ်ဆောင်မှု၊ လွတ်လပ်မှုနဲ့ လူသားဂုဏ်သိက္ခာ တို့ရဲ့ နိုင်ငံတကာ အမှတ်သင်္ကေတဖြစ်မှုတို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆုချီးမြှင့်တာဖြစ်တဲ့ အကြောင်း Council ရဲ့ ထုတ်ပြန်ချက်ထဲ မှာ ဖော်ပြထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဆုချီးမြှင့်ဖို့ ရွေးချယ်ခံရသူတွေထဲမှာတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဟောင်း ဆဒကို့ အိုဂတ (Sadako Ogata)၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဟန်နရီ ကစ်ဆင်းဂျား (Henry Kissinger)၊ အမေရိကန်ဂီတသမားနဲ့ လူသားအရေး လှုပ်ရှားသူ ကွင်စီ ဂျူံးစ် (Quincy Joines) တို့ လည်း ပါဝင်ပါတယ်။ပြီးခဲ့တဲ့နှစ်က ဆုရှင်တဦးဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အမှုဆောင်ညွှန်ကြားရေး မှူး ခရစ္စတင်းန် လာဂါ့ဒ် (Christine Lagarde) က ဒေါ်အောင်ဆန်းစုကြည်ကို ဆုပေးအပ်မှာဖြစ်ပါတယ်။
Atlantic Council ကို အတ္တလန်တိတ်သမုဒ္ဒရာ တဖက်တချက်မှာရှိတဲ့ နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု နဲ့ အပြည်ပြည် ဆိုင်ရာလုံခြုံရေးတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ပါတီစွဲမရှိတဲ့အဖွဲ့တဖွဲ့အဖြစ် ၁၉၆၁-၆၂ ခုနှစ်က ဖွဲ့စည်းခဲ့ တာပါ။ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၂၂ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင် တန် ဒီစီမြို့တော်မှာ ကျင်းပမယ့် ၁၅ ကြိမ်မြောက် အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံရဲ့ ဇူလိုင်လ ၂၆ ရက်နေ့ အစီအစဉ်တခုမှာလည်း ဗွီဒီယိုကနေတဆင့် မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။
စက်တင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုဆီ လာရောက်မယ်ဆိုရင်တော့ ရာစုနှစ်လေးပုံတပုံနီးပါး အတွင်း ပထမဆုံး အမေရိကန်ခရီးစဉ်ဖြစ်ပါလိမ့်မယ်။ ဒီ့မတိုင်ခင်ကတော့ မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဥရောပနိုင်ငံတချို့ဆီ ခရီးထွက်ခဲ့ပါသေးတယ်။

ဧရာဝတီ ထိန်းသိမ်းရေး ဟောပြောပွဲ

မြစ်ဆုံ ရေအား လျှပ်စစ်စီမံကိန်း ရပ်တန့်ရေး အပါအ၀င် ဧရာဝတီမြစ် ထိန်းသိမ်း ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောပွဲ တစ်ခုကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ Excel တာဝါမှာ မနေ့က မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။အဓိက ဟောပြောခဲ့ကြသူတွေကတော့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ၊ Eco-Dev အဖွဲ့က သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူ၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင် ဒေါက်တာ ဒေါ်ခင်နီနီသိန်း၊ မြစ်ကြောင်းနဲ့ သဘာဝပတ်ဝန်းကျင်တွေကို လေ့လာ မှတ်တမ်းတင်နေသူ ဦးစိန်မျိုးမြင့်တို့ ဖြစ်ပါတယ်။ဒီဟောပြောပွဲကို မနက် (၉) နာရီကနေ နေ့လည် (၁၂) နာရီအထိ ကျင်းပခဲ့တာဖြစ်ပြီး ပရိသက် (၃၀၀)ကျော် တက်ရောက်ခဲ့ပါတယ်။

စပါးခင်းတွေ ကုမ္ပဏီက ဝင်ရောက်ဖျက်ဆီး

ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်း ရွာသာကြီးမှာ ဒေသခံ တောင်သူတွေ စိုက်ပျိုးထားတဲ့ မိုးစပါး(၁၅) ဧကကို ၀န်းရံခ ကုမ္ပဏီနဲ့ ရဲတွေ ပူးပေါင်းပြီး ဖျက်ဆီးလိုက်တယ်လို့ တောင်သူတွေက ပြောပါတယ်။ ရွာသာကြီး ထောင်သာဇယ် ကွင်းအမှတ် (၉) မှာ ဒေသခံ တောင်သူတွေ စုပေါင်းစိုက်ပျိုးထားတဲ့ စပါးခင်းတွေကို လွန်ခဲ့တဲ့ (၃) ရက်လောက်က စပြီး ဘူဒိုဇာစက်တွေနဲ့ ၀င်ရောက်ထိုးမွှေ ဖျက်ဆီး လိုက်တာလို့ ကာယကံရှင် လယ်သမားတစ်ဦးက ပြောပါတယ်။မနေ့က အထိ ဖျက်ဆီးခံလိုက်ရတဲ့ လယ် (၁၅) ဧကအပါအ၀င် ထောင်သာဇယ် အမှတ် (၉) ကွင်းမှာ ရှိတဲ့ လယ်ဧကပေါင်း (၅၀၀) ကျော်ဟာ ၀န်းရံခကုမ္ပဏီက လယ်သမားတွေနဲ့ အကျိုးတူ ပူပေါင်း စိုက်ပျိုးမယ်ဆိုပြီး ၂၀၀၈ ခုနှစ်မှာ သိမ်းယူခဲ့တဲ့ လယ်တွေဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။စတင် သိမ်းပိုက်စဉ်က လယ်တစ်ဧကကို ငွေကျပ် (၂)သောင်းနှုန်း နစ်နာကြေး ထုတ်ပေးခဲ့ပြီး လယ်သမားတွေကို သူတို့ လယ်မြေတွေထဲကနေ တစ်ပတ်အတွင်း ထွက်ခွာဖို့ အမိန့်ပေးခဲ့တယ်လို့ ကာယကံရှင် လယ်သမားတွေက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်း စီမံကိန်း နေရာမှာ ပုဒ်မ ၁၄၄ မနေ့ က ထုတ်ပြန် လိုက်တယ်လို့  သိရပါတယ်။
အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း ဆိုင်းဘုတ်ကို ကျော်ရွာ တောင်ဘက် ကြေးနီတူးဖော်ရေး စီမံကိန်း ဂိတ်ဝ အ၀င် နေရာမှာ စိုက်ထူထားတယ်လို့  လယ်သမားတစ်ဦးက ပြောပါတယ်။လုပ်ငန်းခွင်က ထွက်တဲ့ မြေစာတွေ စွန့်ပစ်မှုနဲ့ ပတ်သက်ပြီး ဒေသခံ တောင်သူ လယ်သမားတွေက ၀မ်ဘို တရုတ်ကုမ္ပဏီ လုပ်ငန်းခွင်ရုံးရှေ့မှာ အရင်လအတွင်းက ဆန္ဒပြခဲ့ကြရာမှာ ဒေသခံတွေ တောင်းဆိုတဲ့  အချက်တွေကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြန်မာ့ စီးပွားရေး ဦးပိုင်လိမိတက်က တာဝန်ရှိသူ အပါအ၀င် အာဏာပိုင်တွေဘက်က သဘောတူကြောင်း လက်မှတ်ထိုးခဲ့ပေမယ့် ဝမ်ဘို တရုတ် ကုမ္ပဏီဘက်က မလိုက်နာဘဲ ဆက်လက် လုပ်ကိုင်နေတယ်လို့လည်း ဆိုပါတယ် ။အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ကြေးနီစီမံကိန်း နေရာမှာ ရဲနဲ့ စစ်တပ်က စောင့်ကြပ်နေတယ်လို့ အဲဒီ ဒေသခံက ပြောပါတယ်  ။

လယ်သမားများ ခွင့်ပြုချက်ယူ၍ ဆန္ဒထုတ်ဖော်

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လယ်သမား ၂၀၀ ကျော်တို့သည် အစိုးရ၏ ခွင့်ပြုချက်ယူ၍ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဟောပြောခြင်းများကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လယ်သမားများ ပိုင်ဆိုင်သော လယ်မြေများကို ၁၉၉၃ ခုနှစ်ကတည်းက နအဖ အစိုးရက သိမ်းယူခဲ့သဖြင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်း၊ ယခုအခါ ၎င်းတို့ ပိုင်ဆိုင်သည့် လယ်မြေများတွင် သီးစားခဖြင့် ပြန်လည် လုပ်ကိုင်ခွင့် ရလိုသောကြောင့် ဆန္ဒထုတ်ဖော် တောင်းဆိုရခြင်း ဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သည့် လယ်သမားများက ပြောသည်။
၁၉၉၃ ခုနှစ်ကုန်ပိုင်းတွင် လယ်မြေ ၁၁ ဧကကျော်ကို သိမ်းဆည်းသွားပြီး ၁၉၉၄ ခုနှစ်တွင် ယင်းလယ်များအား ဝယ်ယူသည်ဟု ဆိုကာ လျော်ကြေးငွေ အတင်းအကျပ် လာပေးကြောင်း၊ လျော်ကြေးငွေမှာလည်း တဧကကို ကျပ် ၁ သိန်းမှ ၁၀ သိန်းအထိ တဦးနှင့် တဦး မတူညီကြောင်း၊ လယ်သမားများမှာ လျော်ကြေးငွေ မလိုချင်ဘဲ လယ်သာ ပြန်လုပ်လို ကြကြောင်း သိရသည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ဦးဆောင်သည့် အဆိုပါ လယ်သမား ဆန္ဒပြပွဲတွင် ရန်ကုန်တိုင်း အတွင်းရှိ ရွှေပြည်သာ၊မင်္ဂလာဒုံ၊ လှည်းကူး၊ ၀ါးတရာ စသည့် ဒေသတို့မှ လယ်သမားများ ပါဝင်ပြီး ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခြင်းနှင့် မင်္ဂလာဒုံ မြို့နယ်အတွင်းရှိ မြနန္ဒာ ပန်းခြံတွင် စုရုံး ဟောပြော ခြင်းများ ပြုလုပ်ခဲ့သည်။
ဆက်လက်၍ ၎င်းက အစိုးရကို ဖုန်းဆက်ရုံ၊ စာရေးရုံနှင့် ပြီးမြောက်မည် ဆိုပါက မည်သူမျှ ဆန္ဒထုတ်ဖော်ရန် မလိုကြောင်း ပြောသည်။တရားဝင် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ပြုပြီဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများတွင် စတင် ဖော်ပြသည့် နေ့ကတည်းက သက်ဆိုင်ရာ ခွင့်ပြုချက်ရရှိရန် သက်ဆိုင်ရာ မြို့နယ်မှူးထံ လျှောက်လွှာ တင်ခဲ့ကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြရန် တောင်းဆိုရာတွင် ရဲများက မကြာခဏ ခေါ်ဆောင် မေးမြန်းခြင်း ခံရသောကြောင့် အခက်အခဲ ဖြစ်ရကြောင်း၊ မြို့နယ်ဖြတ်ကျော် ဆန္ဒပြရာတွင် ဖြတ်ရမည့် မြို့နယ်များအတွင်း ထပ်မံ ခွင့်ပြုချက် တင်ရခြင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ ထို့အပြင် အနယ်နယ် အရပ်ရပ်မှ ပြည်သူများ၏ ဆန္ဒဖော်ထုတ်မှုများကို မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီက အကူအညီပေးသွားမည် ဖြစ်ကြောင်း ဦးနေမျိုးဝေက ပြောသည်။

လွှတ်တော်မှာတင် အချိန်ကုန်မခံဖို့ ဒေါ်စု တိုက်တွန်း

လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်တွင်း မှာပဲ အချိန်ကုန်နေတာမျိုး မဖြစ်စေလိုတဲ့အကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ လွှတ်တော်တွင်း ဥပဒေပြုရေးကိစ္စတွေနဲ့ ဆွေးနွေးပြောဆိုမှုတွေမှာသာ အချိန်ပေးနေ ရမယ်ဆိုရင် လူထုနဲ့ နီးစပ်မှု မရှိတဲ့အဖြစ်မျိုး ကြုံရလိမ့်မယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဒေါ်အောင် ဆန်း စုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်တွေနဲ့ မနေ့က လွှတ်တော် ဆွေးနွေးပွဲ အပြီးမှာ သတိပေးလိုက်တာပါ။

NLD ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုင်းရင်းသားများ တိုက်တွန်း

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေး ကို အလေးထား ဆွေးနွေးရန် တိုင်းရင်းသား ပါတီများ က တိုက်တွန်းလိုက်ကြောင်း သိရသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ပါတီ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)၊ မွန် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး အမျိုးသား ကွန်ဂရက်၊ ကရင် အမျိုးသား ဒီမိုကရေစီ ကွန်ဂရက်၊ ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ ကွန်ဂရက်နှင့် ၂၀၁၀ ရွေးကောက် ပွဲဝင်ခဲ့သည့် ချင်းတိုးတက်ရေး ပါတီ တို့ ယမန်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် သဘောတူညီ ခဲ့ကြခြင်း ဖြစ်သည်။ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး)ပါတီ ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းထားသည့် တိုင်းရင်သား အရေး အဆို တခု ကို ထောက်ခံဆွေးနွေးရန် NLD ပါတီ၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား အတိုက် အခံ အင်အားစုများက တိုက်တွန်းထားကြောင်းလည်း တိုင်းရင်းသား ခေါင်းဆောင်များ က ပြောပြသည်။
ဦးတီခွန်မြတ်၏ အဆိုနှင့်ပတ်သက်၍ တိုင်းရင်းသားများ၏ သဘောထားကို ဒေါ်အောင်ဆန်းစုကြည် က သိရှိလိုသည့် အတွက် NLD ပါတီမှ ကိုယ်စားလှယ် တချို့သည်တိုင်းရင်းသား ခေါင်းဆောင်များနှင့် ယမန်နေ့တွင် လာရောက် ဆွေးနွေးခဲ့ရာ ၎င်းတို့၏ သဘောထားကို ပြောဆိုလိုက်ကြောင်း SNLD ၏ ပြောခွင့်ရသူ ဦးစိုင်းလိတ် က ပြောသည်။တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေတရပ် ပြဌာန်းရေးအဆိုကို ကြံ့ခိုင်ရေး ပါတီ၏ ရှမ်း ပြည်နယ် ကွတ်ခိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်က ဇူလိုင်လ ၁၃ ရက်တွင် တင်သွင်းခဲ့ခြင်းဖြစ် သည်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွှတ်တော်ထဲသို့ သွားရောက်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အတွက် အဓိက ပါဝင်သည်ဟုလည်း ဆိုထားသည်။
“တိုင်းရင်းသားအားလုံး လိုချင်တာက ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု စနစ်၊ တန်းတူရေး၊ ကိုယ့်ဒေသ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရေး ကိစ္စတွေပါ၊ ဒါတွေကို ရဖို့ဆိုရင် ဖွဲ့စည်းပုံကို ပြင်ဆင်မှ ရမှာပါ၊ ပြင်ဆင်လို့ရတဲ့ အထိ ကျနော်တို့တွေက တောင်းဆို ရမှာပဲ”ဟု ALD ဥက္ကဋ္ဌ ဦးအေးသာအောင် က ပြောသည်။
ဦးတီခွန်မြတ်၏ အဆိုသည် ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်အလက်များအပေါ် အခြေခံ၍ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ယဉ် ကျေး မှု၊ စာပေ၊ ဘာသာ စကားများ လွတ်လပ်စွာ သင်ကြားနိုင်ရေး၊ ထိန်းသိမ်းရေး စသည့် အချက်အလက်များကိုသာ ဦးစားပေး ဖော်ပြထားကြောင်း၊ တိုင်းရင်းသား အားလုံးလိုအပ်နေသည့် ဖက်ဒရယ် ပြည်ထောင်စု၊ တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင် ပြ ဌာန်းခွင့်၊ ဥပဒေ ပြုရေး စသည့်တို့ ပါဝင်ခြင်း မရှိဟု သိရသည်။
ချင်း တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဦးနိုထန်ကပ် ကလည်း“လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေဖြစ်ဖြစ်၊ တိုင်းရင်းသား အဖွဲ့ တခု ခု ကဖြစ်ဖြစ်၊ ဥပမာ ဖက်ဒရယ် စနစ်လိုမျိုး တင်ပြတောင်းဆို လာရင် ဥပဒေ ပြဌာန်းပြီးသား ဖြစ်လို့ မလိုအပ်ပါဘူး ဆိုတာမျိုးတွေ၊ ဒီဥပဒေ နဲ့ပဲ ထောက်ပြလာမှာကို ကျနော် စိုးရိမ်တယ်”ဟု ပြောသည်။
ဦးတီခွန်မြတ်၏ အဆိုသည် တိုင်းရင်းသားများ အတွက် တင်သွင်းခြင်း ဖြစ်၍ ကြိုဆိုကြောင်း၊ သို့သော် တိုင်းရင်းသားများ အ တွက် အရေးကြီးသည့် ပြည့်စုံကောင်းမွန်သော အချက်များကို ဦးစားပေး ထည့်သွင်းသင့်ကြောင်းလည်း ၎င်းက ဆိုသည်။
လွှတ်တော်ထဲရှိ အတိုက်အခံ တိုင်းရင်းသား အင်အားစုများ၊ လွှတ်တော်ပြင်ပရှိ နိုင်ငံရေး အတိုက်အခံ တိုင်းရင်းသားများ သည် ကိုယ်ပိုင် ပြဌာန်းခွင့်၊ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ထွန်းရေး များကို အလေးထား ဆောင်ရွက်နေကြ သည့် အချိန်၌ ဦးတီခွန်မြတ်၏ အဆို ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။ ၎င်း၏အဆိုအား မကြာခင် ရက်ပိုင်းအတွင်း ဆွေးနွေး ကြမည် ဖြစ်ကြောင်း သိရသည်။
“ဒီ ဥပဒေအပြင် ပြည်နယ်တွေ အတွက် ကိုယ်ပိုင် ဥပဒေ ပြုရေး နဲ့ ပြည်နယ် အစိုးရတွေကို ဒီထက် လုပ်ပိုင်ခွင့်ပေး လိုက်ရင် သီးခြား ဥပဒေ ပြဌာန်းနေစရာတောင် မလိုအပ်ပါဘူး”ဟုလည်း ဦးနိုထန်ကပ် က ဆက်ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အစိုးရ စစ်တပ်တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခများသည် တန်းတူညီမျှ မရှိသည့် အတွက် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီစနစ်ထွန်းကားရေးတို့ အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အရေးကြီးသည့် ကဏ္ဍမှ ပါဝင်နေကြောင်းဖွဲ့စည်းပုံ၌ ပြင်ဆင်ရမည့်အချက်များ၌ တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသားရေး ဦးဆောင်မှု ကဏ္ဍမှ ပါဝင်နိုင်ခြင်း၊ တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်သည် အချိန်မရွေး အာဏာသိမ်းယူနိုင်ခြင်း၊ ရွေးကောက်ခံရန်မလိုအပ်ဘဲ လွှတ်တော်တွင်း၌ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ပါဝင်နိုင်ခြင်း၊ ကာကွယ်ရေးဦးစီးချုပ်သည် အရေးပါသည့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြား ရေး စသည့် ၀န်ကြီးများအား ရွေးချယ် ခန့်အပ်နိုင်ခြင်း စသည့် အချက်များကို ပြင်ဆင်ရန် လိုလားနေကြခြင်း ဖြစ်သည်။အလားတူ သမ္မတ ရွေးချယ်ရေး စနစ်နှင့် ပြည်နယ်၊ တိုင်းဒေသ ၀န်ကြီးချုပ်များကို နိုင်ငံတော် သမ္မတ မှ တိုက်ရိုက် ရွေးချယ် ခန့်အပ်ခြင်း စသည့် အချက်များကိုလည်း ပြင်ဆင်နိုင်ရန် တိုင်းရင်းသား ခေါင်းဆောင်များက ကြိုးစားနေကြကြောင်း သိရသည်။

မူးယစ်မှောင်ခိုသူအဖြစ် သံသယရှိသူတွေနဲ့ ထိုင်းစစ်တပ် တိုက်ပွဲဖြစ်

မြန်မာပြည်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့အနီးမှာ မနေ့က့မနက်အစောပိုင်းက မူးယစ်မှောင်ခို အဖွဲ့တဖွဲ့နဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားပြီးနောက် မူးယစ်မှောင်ခိုသမား ၈ ယောက်ကို အသေဖမ်း ဆီးရမိခဲ့သလို  စိတ်ကြွဆေးနဲ့ စိတ်ကြွဆေးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်း အများအပြားကို ဖမ်းဆီး ရမိခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေဘက်က မူးယစ်မှောင်ခိုအဖွဲ့ဟာ မြန်မာပြည်ဘက်က ၀င်ရောက်လာတာလို့ သံသယ ရှိနေပါတယ်။ ရှမ်းပြည်နယ်မူးယစ် ဆေးဝါးစောင့်ကြည့် လေ့လာရေးအဖွဲ့က တာဝန်ရှိသူတဦးကတော့ မူးယစ်ဂိုဏ်းခေါင်းဆောင်နော်ခမ်းကို ဖမ်းဆီး လိုက်ပြီးတဲ့ နောက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ် တာတွေက ပိုမိုများပြားလာတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ အနီးမှာ မနေ့က မနက် ၄ နာရီလောက်က တိုက်ပွဲဖြစ်ပွားပြီး မူးယစ်ဆေးသယ်ဆောင်လာသူတွေကို ထိုင်းရဲနဲ့ လုံခြုံရေး တပ်ဖွဲ့တွေက အသေဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ထိုင်းတပ်နှင့် မူးယစ်ဂိုဏ်း နယ်စပ်တွင် တိုက်ပွဲဖြစ်

 

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်သို့ မြန်မာဘက်မှ ဝင်ရောက်လာသော မူးယစ်မှောင်ခို ဂိုဏ်းဝင်များဟု သင်္ကာမကင်း ဖြစ်သူများကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က တားဆီးရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၇ ယောက်ကို အသေ ဖမ်းဆီးမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ စိတ်ကြွဆေးပြား ၅ သိန်း ၂ သောင်း၊ "ရေခဲ" ခေါ် ဆေးခဲ ၇၀ ကီလိုဂရမ် (၁၅၄ ပေါင်) ကို ဖမ်းဆီးမိကြောင်းလည်း သတင်းက ဆိုသည်။

ကနေဒါသံရုံး မြန်မာပြည်မှာ ပြန်ဖွင့်မည်

 

မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေး အပြောင်းအလဲများကြောင့် သံတမန် ဆက်ဆံရေး တိုးတက် ကောင်းမွန်လာသည့် အတွက် ကနေဒါ သံရုံး မြန်မာပြည်တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဟု ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ဘေ့ဒ်က ကြေညာ လိုက်သည်။ ယခုနှစ် အစောပိုင်း စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းခြင်း၏ နောက်ဆက်တွဲအဖြစ် ကနေဒါအစိုးရက ယခုကဲ့သို့ ရှေ့တိုး ဆောင်ရွက်ခြင်း ဖြစ်သည်။

မြန်မာပြည်တွင် true က ဘတ် ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

 

ထိုင်း ပုဂ္ဂလိကပိုင် ထိပ်တန်း ဆက်သွယ်ရေး ကုမ္ပဏီ true က မြန်မာနိုင်ငံတွင် ထိုင်းငွေ ၁ ဘီလီယံဘတ် ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိကြောင်း ဘန်ကောက်ပို့စ် သတင်းစာကို ထုတ်ဖော်ပြောဆိုသည်။ သတင်းစာ၏အဆိုအရ ကေဘယ်လ် ရုပ်သံလွှင့် လုပ်ငန်းကို မြန်မာနှင့် တွဲ၍ လုပ်ကိုင်လိုကြောင်းနှင့် လုပ်ငန်းလိုင်စင် လျှောက်ထားရန် ရှိကြောင်း သိရသည်။

ANA လေကြောင်းလိုင်း ရန်ကုန်-နာရီတာ တိုက်ရိုက် ပြေးဆွဲမည် 

 

ဂျပန် လေကြောင်းလိုင်း ဖြစ်သော All Nippon Airways(ANA)က မြန်မာနိုင်ငံ ရန်ကုန် နိုင်ငံတကာ လေဆိပ် နှင့် ဂျပန်နိုင်ငံ နာရီတာ လေဆိပ်ကို လာမည့် အောက်တိုဘာ ၁၅ ရက်တွင် စတင်၍ တိုက်ရိုက်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ ANA က အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့နှင့် နာရီတာ တိုက်ရိုက် လေကြောင်းခရီးစဉ်ကိုလည်း အောက်တိုဘာ ၂၈ ရက်တွင် ပြေးဆွဲသွားရန် ရှိသည် ဟု Japan Today သတင်းက ဆိုသည်။ ယခု ပြေးဆွဲမည့် အစီအစဉ်သည် ၁၂ နှစ်ကြာကာလအတွင်း ပထမဆုံး ဖြစ်သည်

ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူ (၈) ဦးကို ပစ်ခတ်ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပင်လယ်ပြင်ကို ဖြတ်သန်းပြီး တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈ ဦးကို မနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်း စစ်တပ် အာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။မနေ့ကမနက် (၁၀) နာရီလောက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၈) ဦးဟာ စက်လှေတစ်စီးနဲ့ ဘင်္ဂလား ပင်လယ်ပြင်ကို ဖြတ်သန်း ဝင်ရောက် လာကြတာ ဖြစ်ပြီး ပေါက်တောမြို့နယ်၊ စစ်ကဲပြင် ကျေးရွာဘက်မှာ တပ်ချထားတဲ့ ခမရ (၃၇၁) က မသင်္ကာတဲ့အတွက် အဲဒီစက်လှေကို ရပ်တန့်ဖို့ ပြောကြားခဲ့ရာမှာ စက်လှေက မရပ်တန့်ဘဲ ဆံတော်ရှင် ကမ်းဘက်ကို ဆက်လက်ဦးတည် ခုတ်မောင်း နေတဲ့အတွက် စစ်တပ်က ပစ်ခတ် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီလို ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦးမှာ သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး မနေ့က ညနေ(၄)နာရီခန့်မှာ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးကို တင်ထားရတယ်လို့လည်း သိရပါတယ်။ ကျန် (၇) ဦးကိုတော့ မနေ့က စစ်တွေ အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။မနေ့က ဖမ်းဆီးရမိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား(၈)ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်၊ တက္ကနက်မြို့နယ်၊ မူနာဒီကျေးရွာက ဖြစ်တယ်လို့လည်း သိရပါတယ်။

ရိုဟင်ဂျာအရေး OIC တောင်းဆိုမှု UAE ထောက်ခံ

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ အရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လက်အောက်ခံ အစ္စလမ် အဖွဲ့တဖွဲ့ဖြစ်သည့် Organization of Islamic Cooperation (OIC) အဖွဲ့၏ တောင်းဆိုချက်ကို အာရပ်ပြည်ထောင်စု(UAE)က ထောက်ခံကြောင်း သိရသည်။ ယင်း ရိုဟင်ဂျာများ ရွှေ့ပြောင်းနေထိုင်မှု အပါအ၀င် အသတ်ခံရမှုများနှင့် ပတ်သက်ပြီး နိုင်ငံတကာအနေနှင့် အရေးယူ ကာကွယ်မှုများ ဆောင်ရွက် ပေးရန် OIC က တောင်းဆိုခြင်းဖြစ်ကြောင်း khaleejtimes သတင်းက ဆိုသည်။ မြန်မာနိုင်ငံသို့ OIC က ကိုယ်စားလှယ် အဖွဲ့တဖွဲ့ စေလွှတ်ရန် စီစဉ်နေကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

ဆက်သွယ်ရေးကဏ္ဍတွင်လည်း နိုင်ငံခြားကုမ္ပဏီများကို ခွင့်ပြုတော့မည်

မြန်မာအစိုးရအနေနှင့် ဆက်သွယ်ရေး (telecommunication) ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများကို ခွင့်ပြုတော့မည်ဖြစ်ကြောင်း အစိုးရ အကြီးတန်းအရာရှိတဦးက ဖော်ထုတ် ပြောဆိုလိုက် သည်။
နိုင်ငံတကာ ကုမ္ပဏီများကို အစိုးရနှင့် ဖက်စပ်လုပ်ကိုင်စေကာ မြန်မာပြည်တွင်း အခြေခံ အဆောင်အအုံများ တည်ဆောက်ပြီး ဝန်ဆောင်မှုများ ပေးစေရန်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ ဦးကျော်စိုးက စင်္ကာပူနိုင်ငံတွင် တနင်္လာနေ့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာအစိုးရအနေနှင့် တိုင်းပြည်တွင်း ဝန်ဆောင်မှုများ ပေးရန်အတွက် နိုင်ငံခြားကုမ္ပဏီ သုံးခုအထိ ဖက်စပ် လုပ်ကိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုနိုင်သည်။
အစိုးရအနေနှင့် မကြာမီ လအနည်းငယ်အတွင်း အကြံပေးတယောက်ကို ခန့်အပ်မည်ဖြစ်ပြီး ၎င်းအကြံပေး အရာရှိ အနေနှင့် မြန်မာပြည်တွင်း ရင်းနှီးလုပ်ကိုင်မည့် နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီများအတွက် အဆိုပါ ကဏ္ဍ ဖွင့်လှစ်ရေးနှင့် ဘောင်စည်းမျဉ်းများအတွက် အကြံဉာဏ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း
လူဦးရေ သန်း ၆၀ ခန့်ရှိသော မြန်မာနိုင်ငံတွင် လူ သုံးသန်းသာလျှင် တယ်လီဖုန်း တလုံး အသုံးပြုနိုင်သေးပြီး လာမည့် ၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်ကုန်တွင် ၇၅ ရာခိုင်နှုန်းထိ မြှင့်တင်ရန် ရည်ရွယ်ထားသည့်အတွက် လူဦးရေ သန်း ၄၀ မှာ ဖုန်းကိုင်ဆောင် အသုံးပြုလာနိုင်လိမ့်မည် ဖြစ်ကြောင်း ဦးကျော်စိုးက ပြောသည်။

ထိုသို့ နိုင်ငံခြား ပုဂ္ဂလိကကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်သည့်အခါ အစိုးရအနေနှင့် ပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်းထိ စွဲကိုင်ထားမည် ဖြစ်သည်။
နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ဥပဒေအရ ဆက်သွယ်ရေး လုပ်ငန်းမှာ အခြေခံအားဖြင့် နိုင်ငံပိုင်ဖြစ်ပြီး အစိုးရသာလျှင် ဝန်ဆောင်မှုပေးနိုင်သည့် တဦးတည်းသော အခွင့်အရေးပိုင်ရှင် ဖြစ်သည်။ သို့သော် ဆက်သွယ်ရေး ဥပဒေသစ်တခုကို မူကြမ်းရေးဆွဲနေရာ အချောကိုင်အဆင့်သို့ ရောက်ရှိနေပြီး ၎င်းဥပဒေသစ်အရ ပုဂ္ဂလိက အခန်းကဏ္ဍများလည်း ခွင့်ပြုလာလိမ့်မည်ဟု ဦကျော်စိုးက ပြောဆိုသွားသည်။
မြန်မာနိုင်ငံသည် နိုင်ငံအတွင်း မိုဘိုင်းဖုန်းနှင့် သတင်းအချက်အလက် ဝန်ဆောင်မှုများ တိုးတက်ရေးအတွက် အလင်း ဖန်မျှင် fibre-optic ကွန်ယက် ကို နိုင်ငံအနှံ့ တည်ဆောက်လျက် ရှိနေသည်။ လက်ရှိ Fibre-optic ကွန်ယက်၏ အရွယ်အစားမှာ ကီလိုမီတာ ၁၀၀၀ ခန့်ရှိကြောင်း ဦးကျော်စိုးက ပြောခဲ့သော်လည်း အသေးစိတ် အချက်အလက်များ ကို ပြောဆိုသွားခြင်း မရှိပေ။




မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများ လုပ်ဆောင်မှုနှင့် ပတ်သက်၍ အများပြည်သူ သိရှိစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် စွမ်းအင်ဝန်ကြီးဌာနမှ ပထမဆုံးအကြိမ် ထုတ်ပြန် ကြေညာခဲ့ပြီး ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချနေသည့် ရတနာနှင့် ရဲတံခွန်မှ ရရှိသောဝင်ငွေ၏ ၆၇ရာခိုင်နှုန်းကို နိုင်ငံတော်မှ ရရှိနေကြောင်း မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ နိုင်ငံအနေဖြင့် ခိုင်ကြေး (Royalty)၊ အစုရှယ်ယာ၊ ဓာတ်ငွေ့ သယ်ဆောင်ခ ရငွေ၊ ပိုက်လိုင်းဖြတ်သန်းခငွေနှင့် ၀င်ငွေခွန်များ ရရှိမည်ဖြစ်ပြီး လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေသည့် ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ၂၀၀၆-၀၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်အထိ အမေရိကန် ဒေါ်လာ ၁၆ ဘီလျံကျော် မြန်မာနိုင်ငံဘက်မှ ၀င်ငွေရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ဆောင်ရွက်နေသော သဘာဝ ဓာတ်ငွေ့စီမံကိန်းများကို ကြည့်ပါက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)မှ အစုရှယ်ယာ ၁၅ နှင့် ၂၀ ရာခိုင်နှုန်းခန့်သာ  အကျိုးအမြတ် ခံစားခွင့်ရှိသကဲ့သို့ အများပြည်သူ ထင်မြင်နိုင်ကြောင်း၊ ယင်းစီမံကိန်းများမှ မြန်မာနိုင်ငံအနေဖြင့် ခိုင်ကြေး (Royalty)၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရရှိသည့် ရပိုင်ခွင့်၊ အစုရှယ်ယာ ရာခိုင်နှုန်းအတွက် ရငွေ၊ ဓာတ်ငွေ့သယ်ဆောင်ခ ရငွေ၊ ပိုက်လိုင်းဖြတ်သန်းခ ရငွေ၊ လေ့ကျင့်ပညာ သင်ကြားရေး ရန်ပုံငွေနှင့် ၀င်ငွေခွန်များကိုလည်း ရရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရတနာနှင့် ရဲတံခွန်သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ သဘာဝဓာတ်ငွေ့များကို ၁၉၉၈ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်တို့တွင် စတင်ထုတ်လုပ်ရောင်းချခဲ့ရာ ရတနာစီမံကိန်းမှာ ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်နှင့် ရဲတံခွန်စီမံကိန်းမှာ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ် အသီးသီးတွင် အရင်းကြေခဲ့ပြီး အမြတ်များ ရရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။
ရတနာနှင့် ရဲတံခွန်သဘာဝ ဓာတ်ငွေ့ စီမံကိန်းများတွင် ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်း တစ်ခုလုံး ၀င်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၇၄ ဘီလျံခန့်၊ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၄၈ ဘီလျံခန့်၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၄၃ ဘီလျံခန့်၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၆၀၃ ဘီလျံခန့်၊ ၂၀၁၀-၂၀၁၁ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၃၄ ဘီလျံခန့်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၁၁ ဘီလျံခန့် ရရှိခဲ့ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၆ ဘီလျံကျော် ရရှိခဲ့ပြီးဖြစ်ကြောင်းထို့အတူ လာမည့် ၂၀၁၃ခုနှစ်တွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချမည့် ရွှေနှင့် ဇောတိက ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ၆၀ရာခိုင်နှုန်းခန့်ကို နိုင်ငံတော်မှ ရရှိမည်ဖြစ်ကြောင်း သိရပါသည်။
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင်လည်း မြန်မာနိုင်ငံကို ပိုက်လိုင်းဖြတ်သန်း သွယ်တန်းရသည့်အတွက် ပိုက်လိုင်းလမ်းကြောင်း ဖြတ်သန်းခ (Right of Way)အဖြစ် တစ်နှစ်လျင် အမေရိကန် ဒေါ်လာ ၆ဒသမ၉၀၅သန်း ရရှိမည် ဖြစ်ပြီး မြန်မာနိုင်ငံကို ဖြတ်သန်းပို့ဆောင်ရသည့် အတွက်(Transit Fee) အဖြစ် ရေနံပမာဏ တစ်တန်လျင် အမေရိကန်တစ်ဒေါ်လာ ရရှိမည်ဖြစ်ကာ ပြည်တွင်းသုံးရန်အတွက် သဘာဝဓာတ်ငွေ့နှင့် ရေနံပမာဏ အချိုးအစားတစ်ရပ်ကိုလည်း ရရှိမည်ဖြစ်ကြောင်း ထို့ပြင် မြန်မာ့သယဇာတဖြစ်သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကို ပြည်ပတင်ပို့ရောင်းချမှုနှင့် ပတ်သက်၍ ယခင်က ပြည်တွင်းသဘာဝ ဓာတ်ငွေ့လိုအပ်ချက်မရှိခဲ့ခြင်းနှင့် နိုင်ငံနှင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အခြေခံအ ဆောက်အဦများ တည်ဆောက်ရန် နိုင်ငံခြားငွေ လိုအပ်ခြင်းများကြောင့် ရောင်းချခဲ့ရခြင်းဖြစ်ကြောင်း၊ ယခု နောက်ပိုင်းတွေ့ရှိသမျှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့များကို ပြည်တွင်းသုံးစွဲရန် ဦးစားပေး သွားမည်ဖြစ်ခြင်းကြောင့် ပြည်ပသို့ ရောင်းချတော့ မည်မဟုတ်ကြောင်းနှင့် ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပြည်တွင်းသုံးစွဲရန် ဖူလုံပြည်စုံနေပါက တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ကုမ္ပဏီများအလိုက် အစုရှယ်ယာပါဝင်မှု

TOTAL - ၃၁.၂၄%
UNOCAL - ၂၈.၂၆%
PTTEP - ၂၅.၅၀%MOGE - ၁၅.၀၀%
MOGE- ၂၀.၄၅%


ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ကုမ္ပဏီများအလိုက် အစုရှယ်ယာပါဝင်မှု

PETRONAS- ၄၀.၇၅%
MOGE- ၂၀.၄၅%
NIPPON - ၁၉.၄၀%
PTTEP - ၁၉.၄၀%

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ကုမ္ပဏီများအလိုက် အစုရှယ်ယာပါဝင်မှု
DAEWOO-၈၅.၀%
OVL-၁၇.၀%
MOGE- ၁၅.၀%
GAIL - ၈.၅%
KOGAS - ၈.၅%

ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းတွင် ကုမ္ပဏီများ အလိုက် အစုရှယ်ယာပါဝင်မှု

PTTEPI - ၈၅.၀%
MOGE - ၁၅.၀%



LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment