ကမ္ဘာ့သတင်းများ  18/07/2012

 

နိုင်ငံတကာသတင်း


ဆီးရီးယားအရေး လုံခြုံရေးကောင်စီ ညီညွတ်ဖို့လို

ဆီးရီးယားနိုင်ငံ ငြိမ်းချမ်းရေးတည်ငြိမ်ရေးအတွက် နည်းလမ်းရှာ လုပ်ဆောင်တဲ့နေရာမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ တညီတညွတ်တည်း ရှိလိမ့်မယ်လို့ သူ မျှော်လင့်တဲ့အကြောင်း ကုလသမဂ္ဂအထူးသံတမန် ကိုဖီ အာနန်က ပြောလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းနှစ်ခု လုံခြုံရေးကောင်စီမှာ အပြိုင်ဖြစ်နေချိန်မှာပဲ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်၊ နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လတ်ဗ်ရော့ဗ်တို့နဲ့ မော်စကိုမြို့တော်မှာ ကိုဖီအာနန် တွေ့ဆုံခဲ့ပါတယ်။
လုံခြုံရေးကောင်စီအနေနဲ့ သဘောတူညီချက် မရနိုင်စရာ ဘယ်လိုအကြောင်းမှ သူမတွေ့ဘူးလို့ ရုရှားနိုင်ငံခြားရေး ၀န်ကြီး လတ်ဗ်ရော့ဗ်က ပြောပါတယ်။
ဒါပေမဲ့လည်း ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အမေရိကန်တို့က ကမကထပြု တင်သွင်းတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ဗီတိုသုံးပြီး ပယ်ချမယ်လို့ ရုရှားကပြောထားပါတယ်။ အဲဒီဆုံးဖြတ်ချက်မူကြမ်းအရဆိုရင် ဆီးရီးယားမှာရှိတဲ့ ကုလသမဂ္ဂ လေ့လာစောင့်ကြည့်ရေးအဖွဲ့ကို သက်တမ်းထပ်တိုးပြီး အာဆဒ်အစိုးရအပေါ် ဒဏ်ခတ် အရေးယူ မှုတွေ ချမှတ်မှာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ရေးအရ အရေးယူနိုင်မယ့် အလားအလာကိုလည်း ဖွင့်ထားတာပါ။ ကုလသမဂ္ဂအဖွဲ့ကို ပိုကြာကြာထားပြီး ဒဏ်ခတ်အရေးယူမှုလုပ်ဖို့ မပါတဲ့ ရုရှားတို့ရဲ့ ဆုံးဖြတ်ချက်မူကြမ်းကိုလည်း ဗီတိုသုံးပယ်ချမယ်လို့ အနောက်နိုင်ငံတွေက ပြောထားပါတယ်။

အငြင်းပွားရေပိုက်နက် တရုတ်သင်္ဘောတွေ ရောက်လာတာကြောင့် ဖိလစ်ပိုင် စိုးရိမ်

တောင်တရုတ် ပင်လယ်ပြင်တွင်း ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကျွန်းတွေအနီး တရုတ်နိုင်ငံက သင်္ဘောအစင်း ၃၀ လောက် စေလွှတ်လိုက်တဲ့အတွက် ဖိလစ်ပိုင်နိုင်ငံက စိုးရိမ်မကင်း ဖြစ်နေပါတယ်။ Yongshu ကျောက်တန်းအနီး သွားရောက်တဲ့ ငါးဖမ်း သင်္ဘောတွေကို စောင့်ရှောက်ဖို့ တန်ချိန် ၃ ထောင် ရှိတဲ့ သင်္ဘောတစင်းနဲ့ အစိုးရရေယဉ်တွေ လိုက်ပါသွားခဲ့ကြောင်း တရုတ် အစိုးရက ကြေညာထားတာပါ။
ဖိလစ်ပိုင် နိုင်ငံခြားရေး ဌာနကတော့ တရုတ်သင်္ဘောတွေ ရောက်ရှိလာတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်တဲ့ အကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ ရေပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်လာတာမျိုး မဖြစ်စေချင်ဘူး လို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောဆိုခဲ့တာပါ။
တရုတ်ငါးဖမ်းသင်္ဘောတွေ ရောက်ရှိလာတဲ့ ကျောက်တန်းဟာ ဖိလစ်ပိုင်နိုင်ငံ Palawan ခရိုင် အနောက်ဘက် မိုင် ၃၁၀ အကွာမှာ တည်ရှိတာကြောင့် ကမ်းလွန် မိုင် ၂၃၀ ကျော်ရင် နိုင်ငံတကာ ရေပိုင်နက်အဖြစ် သတ်မှတ်လေ့ရှိတဲ့ နယ်မြေကို ကျော်လွန်တဲ့ နေရာမှာ ရှိနေတာဖြစ်ပါတယ်။
တောင်တရုတ် ပင်လယ်ပြင်တွင်း ပိုက်နက်နယ်မြေအတွက် တရုတ်နိုင်ငံနဲ့ အငြင်းပွားနေတဲ့ အထဲမှာ အရှေ့ တောင် အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင် ဖိလစ်ပိုင်သာမက၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း စတဲ့ နိုင်ငံတွေလည်း ပါဝင်နေကြတာပါ။ ဒီအတွက်လည်း အာဆီယံ အစည်းအဝေးပွဲတွေ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ကမ္ဘောဒီးယား နိုင်ငံမှာ ကျင်းပစဉ် ဒီကိစ္စကို ဆွေးနွေးခဲ့ကြပေမဲ့ တစုံတရာ သဘောတူညီချက် မရဘဲ အဆုံးသတ်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာအစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ မြေမြှုပ်မိုင်း အသုံးပြုနေဟု ဆို

လက်နက်ကိုင် ပဋိပက္ခများအတွင်း မြန်မာစစ်တပ်နှင့် တိုင်းရင်းသား အုပ်စုများသည်
မြေမြှုပ်မိုင်းများအား အသုံးပြုနေကြသည်ဟု ယုံကြည်ကြောင်း မြေမြှုပ်မိုင်း စောင့်ကြည့်ရေးအဖွဲ့ (the Landmine Monitor) က ကြေညာချက် တစောင် ထုတ်ပြန်လိုက်သည်။

ထိုအဖွဲ့မှာ မြေမြှုပ်မိုင်းနှင့် အတွဲလိုက် ပေါက်ကွဲစေနိုင်သောဗုံး (cluster bomb) များ အသုံးပြုမှုနှင့် ပတ်သက်၍
လေ့လာ စောင့်ကြည့်နေသော သုတေသန အဖွဲ့တခုဖြစ်သည်။

လွန်ခဲ့သည့် အပတ်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံသည် မိုင်းပိတ်ပင်ရေး စာချုပ် အပါအဝင် အခြားလက်နက် ရုပ်သိမ်းရေး စာချုပ်များကို လက်မှတ်ထိုးရန် အလေးအနက် စဉ်းစားနေသည်ဟု
ပြောကြားခဲ့သည်။ ၂ဝ၁၁ ခုနှစ် နှောင်းပိုင်းမှ ၂ဝ၁၂ ခုနှစ် နှစ်ဦးပိုင်းအတွင်းတွင် မြန်မာစစ်တပ်သည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ဖြစ်ပွါးခဲ့သည့် စစ်ပွဲများအတွင်း မြေမြှုပ်မိုင်းများ အသုံးပြုခဲ့ကြောင်း စွပ်စွဲခံထားရသည်ဟု the Landmine Monitor ၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

သတင်းထုတ်ပြန်ချက် တခုထဲတွင် ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ပြောဆိုချက်ကို ကိုးကားရေးသားထားသည်မှာ
မြန်မာအစိုးရ အနေဖြင့် မြေမြှုပ်မိုင်းကို အသုံးပြုခြင်း မရှိတော့ကြောင်းနှင့် မိုင်းအသုံးပြုမှု ပိတ်ပင်ရေး အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် ငြိမ်းချမ်းရေး ကတိကဝတ် တခု ပြုလုပ်မည်ဖြစ်ကြောင်း ဆိုထားသည်။လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ၏ အစီရင်ခံစာအရ မြေမြှုပ်မိုင်းများကို မြန်မာစစ်တပ်နှင့် KIA နှစ်ဖွဲ့စလုံးက အသုံးပြုခဲ့ကြသည်ဟု ဆိုထားသည်။

၂ဝ၁၁ ခုနှစ် ဇူလိုင်လ အတွင်းက KIA က ဖမ်းမိသော အစိုးရစစ်သားများထံမှ မြေမြှုပ်မိုင်းများ သိမ်းဆည်းရမိခဲ့သည် ဟု အခိုင်အမာ ဆိုခဲ့သလို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း ဒေသတွင်းရှိ လက်နက်ကိုင် အင်အားစုများအား မိုင်းအသုံးပြုခြင်းအား ရှောင်ရှားကြပါရန် မေတ္တာရပ်ခံခဲ့ကြောင်းလည်း ကြေညာချက်ထဲတွင်ဖော်ပြထားသည်။

ကချင်ပြည်နယ်ရှိ ရွာများတွင် ထောင်ထားသည့် မြေမြှုပ်မိုင်းများနှင့် ပတ်သတ်သည့် အစီရင်ခံစာများကြောင့် မိုင်းအန္တရာယ် ပညာပေး အစီအစဉ်များကို ဒုက္ခသည် စခန်းများတွင် ပြုလုပ်ပေးရန် ကုလသမဂ္ဂ လူသားချင်း စာနာမှု ကူညီရေးဌာန (UNOCHA) က ၂ဝ၁၂ ခုနှစ် မတ်လတွင် တိုက်တွန်းခဲ့သည်။

ထို့ပြင် မြန်မာစစ်တပ်၏ အုပ်ချုပ်မှု အောက်တွင် ရှိသည့် နယ်ခြားစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းလာသည့် အုပ်စုများသည်လည်း မြေမြှုပ်မိုင်းများ အသုံးပြုခဲ့သည်ဟု စွပ်စွဲချက်များ ရှိနေသည်။ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ တွင် နယ်ခြားစောင့်တပ်များက ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့များကို တားဆီးရန်အတွက် မြဝတီ မြို့နယ် အနီးတွင် မိုင်းထောင်ခဲ့သည်ဟု အစီရင်ခံစာများက ဆိုခဲ့ပြီး နယ်ခြားစောင့်တပ်များ အနေဖြင့် ထိုဒေသ အတွင်းတွင် မြေမြှုပ်မိုင်း ၅ဝဝ ထောင်ရန် အမိန့်ပေးခံခဲ့ရသည်ဟု သိရသည်။

၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ Free Burma Rangers အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းရှိ ရွာတရွာမှ ရွာသားများကို နယ်ခြားစောင့် တပ်များက ၎င်းတို့ အနေဖြင့် ထိုရွာထဲတွင်မြေမြှုပ်မိုင်းများ ထောင်ထားသောကြောင့် ရွာသို့ မပြန်ကြရန် ပြောခဲ့သည်ဟု ရေးသားထားသည်။

ပဲခူးတိုင်း အနောက်ပိုင်း ညောင်ခြေထောက်ရှိ နိုင်ငံပိုင် ကာကွယ်ရေးပစ္စည်းစက်ရုံသည် အာရုံခံ ရှာဖွေ၍ မရနိုင်သည့်မြေမြှုပ်မိုင်းများ အပါအဝင် မြေမြှုပ်မိုင်းအမျိုးမျိုးနှင့် ပစ္စည်းအစိတ်အပိုင်းများကို ထုတ်လုပ်လျက် ရှိနေသည်ဟု ဆိုကြကြောင်း ကြေညာချက်ထဲတွင် ရေးသားထားသည်။
အဖွဲ့၏ ယခင်အစီရင်ခံစာများအရ မြန်မာနိုင်ငံသည် ပြည်တွင်းဖြစ် မြေမြှုပ်မိုင်းများအပြင် တရုတ်၊ အိန္ဒိယ၊ အီတလီ၊ ဆိုဗီယက် နှင့် အမေရိကန်လုပ် မြေမြှုပ်မိုင်းများကိုလည်း ရရှိကာ အသုံးပြုခဲ့ကြောင်း သိရသည်။

မြေမြှုပ်မိုင်း ပိတ်ပင်ရေး နိုင်ငံတကာ ကမ်ပိန်းအဖွဲ့ (ICBL) အနေဖြင့် ယခုအချိန်တွင် မြေမြှုပ်မိုင်း အသုံးပြုမှုများ ရပ်ဆိုင်းကြရန် မေတ္တာရပ်ခံခဲ့ပြီး ထိုအချက်အား မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ၏ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတိုင်းတွင် ထည့်သွင်းရန် တိုက်တွန်းခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ် ကတည်းက Landmine Monitor အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်းတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရမှု (သို့မဟုတ်) အသက်ဆုံးရှုံးမှု ၃,ဝဝဝ ခန့်ကို မှတ်တမ်းတင်ခဲ့သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူ များက ထိခိုက်ဒဏ်ရာရမှု တရားဝင် ကိန်းဂဏန်းကို ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့သောကြောင့် အမှန်တကယ် ထိခိုက် ဆုံးရှုံးသူ ဦးရေမှာ ၎င်းအဖွဲ့မှ မှတ်တမ်းတင်ထားသည်ထက် ပိုမိုများပြားဖွယ် ရှိသည်ဟု ယုံကြည်ရသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment