မြန်မာသတင်းများ  ဇူလိုင် ၁၇၊ ၂၀၁၂


ကချင်သတင်းများ

အဖမ်းအဆီးကြောင့် ကချင်ဒုက္ခသည်များ ထိတ်လန့်

ဦးဘရန်ရှောင်ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီးနောက် ကချင်စစ်ပြေး ဒုက္ခသည်များ စိုးရိမ်ထိတ်လန့် နေကြကြောင်း သတင်းရရှိသည်။
စစ်ပြေး ဒုက္ခသည်များသည် ဒုက္ခသည်စခန်းများထက် ပိုမို လုံခြုံနိုင်မည့် နေရပ်ကို ရှာဖွေလိုနေကြသဖြင့် စခန်း တာဝန်ရှိသူများက ဖျောင်းဖျ ပြောဆိုနေရကြောင်း ဂျန်မိုင်ကောင် ဒုက္ခသည်စခန်း တာဝန်ခံ ဦးအောင်မြတ်က ပြောသည်။
မြစ်ကြီးနား ကျွန်းပြင်သာ ဒုက္ခသည်စခန်းမှ မိသားစု ၄ စုသည်လည်း လိုင်ဇာမြို့အနီးမှ ဂျဲယန် ဒုက္ခသည် စခန်းသို့ ၄ ရက်အကြာ လမ်းလျှောက် ထွက်ပြေးလာကြောင်း စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆာ့ က ပြောသည်။အဆိုပါ မိသားစုဝင်များသည် ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ ဦးဘရန်ရှောင်အား KIA အမည်တပ်ကာ နှိပ်စက် ၀န်ခံခိုင်းသည့် သတင်းများ ကြားရသဖြင့် ထိတ်လန့်ပြီး ထွက်ပြေးလာကြသည်ဟု သူက ဆိုသည်။
ကျွန်းပြင်သာ ဒုက္ခသည် စခန်းတွင် ဇွန်လ ၁၇ ရက်နေ့ ညက ရဲ၊ စရဖနှင့် ရပ်ကွက် လူကြီးများက လူစာရင်း လာရောက် စစ်ဆေးခဲ့ကြောင်း၊ ယခု ထွက်ပြေးလာသည့် မိသားစု တစုမှ အိမ်ထောင်ဦးစီး ဖြစ်သူ၏ မှတ်ပုံတင်ပါ အမည်နှင့် စခန်းတွင် ပေးသွင်းထားသည့် အမည် ကွဲလွဲနေသဖြင်း စခန်းပြင်ပသို့ ထွက်ခွာခွင့် မပြုတော့ပဲ နေစေခဲ့ကြောင်း သိရသည်။ထွက်ပြေးလာသည့် မိသားစု ၄ စုသည်သည် ၂၀၁၁ ခုနှစ် သြဂုတ်လ ကတည်းက မြစ်ကြီးနားသို့ လာရောက် ခိုလှုံကြသူများ ဖြစ်သည်။ဂျန်မိုင်ကောင် စခန်းမှ ဦးဘရန်ရှောင်ကို ဖမ်းဆီး နှိပ်စက် ၀န်ခံခိုင်းသည့် သတင်းများသည် တဆင့်စကား တဆင့် တခြား ဒုက္ခသည် စခန်းများသို့ ရောက်လာခဲ့သည့်နောက်တွင် ဒုက္ခသည်များသည် ၎င်းတို့ နေထိုင်ရာစခန်းများမှ ထွက်ပြေးရန် စီစဉ်ကြခြင်း ဖြစ်ကြောင်း သိရသည်။
ဒုက္ခသည်စခန်းကို တာဝန်ခံထားသည့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ကလည်း ဒုက္ခသည်များ၏ လုံခြုံရေးနှင့် ပတ်သက်ပြီး တိကျပြတ်သားသည့် အာမခံချက် မပေးနိုင်ကြောင်း ထွက်ပြေးလာသူ ဒုက္ခသည် တဦးက ဆိုသည်။ထွက်ပြေးလာသည့် အိမ်ထောင်စု ၄ စု စလုံးတွင် သန်းခေါင်စာရင်း၊ မှတ်ပုံတင်များ ရှိကြပြီး ကလေးငယ်များ မှာလည်း အစိုးရကျောင်း တက်ရောက်နေကြဆဲ ဖြစ်သည်။
အဆိုပါ အိမ်ထောင်စု ၄ စုသည် ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အ၀တ်တထည် ကိုယ်တခုနှင့် ထွက်ခဲ့ပြီး တောထဲတွင် ၃ ညအိပ်ကာ ၄ ရက်ခရီး လမ်းလျှောက်ခဲ့ကြကြောင်း၊ ဇွန် ၂၅ ရက်နေ့တွင် ဂျဲယန် ဒုက္ခသည်စခန်းသို့ ရောက်ခဲ့ကြောင်း၊ ထွက်ပြေးလာစဉ် အခင်းများ သယ်ဆောင်လာနိုင်ခြင်း မရှိသဖြင့် လက်ရှိတွင် ၀ါးကြမ်းခင်းပေါ်၌ အိပ်စက်နေရကြောင်း သိရသည်။
နောင်တွင် ဒုက္ခသည်များ ထိုကဲ့သို့ ထွက်ပြေးသွားခြင်း မပြုစေရန် အကာအကွယ် ပေးမှု တစုံတရာ မရှိကြောင်း၊ ပြည်နယ် ၀န်ကြီးချုပ်က နောက်နောင်တွင် ၀င်ရောက် ဖမ်းဆီးခြင်းမပြုရန် နှုတ်ဖြင့်သာ ပြောခဲ့ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူး သိက္ခာတော်ရဆရာ ဦးခလမ်ဆမ်ဆွန်က ဆိုသည်။KIA အဖြစ် စွပ်စွဲကာ ဖမ်းဆီးနိုပ်စက်ခြင်း ခံထားရသည့် ဦးဘရန်ရှောင်ကို ယနေ့ ဒုတိယ အကြိမ် ရုံးထုတ် စစ်ဆေးလျှက် ရှိသော်လည်း တရားရုံး၏ အဖြေကို ဧရာဝတီက စုံစမ်း၍ မရသေးပေ။
နိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် မှီတင်းနေထိုင်ကြသော ဒုက္ခသည်များ ကြောက်ရွံ့မှုများ ဖုံးလွှမ်း နေခြင်းမှ ကာကွယ်ပေးရန်နှင့် KIA အရာရှိအဖြစ်နှင့် ဖောက်ခွဲ့မှုတို့ဖြင့် စွပ်စွဲဖမ်းဆီး၍ တရားစွဲဆိုခံထားရသော ဦးဘရန်ရှောင် ကိစ္စကို အမှန်တရားဘက်မှ ရပ်တည်ကာ ကင်းလွတ်ခွင့်ပေးရန် သမ္မတဦးသိန်းစိန်ထံ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က ယခုလ ၁၂ ရက်နေ့တွင် စာဖြင့် တင်ပြ တောင်းဆိုထားကြောင်း သိရသည်။

တရုတ်ပြည်တွင်းမှ ကချင် ဒုက္ခသည် စခန်းများ ဖယ်ရန်မလိုတော့

တရုတ်ပြည်အတွင်းမှ ဖယ်ရှားခိုင်းထားသော ရမ်လူးနှင့် လောင်ဖိုင်း ကချင်စစ်ပြေး ဒုက္ခသည်စခန်း ၂ ခုတွင် ယခုအခါ ပြန်လည်နေထိုင်ရန် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ စခန်း ၂ ခုကို ဇူလိုင် ၇ ရက်နေ့တွင် အပြီး ဖယ်ရှားခိုင်းထား သော်လည်း ကချင်စစ်ပြေး ဒုက္ခသည်များက တရုတ်ပြည်တွင် အေးချမ်းစွာနှင့် တရုတ်အစိုးရ၏ ဆန္ဒအတိုင်း နေထိုင်သွားမည်ဖြစ်ကြောင်း စုပေါင်း အသနားခံသဖြင့် ပြန်လည် နေထိုင်ခွင့် ရခဲ့ကြောင်း ရမ်လူးစခန်းမှ တာဝန်ရှိသူတဦးက ဆိုသည်။
တရုတ်ပြည်တွင်းမှ ဒုက္ခသည် စခန်းများသည် ၎င်းတို့၏ နေရပ် ဒေသ မဟုတ်သဖြင့် နေထိုင်ချင်စိတ် မရှိကြောင်း၊ မိမိဌာနေကို အမြန် ပြန်ချင်သော်လည်း စစ်ကို ကြောက်ခြင်းကြောင့် တိုင်းတပါးနယ်မြေတွင် မှီခိုနေရသည့် ဒုက္ခသာရှိကြောင်း တရုတ် ပြည်၏ ပြောဆိုမှုကို ခံရပြီး အသနာခံကာ နေထိုင်ဖို့ တောင်းဆိုနေရကြောင်း အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောဆိုသည်။
ယခုကာလသည် မိုးရာသီ ဖြစ်နေသဖြင့် စခန်း ပြောင်းရွှေ့ရမည့်အရေး အခက်အခဲ ရှိနေကြောင်း၊ စခန်းပြန်လည် တည်ဆောက်ရေး မှာလည်း မလွယ်ကူကြောင်း၊ ထိုသို့ ပြောင်းရွှေ့ရမည့် အရေးနှင့် ပတ်သက်၍ စစ်ပြေးဒုက္ခသည်များစိတ်ဒဏ်ရာ ရမည်ကို စခန်း တာဝန်ခံများက စိုးရိမ်နေကြကြောင်း စစ်ပြေးဒုက္ခသည်များ နေထိုင်သည့် အခန်းတခန်းလျှင် ၈ ပေ ပတ်လည်သာ ရှိသော်လည်း မိသားစုဝင် ၆ ဦး၊ ၇ ဦးခန့် နေထိုင်ရကြောင်း တရုတ်အာဏာပိုင်များက ပြောင်းရွှေ့ခိုင်းသည့် စခန်းများသည် မြန်မာပြည်နှင့် ၃ ဖာလုံ ခန့်သာ ဝေးပြီး တရုတ်ပြည် နန်တောင်းမြို့ အတွင်းပိုင်းတွင် ကျရောက်နေရာ တရုတ်ပြည် လူနေရပ်ကွက်နှင့် ထိစပ်လျှက်ရှိသည်။
ရန်လူးစခန်းတွင် လူဦးရေ ၁၄၀၀ ကျော်နေထိုင်ပြီး လောင်ဖိုင်း စခန်းတွင် လူဦးရေ ၇၀၀ ကျော်ခန့် နေထိုင်ကြောင်း သိရသည်။ယင်း ဒုက္ခသည်များသည် ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIO) တို့အကြား တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာ၍ ထွက်ပြေးလာသူများ ဖြစ်ပြီး နယ်မြေ တည်ငြိမ်မှု မရရှိသေးသဖြင့် နေရပ်ရင်းသို့မပြန်နိုင် ကြသေးချေ။

ကချင်ဒုက္ခသည်တွေ အကူအညီပိုမိုလိုအပ်

ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည် စခန်း (၆) ကို သွားရောက် ကူညီခဲ့တဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လှည်းတန်း လမ်းဆုံအနီးမှာရှိတဲ့ အဲဒီကွန်ရက်အဖွဲ့ရဲ့ ရုံးခန်းမှာ မနေ့ကနေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ဟာ One More၊ နှောင်ကြိုးမဲ့ ကွန်ရက်၊ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း စတဲ့ ကူညီရေး အဖွဲ့အစည်း (၆) ခုကို ဦးဆောင်ပြီး ဇူလိုင်လ (၄) ရက်နေ့ကနေ (၁၂) ရက်နေ့အထိ KIO ထိန်းချုပ်နယ်မြေမှာရှိတဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။မိုးတွင်းကာလ ဖြစ်တာမို့ ဒုက္ခသည်တွေရဲ့ အခြေအနေဟာ ပိုမိုဆိုးဝါးပြီး အကူအညီ လိုအပ်ချက်တွေ ပိုများပြားလာတယ်လို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းက ပြောပါတယ်။
ဒုက္ခသည်စခန်းတွေမှာ အစာရေစာ မလုံလောက်တဲ့အတွက် သွေးအားနည်းရောဂါ၊ အူရောင်ငန်းဖျား ရောဂါနဲ့ ၀မ်းရောဂါ ဖြစ်ပွားမှုရှိပြီး ကလေးငယ်တွေအတွက် ပညာသင်ကြားရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးနဲ့ ပတ်သက်တဲ့ အကူအညီတွေ အင်မတန် လိုအပ်နေတယ်လို့လည်း ဦးမရန်ဂျော်ဂွန်းက ပြောပါတယ်။
ဒါ့ပြင် အစိုးရ ထိန်းချုပ်နယ်မြေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေထက် အခြေအနေ ပိုမိုဆိုးဝါးပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေအနေနဲ့ အဲဒီစခန်းတွေကို သွားရောက်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့က ဦးဆောင် သွားရောက်ခဲ့တဲ့ ဒုက္ခသည်စခန်း (၆) ခုကတော့ ဖုံလုံရန်၊ ဂျေရန်၊ ၀ိုင်ကြိုင်၊ အင်ခေါင်းပါ၊ ပါကထောင်၊ လာယိန်းတို့ ဖြစ်ပြီး၊ အဲဒီ စခန်းတွေမှာ ဒုက္ခသည်စုစုပေါင်း (၂) သောင်း ကျော် ရှိတယ်လို့ သိရပါတယ်။


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်အချို့ ကချင်ဒုက္ခသည်စခန်းများသို့ အလှူငွေများ သွားရောက်လှူဒါန်း

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သော ကိုမြအေး၊ ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်၊ ကိုပဏ္ဍိတ်ထွန်း၊ မမီမီလွင်၊ မမီးမီးတို့ သည် ဇူလိုင်လ ၂ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ကာ ဒုက္ခသည် စခန်းများသို့ အလှူငွေသိန်း ၉၀ နှင့် အသုံးအဆောင် ပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ကြောင်း ကချင်ပြည်နယ် ခရီးစဉ်အတွင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များသည် KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်အက်စ် ဂွန်မော်၊ KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလန်နန်တို့နှင့် ဇူလိုင်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့ များတွင် ကချင်ပြည်နယ်၊ လိုင်ဇာ မြို့၌ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကိစ္စများကို တွေ့ဆုံဆွေး နွေးခဲ့သည်။ ထို့ပြင် ဇူလိုင်လ ၁၀ ရက်နေ့တွင် နေပြည်တော်၌ ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံခဲ့ကာ ပြည်တွင်းစစ်ရပ်စဲရေးနှင့် စစ်မှန်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိစ္စများကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဦးဘရန်ရှောင်အမှု တရားခွင် ကြားနာမှု အများပြည်သူ နားထောင်ခွင့် မပြု
 
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဝန်ထမ်းဟု စွပ်စွဲကာ တရားရင်ဆိုင်နေရသော ဦးလထော်ဘရန်ရှောင်၏ အမှုအား ကြားနာစစ်ဆေးသည့် တနင်္လာနေ့ တရားခွင်သို့ တရားသူကြီး ဦးမြင့်ထူးက အများပြည်သူများအား နားထောင်ခွင့် မပြုခဲ့ကြောင်း ရုံးချိန်းတွင် သွားရောက်လေ့လာခဲ့သူ တဦးက ပြောသည်။

ယနေ့ရုံးချိန်းတွင် တရားလို စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့-စရဖ ဗိုလ်ကြီး ကျော်စွာလင်းအား စစ်ဆေးခဲ့ခြင်း ဖြစ်သော် လည်း တရားခွင်သို့ ဦးဘရန်ရှောင်၏ ရှေ့နေဦးမာခါး၊ ဥပဒေအရာရှိနှင့် တရားလိုတို့သာ ဝင်ခွင့်ရပြီး တခြား မည်သူ့ကိုမျှ နားထောင်ခွင့် မပြုခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့က တယောက်မှ မဝင်ခိုင်းဘူး။ ရှေ့နေရော၊ တရားလိုရော၊ ဥပဒေအရာရှိရော သုံးယောက်ပဲ အဝင်ခိုင်းတယ်။ရှေ့နေရဲ့ မှတ်တမ်းတင်ရေးပေးဖို့ လူလည်း မဝင်ခိုင်းဘူး။ ရှေ့နေ စစ်ဆေးပြီးတော့ ဘာမှ ရေးမှတ်လို့ မရဘူး။ သူတို့ ရေးမှတ်ထားတာပဲ ယူရမယ်။ အရင်တခေါက်တော့ ရှေ့နေရဲ့ မှတ်တမ်းရေးမယ့်လူလည်း ပါတယ်” ဟု တရားရုံးသို့ လိုက်ပါခဲ့သူ တဦးက ပြောသည်။

ယခင် ရုံးချိန်းမှ စစ်ဆေးချက်များကို ကချင်ဘလော့တခုဖြစ်သည့် Jinghpaw kasa စာမျက်နှာပေါ်တွင် ဖော်ပြခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဦးဘရန်ရှောင်၏ ရှေ့နေ ဦးမာခါးက ယူဆသည်။

“သူတို့ပြောတာက jinghpaw kasa မှာ တရားစစ်ဆေးတာ အကုန်လုံး ပါလာလို့ တမင်လုပ်တာ” ဟု ဆိုသည်။

တရားလို ဗိုလ်ကြီးကျော်စွာလင်း က ဦးဘရန်ရှောင်သည် ၂၀၀၄ ခုနှစ်လယ်မှ ၂၀၁၁ ခုနှစ်ထိ KIO ဝန်ထမ်းတဦးဖြစ်ပြီး တရုတ်နိုင်ငံသို့ လက်နက်များ သယ်ဆောင်ခြင်းနှင့် KIO အရာရှိ ဦးလဂျောင်ခေါင်လွမ်း၏ လုံခြုံရေး တာဝန်ယူခဲ့သူ ဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု ရှေ့နေ ဦးမာခါးက ပြောသည်။       

ဇူလိုင်လ ၁၁ ရက်နေ့ ပထမဆုံး ရုံးချိန်းတွင် တရားလိုသက်သေ ဒုစရိုက်နိမ်နှင်းရေးအဖွဲ့မှ ရဲအုပ် အောင်မြသန်း က ဦးဘရန်ရှောင်သည် ဗုံးဖောက်ခွဲမှုနှင့် မသက်ဆိုင်သော်လည်း KIO ဘက်မှ တပ်ကြပ်ကြီးအဆင့် တာဝန် ထမ်းဆောင်ခဲ့ ပြီး တရုတ်နိုင်ငံထိ လက်နက်များ သယ်ယူခဲ့ဖူးသည်ဟု ထွက်ဆိုသွားခဲ့သည်။

မနေ့က အမှုစစ်ဆေးမှုကို မွန်လွဲ ၁၂ နာရီမှ ညနေ ၅ နာရီခန့်ထိ ကြာမြင့်ခဲ့သည်ဟု သိရသည်။

ဇွန်လ ၁၇ ရက်နေ့က ဦးဘရန်ရှောင်ကို အမှတ် (၁) ရဲစခန်းမှ ဒု-ရဲအုပ် ကျော်မျိုးနိုင် ဖမ်းဆီးခဲ့ပြီးနောက် စရဖ လက်ထဲ လွှဲပြောင်းခဲ့သည်။ ထို့နောက် KIO ဝန်ထမ်းဖြစ်သည်ဟု ဆိုကာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲ ဆိုခံထားရသည်။

ဇူလိုင်လ ၁၂ ရက်နေ့က ဦးဘရန်ရှောင်အား တရားစွဲဆိုထားမှုမှ ကင်းလွှတ်ခွင့်ပြုပါရန်နှင့် တရားစွဲဆိုခြင်းမှ ရပ်တန့်ပေး ပါရန် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC တွင် ပါဝင်သော အသင်းတော်ပေါင်း ၃၈၀ က စစ်မှန်၍ တရားမျှတသော တရားစီရင် ဆုံးဖြတ်မှုကို လိုလားကြောင်း သမ္မတ ဦးသိန်းစိန်ထံ စာရေးသားပေးပို့ခဲ့သည်။ဦးဘရန်ရှောင် KIO ဝန်ထမ်းမဟုတ်မှန်း သိသော်လည်း သူ့ကို ညှင်းပန်းနှိပ်စက်မှုများ ရှိနေသဖြင့် လွှတ်ပေးပါကပြဿနာ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ အာဏာပိုင်များက ထောင်ချလိုခြင်း ဖြစ်နိုင်သည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန့်အောင်က သုံးသပ်သည်။

“သူတို့ အရမ်းနှိပ်စက်ထားတော့ အပြင်ရောက်ရင် ပြဿနာ ပြန်ဖြစ်မှာ စိုးရိမ်လို့ ထောင်ချချင်တဲ့ သဘောပဲ။ အခုက သူ့ကို နှိပ်စက်လွန်းလို့ လူဖြစ်ဖို့တောင် ခက်နေပြီ။ ပုံမှန် အနေအထားပြန်ဖြစ်ဖို့ ခက်သွားပြီ” ဟု မဇ္စျိမကို ပြောဆိုသွား သည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment