မြန်မာသတင်းများ  ဇူလိုင် ၂၇၊ ၂၀၁၂

၈၈ နှစ်ပတ်လည် မန္တလေးမှာ ကျင်းပမည်

မြန်မာနိုင်ငံခေတ်သစ်သမိုင်းမှာ နိုင်ငံရေးအရ ပြောင်းလဲမှု အကြီးမားဆုံး ဖြစ်ပေါ်စေခဲ့တဲ့ ရှစ်လေးလုံး နှစ်ပတ်လည်ပွဲကို ဒီနှစ် မန္တလေးမြို့မှာ ကျင်းပ ကြဖို့ စီစဉ်ထားတယ်လို့ အခမ်းအနားဖြစ်မြောက်ရေးအတွက် ဦးဆောင် စီစဉ်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့အတွက် ဒီပွဲကို အေးအေးချမ်းချမ်းနဲ့ ကျင်းပနိုင်အောင် စီစဉ်နေတယ်လို့ ပြောပါတယ်။

ရှစ်လေးလုံးရယ်လို့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ မှတ်ကျောက်တင်ထားရတဲ့ ၈ ရက်၊ ၈ လ၊ ၁၉၈၈ ခုနှစ်က ဒီမိုကရေစီအရေး လူထုအုံကြွမှုကြီးဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြခဲ့ကြသူတွေကို အဲဒီအချိန်က အာဏာရပါတီ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီက အကြမ်းဖက် ဖြိုခွင်းခဲ့တာကြောင့် အပြစ်မဲ့ ပြည်သူတွေ ထောင်နဲ့ချီ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်ကြီးလည်း ဖြစ်ပါတယ်။
ဒီနှစ် ၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်မှာတော့ အဲဒီ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ ငွေရတုအကြိုလို့ ပြောလို့ရမယ့် ၂၄ နှစ် ပြည့်နေ့မှာ ဒီအခမ်းအနားကို မန္တလေးမြို့မှာ ကျင်းပကြဖို့ စီစဉ်နေတယ်လို့ အခမ်းအနားဖြစ်မြောက်အတွက် ဦးဆောင် လုပ်ကိုင်နေသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုပြုံးချိုက ပြောပြပါတယ်။

“ဒီနှစ် မန္တလေးမှာ ရန်ကုန်က ၈၈ မျိုးဆက် ကျောင်းသားတွေရော၊ မန္တလေးက နိုင်ငံရေးအင်အားစုတွေရော၊ နောက် တိုင်းနဲ့ပြည်နယ် အသီးသီးက ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူတွေ အားလုံး ဆုံပြီးတော့ တစုတစည်းတည်းလုပ်ကြမှာ။ ဘုန်းကြီးကျောင်း အမိုးအကာအောက် တခုတည်းမှာ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားအောင် ကျနော်တို့အားလုံး စုပေါင်းလုပ်ဆောင်ကြခြင်း ဖြစ်တယ်။ သံဃာတော်တွေကို မနက်ပိုင်းမှာ အာရုံဆွမ်းကပ်မယ်။ နောက်ပြီး ဝါဆို သင်္ကန်း ကပ်လှူပူဇော်မယ်၊ ပြီးတဲ့အခါမှာ ရေစက်ချ အခမ်းအနားတွေလုပ်မယ်။ နောက်ပြီးတော့ သံဃာတော်တွေကို နေ့ဆွမ်း ဆက်ကပ် လှူဒါန်းမယ်- အစရှိသဖြင့် ရတဲ့အချိန်ပေါ်မှာ မူတည်ပြီးတော့ တညီတညွတ်တည်းနဲ့ အေးအေးချမ်းချမ်းဖြစ်အောင် လုပ်ဖို့ စီစဉ်ထားပါတယ်။ဒီပွဲကို ကျနော်တို့က ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် အားလုံး ပါဝင်လို့ရအောင် တတ်နိုင်သလောက် ကြိုးစားပါတယ်။ အဲဒီတော့ တော်တော်များများ သက်ဆိုင်သူတွေ မကျန်ခဲ့အောင်တော့ ဖိတ်သွားမှာပါ။”    အခမ်းအနားကိုတော့ မန္တလေးမြို့ ဒက္ခိဏရာမ ဘုရားကြီးကျောင်း အလယ်တိုက်ကြီးမှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ (၈) လေးလုံးဟာ တကယ်တော့ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ နှစ်ပတ်လည်နေ့ ဖြစ်တာကြောင့် အားလုံး အစုံအညီ တက်ရောက်နိုင်အောင် မန္တလေးမြို့မှာ ကျင်းပဖို့ စီစဉ်တာ ဖြစ်ပြီး အေးအေးချမ်းချမ်းနဲ့ ကျင်းပနိုင်ဖို့ ရည်ရွယ်ထားတာကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ ပြုလုပ်မှာဖြစ်တယ်လို့ ကိုပြုံးချိုက ဆက်ပြောပါတယ်။   “၈ လေးလုံး အရေးတော်ပုံဟာ တနိုင်ငံလုံးကို ကိုယ်စားပြုပြီးတော့ ပေါ်ပေါက်ခဲ့တယ်။ တနိုင်ငံလုံးမှာရှိတဲ့  ဒီမိုကရေစီရေး လိုလားသူတွေ ပါဝင်ခဲ့ကြတယ်။ အဲဒီတော့ ဒီ အရေးတော်ပုံကြီး ကိုယ်နှိုက်ကိုက ဒေသအသီးသီးကို ကိုယ်စားပြုထားတာ ဖြစ်တဲ့အတွက် မန္တလေးမြို့ကို အားလုံးဆုံပြီးတော့ သွားလို့ လာလို့လည်း အဆင်ပြေနိုင်မယ်၊ အဲဒီမှာ ရန်ကုန်က ကျောင်းသားတွေလည်း သွားပြီးတော့ သံဃာတော်များရဲ့ အရိပ် အာဝါသအောက်မှာ စုပေါင်း လုပ်ဆောင်နိုင်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။” ရှစ်လေးလုံး နှစ်ပတ်လည်ပွဲ အခုလို မန္တလေးမြို့မှာ ကျင်းပမယ်ဆိုတာ အာဏာပိုင်တွေဖက်ကလည်း သိပြီးသား ဖြစ်ပါတယ်။ အစိုးရကိုယ်တိုင်ကလည်း အခုချိန်မှာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတာကြောင့် ဒီလုပ်ငန်းတွေ ထိခိုက်အောင် သူတို့အနေနဲ့လည်း လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ကိုပြုံးချိုက ပြောပါတယ်။

“အခုချိန်ထိကတော့ ကျနော်တို့ဆီမှာ ဘာမှ သက်ရောက်မှု မရှိပါဘူး။ အေးအေးချမ်းချမ်းနဲ့ လုပ်မယ်ဆိုတာလည်း မှန်းလို့ ရနေတာပဲ။ ဘာပဲပြောပြော ဒီပြောင်းလဲရေး ဖြစ်စဉ်မှာ ကျနော်တို့လည်း ဒီ ပြုပြင်ပြောင်းလဲရေးအတွက် ညှိနှိုင်းလို့ရတဲ့ ဘယ်သူနဲ့မဆို လုပ်နိုင်သမျှ အလုပ်တွေကို တွဲလုပ်နေကြ တာလည်း တချို့ဆိုလို့ရှိရင် ခရီးရောက်တာလေးတွေ ရှိပါတယ်။ အဲဒီတော့ ဒီနေ့၊ ဒီကာလ၊ ဒီအချိန်မှာ ရပြီးသား အခြေအနေလေးတွေ တိုးတက်ဖို့ပဲ စဉ်းစားပါတယ်။ အခု ခန့်မှန်း ရသလောက်ဆိုရင် လူ ၁ ထောင် အထက်မှာ ဖြစ်နေတယ်။ ဘုန်းကြီးကျောင်းရဲ့ အကျယ်အဝန်းက ဘုန်းကြီးကျောင်း တွေ အဲဒီ ပတ်ချာလည်မှာ အများကြီး ရှိနေတယ်။ ကျနော်တို့ စီစဉ်ထားတဲ့နေရာနဲ့တော့ အဆင်ပြေအောင် ကြိုးစားမှာပါ။”

ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ကျောင်းသားအများအပြားဟာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ နောက်ပိုင်းမှာ အများအပြား ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသလို အများစုကလည်း နယ်စပ် ဒေသတွေကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြပါတယ်။
ရှစ်လေးလုံး မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရယ်လို့ ဖြစ်ပေါ်လာတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေ ဟာလည်း အခုနှစ် ဇန်န၀ါရီလလယ်လောက်ကမှ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ နှစ်ရှည် ဖမ်းဆီး ထိန်းသိမ်းထားခံရာကနေ ပြန်လည် လွတ်မြောက်လာခဲ့ကြတာ ဖြစ်ပါတယ် ခင်ဗျား။

လယ်သမားအရေး ၈၈ တွေဝင်ရောက်ကူညီ

ရန်ကုန်တိုင်း သံလျင်မြို့နယ် အလွမ်းဆွတ်ရွာမှာ စစ်တပ်က အဓမ္မသိမ်းထားတဲ့ လယ်တွေကို မူလလယ်သမားတွေ ပြန်ပြီးထွန်ယက်တဲ့အတွက် မနေ့က မနက်မှာ စစ်တပ်က လက်နက်နဲ့ဝိုင်းပြီး ခြိမ်းခြောက် တားမြစ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ကြားဝင် ညှိနှိုင်းဖို့ ကြိုးစားခဲ့တယ်လို့ သတင်းရရှိပါတယ်။
အဲဒီနေရာကို လယ်သမားရေး ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုမျိုးသန့်၊ ကိုထွန်းမြင့်အောင်တို့ ရောက်သွားပြီး လယ်သမားတွေရဲ့ အခြေအနေနဲ့ ဆန္ဒတွေ မေးမြန်း စုံစမ်းခဲ့ပါတယ်။ အဲဒီနောက် သိမ်းထားတဲ့ လယ်တွေကို တာဝန်ရှိသူ စစ်တပ်အရာရှိနဲ့ ဆွေးနွေးပေမယ့် အဆင်မပြေတဲ့အတွက် ရန်ကုန်တိုင်းအစိုးရ နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးကို ဆက်သွယ်ပြီး ဒီပြဿနာဖြေရှင်းဖို့ကြိုးစားခဲ့တဲ့ အကြောင်း ကိုမျိုးသန့်က ပြောပါတယ်။
"အဲဒီမှာ တာဝန်ရှိတဲ့သူထဲက အကြီးဆုံး ဗိုလ်မှူး အောင်နေမျိုးပေါ့ဗျာ။ သူ့ဆီကို ဒီကိစ္စကို ကျွန်တော်တို့ ဘယ်လိုဖြေရှင်းနိုင်မလဲလို့ မေးတဲ့ အခါကျတော့ ကျွန်တော့မှာဘာမှ ပြောပိုင်ခွင့် မရှိဘူးတဲ့။ အဲတာ ကျွန်တော်တို့က ရန်ကုန်တိုင်း လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းဆီကို အကူအညီ တောင်းပါတယ်။ ဗိုလ်မှူးကြီးခင်ဗျား ဒီမှာရေတပ်နဲ့ လယ်သမားတွေနဲ့က ပဋိပက္ခက ပိုပြီးကြီးလာနိုင်တယ်။ လူအင်အားပြပြီး ခြိမ်းခြောက်နေတဲ့ ပုံစံမျိုးကိုတော့ ရပ်တန်းက ရပ်ပေးနိုင်ဖို့အတွက် ဘယ်လို ညှိနှိုင်း ဆောင်ရွက်ရင် ကောင်းပါမလဲ ဆိုပြီးတော့ အကူအညီ တောင်းတဲ့ အခါမှာ လုံခြုံရေးဝန်ကြီးက ရေတပ်ဌာနချုပ်ကို လှမ်းအကြောင်းကြား ပေးပါမယ်တဲ့။ သူတို့လူကြီး တစ်ယောက်ယောက် စီစဉ်ပေးနိုင်ပါတယ်လို့ ပြောတဲ့ အခါကျတော့ ကျွန်တော်တို့ စောင့်သေးတယ်ဗျ။ နောက်ဆုံး မလာတာနဲ့ ကျွန်တော်တို့  ပြန်လာတယ်ပေါ့ဗျာ"
အဲဒီ အလွမ်းဆွတ်ရွာမှာ လယ်မြေဧက (၂၀၀) ကျော်ကို ခလရ (၉၀) က ၁၉၉၅ ခုနှစ်မှာ သိမ်းခဲ့ပြီး လယ်သမားတွေကို တစ်ဧကစပါး (၁၀) တင်းနှုန်းနဲ့ သီးစားပြန်ချ ထားခဲ့တာပါ။ နောက်ပိုင်းမှာတော့ တပ်အဆင့်ဆင့်ပြောင်းပြီး အခုလက်ရှိ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုတပ်က ယူထားတာ ဖြစ်ပါတယ်။
ဒီအခြေအနေကြောင့် မူရင်းလယ်လုပ်ခွင့် ဆုံးရှုံးသွားတဲ့ လယ်သမားတွေက ပြီးခဲ့တဲ့ ၂ လလောက်မှာ သူတို့လယ်တွေ ပြန်လုပ်ခွင့်ပေးဖို့ သမ္မတဆီကို အသနားခံစာ တင်ခဲ့ပြီး လယ်တွေပြန်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီကာလမှာ အခုလိုစစ်တပ်က အင်အားနဲ့ ဆောင်ရွက်တာဟာ မဖြစ်သင့်တဲ့ ကိစ္စလို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုမျိုးသန့်က ပြောပါတယ်။
"နံပတ်တုတ်တွေကိုင်ပြီးတော့ လုံခြုံရေး အင်အားအပြည့်အဝနဲ့ လယ်သမားတွေကို ဝိုင်းထားပြီးခါမှ မလုပ်ရဘူးလို့ ပြောတာ။ ကျွန်တော်တို့ကလည်းပဲ လယ်သမားတွေ လယ်ပိုင်တာလား၊ မပိုင်တာလား ကျွန်တော်တို့ မဆုံးဖြတ်ဘူး။ အဲဒီလို လက်နက် အင်အား၊ လူအင်အားနဲ့ ခြိမ်းခြောက်တာမျိုးကတော့ မဖြစ်သင့်ဘူး"
တဆက်တည်းမှာပဲ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်က လယ်သိမ်းခံထားရတဲ့ လယ်သမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ရုံးခန်းမှာ မနေ့က နေ့လည်က ပြုလုပ်ခဲ့ပါတယ်။
စစ်တပ်က သိမ်းထားတဲ့ အဲဒီမြေတွေမှာ အခြားစီမံကိန်းတွေ ဆောင်ရွက်တာမျိုး မရှိသလို လယ်မြေတွေလည်း ဖြစ်ထွန်းအောင် စိုက်ပျိုးတာ မဟုတ်ဘဲ အရင်အတိုင်းပဲ ဆက်လက်တည်ရှိနေတဲ့အတွက် မူလလယ်သမားတွေကို လယ်လုပ်ခွင့် ပြန်ပေးသင့်တဲ့အကြောင်း လယ်သမားရေး ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မနုနုအောင်က ပြောပါတယ်။
"'ဒီနေ့က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက် လယ်သမား ၈၀ ကျော်ရဲ့ လယ်ဧက ၆၀၀ ကျော်လေ၊ လယ်ယာမြေကိစ္စပေါ့။ သတင်းစာ ရှင်းလင်းပွဲလုပ်တာ။ သိမ်းတာက ရန်ကုန်တိုင်း စစ်ဌာနချုပ် ခလရ ၁၆၊ ခလရ ၁၃၉၊ ခလရ ၉၀၊ ခမရ ၄၃၅၊ ခမရ ၄၃၆၊ ခမရ ၇၀၂၊ ခလရ ၈၂၊ နလစ ၆၅၆ အဲတာသိမ်းတာ လျော်ကြေး ဘာမှမရဘူး"
ဒီလယ်တွေကို ၁၉၉၂ ခုနှစ်မှာ အဲဒီ စစ်တပ်တွေက သိမ်းခဲ့ပြီး မူလလယ်သမားတွေကို သီးစားပြန်ချ ထားခဲ့ပါတယ်။ နောက်ပိုင်းမှာ လယ်သမားတွေက တွက်ချေ မကိုက်တော့တဲ့ အတွက် အဲဒီလယ်တွေကို ဆက်မလုပ်ကြတော့ဘဲ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်တွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။ တောင်သူ လယ်သမား ပြဿနာတွေ ပြေလည်အောင် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး ညှိနှိုင်း ဖြေရှင်းဖို့ ကြိုးစားသွားမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ပြောပါတယ်။


ကမ္ဘာ့ဘဏ် အကြီးတန်း အရာရှိ မြန်မာခေါင်းဆောင်များနှင့် တွေ့မည်

ကမ္ဘာ့ဘဏ် ရုံးသစ်ကို မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယ ဥက္ကဋ္ဌ Pamela Cox ကြီးမှူး၍ ဇူလိုင်လ ၃၀ ရက်နေ့တွင် စတင် ဖွင့်လှစ်မည် ဖြစ်သည်။Pamela Cox အနေဖြင့် မြန်မာနိုင်ငံတွင် ရှိနေစဉ်အတွင်း မြန်မာအကြီးတန်း အရာရှိများအပြင် ဖွံ့ဖြိုးရေး လုပ်ဖော်ကိုင်ဘက်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး
မြန်မာ့ စီးပွါးရေး တိုးတက်စေရေး၊ အထူးသဖြင့် ဆင်းရဲသားများနှင့် အခြေခံလူတန်းစားများ ချောင်လည်လာစေရေးအတွက် ကမ္ဘာ့ဘဏ်အနေဖြင့်ချေးငွေများနှင့် အစီအစဉ်များ ရေးဆွဲရေးနှင့် ပတ်သတ်သည့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည် ဖြစ်သည်။  ဤသည်မှာ ၂၀၁၀ ခုနှစ်တွင် အစိုးရသစ် စတင်တာဝန်ယူစဉ်ကတည်းကမြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်၏ အကြီးတန်း အရာရှိတဦး ပထမဆုံး အကြိမ် လာရောက်ခြင်းလည်း ဖြစ်သည်။ကမ္ဘာ့ဘဏ်၏ ပထမ ဦးစားပေးများမှာ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စနစ်အား အကဲဖြတ်ရင်း မြန်မာနိုင်ငံ၏ ကြွေးကျန်များအပေါ် ဆုံးဖြတ်ပြဋ္ဌာန်းခြင်းနှင့် တိကျမှန်ကန်သော စီးပွါးရေးဆိုင်ရာ အချက်အလက်များ ရရှိရေးတို့ ဖြစ်ကြောင်း Cox က ပြောခဲ့သည်ဟု ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများတွင် ဖော်ပြခဲ့သည်။ မြန်မာအစိုးရ၏ ခြေလှမ်းများအပေါ် ကမ္ဘာ့ဘဏ် အနေဖြင့် အားရကျေနပ်မိကြောင်း Cox က ပြောဆိုခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများနှင့် အခြား အေဂျင်စီများပေါ် မူတည်၍ တဆင့်ချင်း တုံ့ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြောခဲ့သည်။

“ကျမတို့ အနေနဲ့ ကျမတို့ရဲ့ ဆက်ဆံရေးတွေ ရှေ့ကိုတိုးတက်သွားဖို့  ကျမတို့ရဲ့ ဘုတ်အဖွဲ့ဝင်တွေ၊ ကျမတို့ရဲ့ ရှယ်ယာရှင်တွေ၊ တခြား လုပ်ဖော်ကိုင်ဘက်တွေ၊ IMF နဲ့ တကွ မြန်မာအစိုးရနဲ့ပါ နီးနီးကပ်ကပ် အလုပ်လုပ်နေပါတယ်” ဟု သူက ဝါရှင်တန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ 

၁၉၈၀ ခုနှစ်၊ နောက်ပိုင်း ကာလများအတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်မှ ချေးယူခဲ့သည့် ဒေါ်လာ ၃၉၃ သန်းကြွေးတင်နေသည်ဟု Cox က ဆိုသည်။ ထို့ပြင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သို့လည်း ဒေါ်လာ သန်း ၅၀၀ ခန့်ကြွေးတင်နေသည်။မြန်မာနိုင်ငံသည် နိုင်ငံ၏ ဆက်ဆံရေး အခြေအနေများ ပုံမှန်ပြန်ဖြစ်ရန် ကြိုးစားနေချိန်တွင် မည်မျှ အကြွေးများဖြင့် ဝန်ပိနေပြီး နိုင်ငံ၏ အကြွေးမည်မျှအား လျှော်ပေးသင့်သည်ကို သိရှိရန်အတွက် အကြွေးအခြေအနေနှင့် ပတ်သတ်သည့်လေ့လာသုံးသပ်မှု တရပ်အား ကမ္ဘာ့ဘဏ်အနေဖြင့်အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နှင့် ပူးပေါင်းဆောင်ရွက်ကာ လုပ်ဆောင်ရန် ရှိနေသည်ဟု Cox က ဆိုခဲ့သည်။
ထို အခြေခံ လေ့လာသုံးသပ်မှုတွင် “အစိုးရတွင် ထိထိရောက်ရောက် လည်ပတ် လုပ်ကိုင်နိုင်မည့် ဘဏ္ဍာရေး စနစ်တရပ် ရှိပါသလား?” “အစိုးရတွင် ထိရောက်သည့် ဘတ်ဂျတ် စနစ်တရပ် ရှိပါသလား?” “အမှန်တကယ် အလုပ်လုပ်နေသည့် အစိုးရ အဖွဲ့တရပ် ရှိပါသလား?” စသည့် မေးခွန်းများ ပါဝင်သည်ဟု Cox က ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ချေးငွေ အစီအစဉ်များ ပြန်လည်မစတင်ခင်၌ ဘဏ်အနေဖြင့် ကြွေးကျန်များ၊ စီးပွါးရေးအခြေအနေနှင့် လိုအပ်ချက်များအပေါ် စီးပွါးရေး အကဲဖြတ်မှု တရပ် ပြုလုပ်သွားမည်ဟု ဆိုသည်။

“ပြုပြင်ပြောင်းလဲရေးတွေဟာ ထိရှလွယ်တယ်ဆိုတာ ကျမတို့ အသိအမှတ်ပြု လက်ခံပါတယ်။ ပြီးတော့ စွန့်စားလုပ်ဆောင်ရမှာတွေကိုလည်း ကျမတို့ ကောင်းကောင်း သတိပြုမိပါတယ်။ ကျမတို့ရဲ့ မြန်မာနိုင်ငံအတွင်း
ဆောင်ရွက်ချက်တွေရဲ့ အရှိန်အဟုန်ဟာ မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်စွမ်း ရှိ/မရှိ ဆိုတဲ့ အချက်ပေါ်မှာ မူတည်နေပါတယ်” ဟု Cox က ဆိုသည်။ 

ADB အနေဖြင့်လည်း ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတွင် ရုံးခန်းတခု ဖွင့်လှစ်မည် ဖြစ်သည်။
မြန်မာနိုင်ငံ ADB ရုံးအား လောလောဆယ်ကာလတွင် ကမ္ဘာဒီးယားနိုင်ငံဆိုင်ရာ ADB ဒါရိုက်တာ Putu Kamayana က ကြီးကြပ်ညွှန်ကြားမည် ဖြစ်ပြီး ရည်ရွယ်ချက်မှာ ချေးငွေများ မပေးအပ်သေးခင်နှင့် အခြား ဖွံ့ဖြိုးရေး လုပ်ငန်းများ မလုပ်ကိုင်သေးမီအတွင်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပြန်လည်ထူထောင်ရန် ဖြစ်သည်။

NLD အမတ် ၂ ဦး လွှတ်တော်တွင် သတိပေးခံရ

ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ် ၂ ဦး၏ ဆွေးနွေးချက်များကို ထောက်ပြ၍ လွှတ်တော်တွင်း သက်ဆိုင်ရာကိုသာ ဆွေးနွေးကြရန် ၂ ကြိမ် တိုင်တိုင် သတိပေးခဲ့သည်။
NLD ပြည်သူ့လွှတ်တော် အမတ် ဦးအုန်းကြိုင်နှင့် ဦးမင်းသူတို့က ကွတ်ခိုင် မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏ “တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေး” အဆိုကို ထောက်ခံ ဆွေးနွေးရာ မဆိုင်သည့် အချက်များ မဆွေးနွေးရန် ပြည်သူ့လွှတ်တော်  ဥက္ကဋ္ဌက သတိပေးခြင်း ဖြစ်သည်။
ယင်းအဆိုကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအုန်းကြိုင်၊ ဦးမင်းသူတို့ အပါအဝင် လွှတ်တော် အမတ် ၅ ဦးတို့ ထောက်ခံ ဆွေးနွေးခဲ့ကြသည်။ ဦးအုန်းကြိုင်က မြန်မာလူမျိုး စရိုက်သည် ခေါင်းဆောင်ကို အားကိုးကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေး တိုက်ပွဲကာလ ဗိုလ်ချုပ်အောင်ဆန်းကို အမျိုးသား ခေါင်းဆောင် အဖြစ်ရခဲ့ကြောင်း၊ သို့သော် ကံဆိုးစွာနှင့် ဗိုလ်ချုပ် အောင်ဆန်း သည် အသက်ဆုံးရှုံးခဲ့ရ၍ နှစ်ပေါင်း ၄၀ ကျော် ခေါင်းဆောင် လိုအပ်ချက်၊ ဟာကွက်ကြီး ဖြစ်ပေါ် နေခဲ့ရာမှ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားခေါင်းဆောင်ကြီး၏ ကိုယ်စား၊ ကိုယ်ပွား အဖြစ် ကံကောင်းစွာ ရသည့်အတွက် တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အသုံးချရန်ပင် စသဖြင့် ဆွေးနွေးခဲ့သည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။ အဆိုပါ ပြောဆိုဆွေးနွေးမှုကို သူရ ဦးရွှေမန်းက လွှတ်တော် လုပ်ထုံးလုပ်နည်း၊ နည်း ဥပဒေများ တိကျစွာ လိုက်နာရန် ပြောဆိုပြီး ပုဂ္ဂိုလ် တဦးတယောက်နှင့် ပတ်သက်၍ လွှတ်တော် ဥပဒေများအရ ဆွေးနွေးခွင့် မရှိဟု ထောက်ပြ သတိပေးခဲ့သည်။
ဦးအုန်းကြိုင်၏ လွှတ်တော်တွင်း ဆွေးနွေးမှုများနှင့် ပတ်သက်၍ ရန်ကုန် နိုင်ငံရေး လောကတွင် ဝေဖန်သံ အမျိုးမျိုး ပေါ်ထွက်နေကြောင်း ၀ါရင့်နိုင်ငံရေး သမားကြီးတဦးဖြစ်သူ ဦးချန်ထွန်းက လွှတ်တော်အတွင်း၌ ပါတီရေးရာ ကိစ္စများ ဟောပြော သကဲ့သို့ မဆွေးနွေး သင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ် နိုင်ငံနှင့် အဝန်း အသိအမှတ် ပြုထားပြီး ဖြစ်သောကြောင့် လွှတ်တော်တွင် ဆွေးနွေးရန် မလိုအပ်ကြောင်း ရန်ကုန် နိုင်ငံရေး အသိုင်းအဝန်းကလည်း NLD အမတ် ဦးအုန်းကြိုင်သည် တရားဥပဒေ စိုးမိုးရေးကို အမြဲပြောဆို နေသည့် ပြောသည့် ပါတီကြီးတခုမှ ပြည်သူ့ လွှတ်တော်အမတ် တဦးဖြစ်သော်လည်း တရားဥပဒေ ဆိုင်ရာ လွှတ်တော် လုပ်ထုံးလုပ်နည်းကို မကျွမ်းကျင်သူ၊ ဆွေးနွေးသည့် ခေါင်းစဉ်အစား ပုဂ္ဂိုလ်ရေး အမွှန်းတင်ပြီး ပြောဆိုသူ၊ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လိုတိုရှင်း ကောင်းမွန်သည့် ဆွေးနွေးချက်များကို မှေးမှိန်စေသူ စသဖြင့် ပြောဆို ဝေဖန်နေကြောင်း သိရသည်။
လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ခေါင်းဆောင် တဦးဖြစ်သည့် ဦးအေးသာအောင်ကမူ ဦးအုန်းကြိုင်၏ ပါတီခေါင်းဆောင်ကိစ္စ ပုဂ္ဂိုလ်ရေး ဆွေးနွေးချက်ကို သီးခြား မှတ်ချက် မပေးလိုကြောင်း၊ သို့သော်  ဒီမိုကရေစီ နည်းကျသည့် လွှတ်တော်သည် လွှတ်တော် ကိုယ်စားလှယ်များအတွက် လွတ်လပ်စွာ ဆွေးနွေးခွင့် ရှိသည့် နေရာ ဖြစ်သင့်ကြောင်း ထောက်ပြသည်။
သို့သော် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ပြီး ယခုအခါ အလုပ်သမားများ အရေးအတွက် ဥပဒေ အကြံပေး လုပ်ဆောင် နေသည့် ရှေ့နေ ဦးဌေးက လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို လွှတ်တော်နှင့် သက်ဆိုင်သူ အားလုံး လေးစား လိုက်နာရန် လိုအပ်ကြောင်း၊ ၁၉၆၂ ခုနှစ် နောက်ပိုင်းကတည်းက ဒီမိုကရေစီ ဘောင်အတွင်း လွှတ်တော် မကျင်းပ နိုင်ခဲ့ကြောင်း၊ ၂၀၁၀ နောက်ပိုင်းမှ လွှတ်တော် ပြန်လည် ပေါ်ပေါက်လာသည့် အတွက် လွှတ်တော် အတွေ့အကြုံ နည်းပါးကာ ပြောဆို ဆွေးနွေးရာတွင် အားနည်းချက်များ ရှိနေသေးကြောင်းတိုင်းပြည်တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ပြီး အားလုံး လက်တွဲ လုပ်ဆောင်နေချိန်တွင် ပုဂ္ဂိုလ်ရေး ဆိုင်ရာ ပြောဆိုဆွေးနွေးမှုများကို အဘက်ဘက်က ထိမ်းသိမ်းသင့်ကြောင်းလည်း သူက ဆက်ပြောသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဦးအုန်းကြိုင်အပြင် တခြား NLD အမတ် ဦးမင်းသူ၏ ဆွေးနွေးချက်ကိုလည်း သတိပေး ခဲ့သေးသည်။ သို့ရာတွင် ဦးမင်းသူ၏ ဆွေးနွေးချက်မှာ သင့်လျော်သည့်အတွက် သူရဦးရွှေမန်း၏ သတိပေးမှုကို ရန်ကုန် နိုင်ငံရေး အသိုင်းအဝန်းက ဝေဖန်ကြသည်။
ဦးမင်းသူက လွှတ်တော်ထဲရှိ တိုင်းရင်းသား ကိုယ်စားလှယ်များသည် နည်းဥပဒေ အချက်အလက် ဆွေးနွေးရာတွင် ပွင့်လင်း သင့်သလောက် မပွင့်လင်းဟု ပြောဆို ဆွေးနွေးခဲ့ရာ သူရ ဦးရွှေမန်းက လွှတ်တော်တွင်း မည်သူမဆို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခွင့် ရှိကြောင်း၊ လွှတ်တော်တွင်း ဆွေးနွေးရာတွင် မဆိုင်သည့် အချက်အလက်များကို ထည့်သွင်း မဆွေးနွေးရန် သတိပေးခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အဆိုကို မဆွေးနွေးမီ ပြည်သူ့လွှတ်တော် နည်းဥပဒေ ၁၃၀၊ ပုဒ်မခွဲ (စ) ကို အားလုံး သတိပြု ဆွေးနွေးစေလိုကြောင်း၊ နည်းဥပဒေ (င) တွင် သာမန်အားဖြင့် ပုဂ္ဂိုလ်တဦး၏ အကျင့်စာရိတ္တ၊ အပြု အမူနှင့် စပ်လျဉ်း၍  ဖော်ပြချက်များ မပါရှိစေရ၊ ပုဒ်မခွဲ (စ) တွင် အဆိုတရပ်ကို ဆွေးနွေးရာ၌ ပြောဆိုချက်များသည် လွှတ်တော်တွင် ဆွေးနွေးဆဲ အဆိုများနှင့်သာ အတိအကျ သက်ဆိုင်စေရမည် ဆိုသည့် နည်းဥပဒေကို လွှတ်တော် ကိုယ်စားလှယ်များ သိရှိလိုက်နာရန် လိုအပ်ပါကြောင်း သို့ဖြစ်ပါ၍ ရှေ့ဆက် ဆွေးနွေးရာတွင် ဆွေးနွေးမည့် ကိစ္စအား လွှတ်တော် ဥပဒေ နည်းဥပဒေများအပေါ် တိကျစွာ လိုက်နာဆွေးနွေးကြရန် တိုက်တွန်း အသိပေးလိုကြောင်း သူရ ဦးရွှေမန်းက ပြောဆို သတိပေးသည်ကို ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ထိုင်းနှင့် တရုတ် စားသောက်ကုန်များ မြန်မာစိစစ်မည်

ထိုင်းနှင့် တရုတ်နိုင်ငံများမှ တင်ပို့လာသော စားသောက်ကုန်နှင့် ဆေးဝါးများကို ကျန်းမာရေးနှင့် ညီညွှတ်မှု ရှိမရှိကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန FDA က ရုံးများဖွင့်လှစ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ FDA ၏ ပြောဆိုချက်အရ အရည်အသွေးပြည့်မီမှုမရှိသည့် အစားအသောက်နှင့် ဆေးဝါးများကို ပြည်ပနိုင်ငံများက တင်သွင်းလာမှုကို စစ်ဆေးတွေ့ရှိရကြောင်း ထို့ကြောင့် စိစစ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ FDA ရုံးများကို တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဌာနနှင့် ထိုင်းမြန်မာနယ်စပ် မြဝတီမြို့များတွင်ပထမဆုံးဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ကျန်နယ်စပ်ဒေသများတွင်ပါ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ဆောင်ရွက်နိုင်ရေးအတွက် FDA ရုံးများဖွင့်လှစ်နိုင်ရန်နှင့် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် FDA ဝန်ထမ်းများကို သင်တန်းပို့ချနေလျက်ရှိကြောင်း သိရသည်။

ရွှေဆိုင်ဓားပြဆိုသူကို ထိုင်းရဲ လက်လွှဲ

ကရင်ပြည်နယ် မြ၀တီမြို့ ဘုရင့်နောင်ဈေးနှင့် မျက်နှာချင်းဆိုင်တွင် ဖွင့်လှစ်ထားသော အင်ပါယာ ရွှေဆိုင်ကို ပြီးခဲ့သည့် လ ၂၄ ရက်နေ့က ဓားပြ၀င်တိုက်ခဲ့သည်ဟု ယူဆရသူတဦးကို ထိုင်းရဲက ဖမ်းဆီးပြီး ယမန်နေ့က မဲဆောက် နယ်စပ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားမှ တဆင့် မြန်မာ အာဏာပိုင်များကို လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။ အခင်းဖြစ်ပွားခဲ့သည့်နေ့က ဓားပြတိုက်သူများက လက်နက်များ ကိုင်ဆောင်၍ ရွှေဆိုင်ရှေ့ကို ကားဖြင့်ရောက်ရှိလာပြီး ရွှေဆိုင်မှ ရွှေ ၂ ပိဿာ ခန့် အပါအ၀င် ဘတ်ငွေ နှစ်သိန်းနှင့် မြန်မာကျပ်ငွေ တချို့တို့ကို ယူသွားခြင်း ဖြစ်သည်။ တရားခံများကို ဖမ်းမိနိုင်ရန် ထိုင်းနှင့်မြန်မာ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ဓားပြတိုက်ခဲ့သူ ၃ ဦးထဲမှ တဦးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ထိုင်းရဲများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မြန်မာ့သွင်းကုန် တားမြစ်ချက် စက်တင်ဘာလကုန်ပိုင်းမှာ ကုန်ဆုံးမည်

မြန်မာနိုင်ငံက သွင်းကုန်တွေ တားမြစ်တဲ့ အမေရိကန် ဥပဒေ သက်တမ်းကို စက်တင်ဘာလကုန်ပိုင်းလောက်မှာ ကုန်ဆုံးမယ်လို့ ယာယီ သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ မာရသွန်အပြေးပြိုင်ပွဲ ရန်ကုန်မှာ ကျင်းပဖို့ စီစဉ်နေ

မြန်မာနိုင်ငံရဲ့ ပထမဆုံး နိုင်ငံတကာ မာရသွန် အပြေးပြိုင်ပွဲကြီးကို လာမယ့်နှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်နေကြောင်း ဆင်ဝှာ သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

 

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် ကာတွန်းပြပွဲ ကျင်းပ

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို လှူဒါန်းဖို့အတွက် ဒုတိယ အကြိမ်မြောက် (၃) ရက်ကြာ ကာတွန်းပြပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ လောကနတ် ပန်းချီပြခန်းမှာ့ မနေ့က မနက်ပိုင်းက ဖွင့်လှစ် လိုက်ပါတယ်။

လယ်သမားနစ်နာမှု စုံစမ်းရေးကော်မရှင်ဖွဲ့မည်

လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် နစ်နာရတဲ့ လယ်သမားတွေ အရေးကို တရားမျှတစွာ ဖြေရှင်း ဆောင်ရွက် ပေးနိုင်ရန်အတွက် ကော်မရှင်တစ်ရပ် ဖွဲ့စည်းဖို့ မနေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

အမျိုးသမီးတွေ အခွင့်အရေး လွှတ်တော်မှာ ဆွေးနွေး

ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေး အဆင့်တွေအတွက် ပြည်သူလူထုက ရွေးချယ်လိုက်တဲ့ အမျိုးသမီးတွေကို တင်မြှောက်ပိုင်ခွင့် ရှိ မရှိဆိုတဲ့ မေးခွန်းကို ဖလုံဆဝေါ ပါတီရဲ့ ဘားအံမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဆေအွာက တင်သွင်းခဲ့ပါတယ်။

တရုတ်ကို အေးခဲအသားပြန်တင်ပို့နိုင်ရေး မြန်မာကြိုးပမ်း

တရုတ်နိုင်ငံက တင်ပို့ခွင့် ရပ်ဆိုင်းထားသော အေးခဲအသားများနှင့် တိရိစ္ဆာန် သားရေများကို စိစစ်ပြီး ပြန်လည်တင်ပို့နိုင်ရေး အတွက် မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ကို ညှိနှိုင်းဆောင်ရွက်ပေးရန် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်အဖွဲ့ချုပ်က စာပို့တောင်းဆို ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် မိုးဥတုကာလတွင် ကြက်ငှက်တုပ်ကွေးနှင့် ခွာနာလျှာနာ စသည့် တိရိစ္ဆာန် ရောဂါများဖြစ်ပွားလေ့ ရှိသောကြောင့် တရုတ်နိုင်ငံက တိရိစ္ဆာန်များနှင့် သစ်ပင် ပန်းမန်များ အ၀င်အထွက်နှင့် ပိုးမွှားကင်းစင်ရေး ဥပဒေဖြင့် ငြိစွန်းနေခြင်းကြောင့် မြန်မာနိုင်ငံမှ အသားတင်ပို့မှုကို ယခုလပိုင်းအတွင်းကစ၍ အကန့်သတ်မရှိပိတ်ပင်ခဲ့သည်။ ထိုပိတ်ပင်မှုကြောင့် အေးခဲအသားတင်ပို့မှုပြုလုပ်နေသော စက်ရုံများ ရပ်ဆိုင်းခဲ့ကြရပြီးနောက် ပြန်လည်တင်ပို့နိုင်ရေးအတွက် ကူးစက်ရောဂါကင်းရှင်းကြောင်း စိစစ်၍ တင်ပို့နိုင်ရန်အတွက် မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းရှင်အဖွဲ့ချုပ်က ကြိုးပမ်းနေခြင်းဖြစ်သည်။

နိုင်ငံတကာသုံး ခရက်ဒစ်ကတ်များ သုံးစွဲနိုင်တော့မည်

အမေရိကန်နှင့် အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ စတင် လျှော့ချပြီး  စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာနိုင်ချေ ရှိသည့် သတင်းများ ထွက်ပေါ်လာနေချိန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို နိုင်ငံတကာသုံး ခရက်ဒစ်ကတ်များ လက်ခံသုံးစွဲခွင့် ပြုတော့မည် ဖြစ်ကြောင်း သိရသည်။ လာမည့် ၂၀၁၃မှ စတင်ကာ ပြည်တွင်းသို့ လာရောက် လည်ပတ်ကြမည့် ကမ္ဘာလှည့် ခရီးသွားများ အနေဖြင့် နိုင်ငံ တကာတွင် တွင်ကျယ်စွာ အသုံးပြုနေကြသည့် ဗီဇာကတ် Visa Credit Card ၊ ဂျပန်နိုင်ငံသုံး ဂျေစီဘီ ကတ် Japan Credit Bureau (JCB) Credit Card နှင့် တရုတ်နိုင်ငံသုံး စီယူပီ ကတ် China Union Pay (CUP) Credit Card သုံးမျိုးကို အသုံးပြုနိုင်မည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ပုဂ္ဂလိကဘဏ် သတင်း ရပ်ကွက်များက ဆိုသည်။
အဆိုပါ နိုင်ငံတကာ ခရက်ဒစ်ကတ် စနစ်ကို  မြန်မာနိုင်ငံ ဗဟိုဘဏ်၏ MPU (Myanmar Payment Union) စနစ်လုပ်ခွင့် ရ အဖွဲ့ဝင် ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်က လုပ်ကိုင်ခွင့် ရသွားခြင်းဖြစ်ပြီး ယင်းဘဏ်များနှင့် ချိတ်ဆက် ထားသည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများတွင် ငွေပေးချေနိုင်မည် ဖြစ်ကြောင်း ထို့ကြောင့် အထက်ပါ နိုင်ငံတကာ ခရက်ဒစ်ကတ်များသုံးစွဲခွင့်ကို လက်ခံပေးမည့် ဘဏ်များသည် ပြည်တွင်းရှိ စူပါ မားကတ်များ၊ ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်ကြီးများ၊ ဟိုတယ်များအစရှိသည့် စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်း သဘော ချိတ်ဆက်မှုများကို လာမည့်လအနည်းငယ်အတွင်းစတင်ဆောင်ရွက်သွားတော့မည်ဟုလည်း သိရသည်။ဗဟိုဘဏ်၏ ခွင့်ပြုချက်ရ ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်တွင် ဧရာဝတီဘဏ်၊ အာရှစိမ်းလန်းဖွံ့ ဖြိုး မှုဘဏ်၊ CB ဘဏ်၊ ယူနိုက်တက် အမရာဘဏ်၊ မြန်မာရှေ့ဆောင်ဘဏ်၊ ကမ္ဘောဇဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ မြဝတီ ဘဏ်တို့ ပါဝင်ကြောင်း သိရသည်။




သတ္တုတွင်းဝန်ကြီးဌာန မှ The Voice ဂျာနယ်အပေါ်ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုထားသည့်အမှု ဇူလိုင်လ ၂၆ ရက်ရုံးချိန်းတွင် တရားလိုပြ သက်သေတစ်ဦးဖြစ်သည့် အမှတ်(၁) သတ္တုတွင်းလုပ်ငန်းမှ အငြိမ်းစား ဒုလက်ထောက် ညွှန်ကြားရေးမှူး(ငွေစာရင်း) ဒေါ်ကြည်သန်းမှ ဒဂုံမြို့နယ် တရားရုံးတွင် လာရောက်ထွက်ဆိုခဲ့ပြီး The Voice ဂျာနယ်ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်သူ တရား လွှတ်တော်ရှေ့နေ ဦးဝင်းရွှေက ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့ကြောင်းအဆိုပါအမှုအား လာမည့် သြဂုတ်လ ၉ ရက်နေ့တွင် ရုံးချိန်းထပ်မံခေါ်ယူထားပြီး ယင်းရုံးချိန်းတွင်လည်း တရားလိုပြ သက်သေတစ်ဦးကို ထပ်မံစစ်ဆေးဦးမည် ဖြစ်ကြောင်း သိရှိရပါသည်။
ဇူလိုင်လ ၂၆ ရက် ပြုလုပ်ခဲ့သည့် ရုံးချိန်းတွင် သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းမှ အငြိမ်းစား ဒုတိယလက်ထောက် ညွှန်ကြားရေးမှူး (ငွေစာရင်း)ဒေါ်ကြည်သန်းက ၎င်းတာဝန်ထမ်းဆောင်စဉ် ကာလက အမှတ် ၁ သတ္တုတွင်းလုပ်ငန်းနှင့်  Ivanhoe ကုမ္ပဏီတို့သည် ကြေးနီ သတ္တုတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းကို အကျိုးတူဖက်စပ် လုပ်ကိုင်ခဲ့ကြောင်း၊ အမှတ် ၁ သတ္တုတွင်း လုပ်ငန်းမှ ပိုင်ဆိုင်သည့်ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို စီးပွားရေးဦးပိုင်လီမိတက်သို့ အမေရိကန်ဒေါ်လာသန်း ၁၀၀ ဖြင့်ရောင်းချခဲ့ကြောင်း၊ ၎င်းအမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို  စီးပွားရေးဦးပိုင်မှ ပေးချေရမည့်အစား Wambao  ကုမ္ပဏီမှပေးချေခဲ့ကြောင်း ၎င်းငွေများမှာလည်း မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်မှတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ်ခွဲ ၃ ရှိ အ မှတ် ၁ သတ္တုတွင်းလုပ်ငန်းငွေစာရင်းသို့ မြန်မာကျပ်ငွေဖြင့် ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ငွေပေး ငွေယူပြုလုပ်ရာတွင် ငွေစာရင်းဖြင့်သာ တိုက်ရိုက်လွှဲပြောင်းလုပ်ကိုင် ခြင်းသာဖြစ်ပြီး ဌာနအနေဖြင့် ငွေကိုင်တွယ်သုံးစွဲခြင်း မရှိကြောင်း ထိုသို့ဆောင်ရွက်ခဲ့သည့်အတွက် အမှတ် ၁ သတ္တုတွင်းလုပ်ငန်း အနေဖြင့် ငွေကြေးအလွဲသုံးစားခြင်း မရှိကြောင်း ထွက်ဆိုချက်ပေးခဲ့ပါသည်။
တရားလိုပြသက်သေ ရုံးတော်တွင် ထွက်ဆိုချက်ပေးပြီးနောက် The Voice ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော် ရှေ့နေက တရားလိုပြသက်သေကို ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့ကြောင်း သိရှိရသည်။ ကြားနာစစ်ဆေးမှုမှာ နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် စတင်ပြီး နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

LWIN PWIN

NLAB

Web-site:                   www.nlabr.com

Blog:                         http://wanna23-23.blogspot.com/

Facebook:                   Sa Maung


0 comments:

Post a Comment