စာအုပ်အတွက် ISBN မြန်မာနိုင်ငံတွင် လျှောက်ထားနိုင်ပြီ

နိုင်ငံတကာ အသိအမှတ်ပြု စာအုပ်နံပါတ် အိုင်အက်စ်ဘီအင်န် (International Standard Book Number ISBN) လျှောက်ထားလိုသူများ အနေဖြင့် စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ စာပေထုတ်လုပ်သူ များနှင့် ဖြန့်ချိသူများအသင်းတွင် လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စာအုပ် တစ် အုပ်အတွက် ISBN ရရှိရန် အသင်းသို့ ငွေကျပ် ငါးထောင်နှင့် အခြားလိုအပ်သော စာရွက်စာတမ်းများ
ဖြည့်စွက်ပြီးပါက နေ့ချင်းပြီး ရယူနိုင်ကြောင်း အသင်းဒုတိယဥက္ကဋ္ဌ ဦးမျိုးအောင် ကပြောသည်။

“အရင်ကဆို မြန်မာစာအုပ်တွေကို ပြည်ပနိုင်ငံက မြန်မာ့အစားအစာနဲ့ လူသုံးကုန်ရောင်းတဲ့ ဆိုင်တွေမှာဘဲ ဝယ်လို့ ရတယ်။ ဈေးကွက်ရှိခဲ့ပေမယ့် ISBN မရှိတော့ စာအုပ်ဆိုင်ကြီးတွေမှာ တင်ရောင်းလို့ မရဘူး။  ခုတော့ မြန်မာ့ စာအုပ်တွေကို နိုင်ငံတကာကို တင်ပို့ရောင်းချနိုင်တော့မှာပါ” ဟု ၎င်း က ပြောသည်။

ISBN ရရှိပြီ ဖြစ်သည့်အတွက် အထူးသဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား အများအပြား ရှိသည့် ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ကိုရီးယား၊ ဂျပန် ကို စာအုပ်များ အဓိကထား တင်ပို့သွားမည် ဖြစ်ကြောင်း ဦးမျိုးအောင်က ပြောသည်။

၂၀၀၇ ခုနှစ် သြဂုတ်လမှ စတင်ကာ နိုင်ငံတကာ ISBN အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံ၏ ISBN အေဂျင်ဆီကို ဖွဲ့စည်းခွင့် ရခဲ့သည်။

မြန်မာနိုင်ငံ ISBN တွင် ဂဏန်းနံပါတ် ၁၃ လုံးပါဝင်သည်။ ဥပမာ ၉၇၈-၉၉၉၇၁-၆၀ -၀၀-၃  ပါဝင်မည်ဖြစ်ပြီး ၉၇၈ ဂဏန်းသည် ISBN ၏ နံပါတ်၊ ၉၉၉၇၁ သည် မြန်မာကို ကိုယ်စားပြုသော ဘာသာစကားဆိုင်ရာ သတ်မှတ်ချက် နံပါတ်၊ ၆၀ နံပါတ်သည် ထုတ်ဝေသူကို ကိုယ်စားပြုသော နံပါတ်၊ ၀၀ နံပါတ်သည် စာအုပ် ခေါင်းစဉ်၏ နံပါတ်၊ ၃ နံပါတ်သည် အဆိုပါ ဂဏန်းများအား စစ်ဆေးသော ဂဏန်းတို့ ဖြစ်သည်။

"ISBN ရရှိခဲ့တာဟာ ကျွန်တော်တို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ခြင်းရဲ့ အသီးအပွင့်ပါ၊ တချိန်မှာ ISBN ရှိခြင်း ဟာ အလွန်အသုံးဝင်လာမယ့် ကိစ္စပါ၊ အမေဇုန်လို အွန်လိုင်းစာအုပ်စင်မှာ တင်ရောင်းမယ် ဆိုရင်တောင် ISBN လိုပါတယ်" ဟု ဆုပြည့်စုံထွန်း စာပေပိုင်ရှင် ကိုမြင့်ထွန်းက ဆိုသည်။

ထို့ပြင် စာစောင်ဂျာနယ်များ အတွက် ISSN (အချိန်မှန်ထုတ်များ အတွက် အစဉ်လိုက် အမှတ်စဉ်) နံပါတ်နှင့် အသံသွင်းခွေများအတွက် ISML (ထုတ်ဝေဖြန့်ချိသော တေးဂီတများအတွက် အစဉ်လိုက် အမှတ်စဉ်)နှင့် CPI ခေါ် Cataloging in Publication နံပါတ်စနစ်များ ရရှိစေရေး အတွက်လည်း ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ မြန်မာနိုင်ငံ အနေဖြင့် ISBN ရရှိပြီ ဖြစ်ခြင်းကြောင့် အင်္ဂလန်နိုင်ငံမှ MOTILAL စာအုပ်ဆိုင်မှ ISBN အမှတ်စဉ်ပါသော အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မြန်မာစာအုပ်များကို မှာယူဖြန့်ချိလိုကြောင်း ကမ်းလှမ်းမှု များ ရှိနေကြောင်းလည်း သိရသည်။

လက်ရှိတွင် ISBN စနစ်ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၆၆ နိုင်ငံတွင် သုံးစွဲလျက်ရှိရာ မြန်မာနိုင်ငံသည် ၁၆၇ မြောက် နိုင်ငံဖြစ်သည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment