နိုင်ငံတကာသတင်း




သြစတီးယန်းနိုင်ငံသား စွန့်စားသူ ဖီးလစ်ဘွမ်ဂါ့တ်နာသည် အာကာသတွင်းမှ မြေပြင်သို့ အလွတ်ခုန်ချမှု ကမ္ဘာ့စံချိန်သစ်တင်နိုင်ရေးအတွက် အောက်တိုဘာလ ၁၄ ရက် နေ့တွင် ဒုတိယအကြိမ်မြောက် ကြိုးပမ်းမှု အောင်မြင်ခဲ့သည်။
ဘွမ်ဂါ့တ်နာသည် အမြင့်ပေ ၁၂၈၀၉၇ ပေ မှ ၄ မိနစ် ၁၉ စက္ကန့်ကြာ အလွတ်ခုန်ဆင်းခဲ့ပြီးမှ လေ ထီးဖွင့်ခဲ့ခြင်းဖြစ်သည်။ ယခုကြိုးပမ်းမှုတွင် အမြင့်ဆုံး အလွတ်ခုန်ချမှု၊ လူသားတစ်ဦးအတွက် အမြင့်ဆုံးအမြန်နှုန်း၊ အသံ၏ အမြန်နှုန်းကို ချိုးဖျက်နိုင်မှု စံချိန် များတင်နိုင်ခဲ့သော်လည်း ဆင်းလာသည့်အချိန် မြန်ဆန်ခြင်းကြောင့် အချိန်အကြာဆုံး အလွတ်ခုံစံချိန်ကိုမူ လက်လွှတ်ခဲ့ရသည်။
ငါးမိနစ်ကြာ အလွတ်ခုန်ချပြီး ယင်းစံချိန်ကိုပါရယူရန် ရည်ရွယ်ထားခဲ့သော်လည်း မူလသတ်မှတ်ထားသည့် အမြင့်ပေ ၅၀၀၀ ရောက်မှသာ လေထီးဖွင့်မည့်အစီအစဉ်ထက် ပိုစောပြီး လေထီးဖွင့်ခဲ့ခြင်းကြောင့် ဟု ယူဆရသည်။
ဘွမ်ဂါ့တ်နာသည် အမြင့်ဆုံး တစ်နာရီ ၇၀၆ မိုင် အမြန်နှုန်းအထိ ရောက်ရှိခဲ့သောကြောင့် အသံအမြန်နှုန်းကို ကျော်လွန်နိုင်ခဲ့သည်။ ခုန်ချမှု အစအဆုံးမှာ မူလက ၁၅ မိနစ်မှ မိနစ် ၂၀ အထိကြာမြင့်မည်ဟု ခန့်မှန်းထားသော်လည်း ၉ မိနစ် ၃ စက္ကန့်သာကြာခဲ့ပြီး လေထီးဖြင့် ဆင်းသည့်ကြာချိန်မှာ ၄ မိနစ် ၄၄ စက္ကန့် ကြာခဲ့သည်။
အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်ရှိ ကန္တာရတွင်းမှ အထူးပြုလုပ်ထားသည့်  မိုးပျံပူဖောင်းဖြင့် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
ဘွမ်ဂါ့တ်နာ လိုက်ပါသွားသည့် အခန်းငယ်ကို သယ်ဆောင်သွားသော မိုးပျံပူဖောင်းသည် ကောင်းကင်ယံသို့ အဆင်ပြေစွာ တက်ရောက်သွားနိုင်ခဲ့သည်။ ဘွမ်ဂါ့တ်နာ၏အဖွဲ့ဝင် ၁၀၀ ပါ အကူအဖွဲ့တွင် လက်ရှိအမြင့်ဆုံး အလွတ်ခုန်စံချိန်ရှင် အမေရိကန်အငြိမ်းစား လေတပ်ဗိုလ်မှူးကြီး ဂျိုးကစ်တင်ဂါ ပါဝင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်က အမြင့်ပေ ၁၀၂၈၀၀ မှ အလွတ်ခုန်ချခဲ့သော ကစ်တင်ဂါသည် ဘွမ်ဂါ့တ်နာကို ကြီးကြပ်ကာ ရေဒီယိုမှတစ်ဆင့် လမ်းညွှန်ခဲ့သည်။
ပြီးခဲ့သည့်အပတ်က လေတိုက်နှုန်းကြောင့် စံချိန်တင်ရန်ကြိုးပမ်းမှုကို နောက်ဆုံးမိနစ်တွင်မှ ပယ်ဖျက်ခဲ့ရသည့် အသက် ၄၃ နှစ်အရွယ် ဘွမ်ဂါ့တ်နာသည် ဟီလီယမ်ဓာတ်ငွေ့ ကုဗပေ သန်း ၃၀ ထည့်ထားသည့် မိုးပျံပူဖောင်းကြီးဖြင့် ဆွဲသော ၁ ဒသမ ၃ တန်လေးသည့် အခန်းငယ်ဖြင့် လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။
ဘွမ်ဂါ့တ်နာရင်ဆိုင်ရမည့် အကြီးမားဆုံးအခက်အခဲမှာ အမြန်နှုန်း နှင့် အားများကြောင့် သိစိတ် ပျောက်ကာ မေ့မျောသွားနိုင်ခြေမှာ စိုးရိမ်စရာဖြစ်ခဲ့သော်လည်း ကျော်လွှားနိုင်ခဲ့သည်။ အနုတ် ၉၀ ဒီဂရီမျှသာရှိသော အပူချိန်မှာလည်း အထူးပြု လုပ်ထားသည့် အာကာသယာဉ်မှူး ၀တ်စုံနှင့်တူသော ၀တ်စုံကြောင့် ပြဿနာမရှိခဲ့ပေ။

အသံထက်မြန်တဲ့နှုန်းနဲ့ အမြင့်ဆုံး ကခုန်ချမှု စံချိန်သစ်


သြစကြီးယန်း လူမျိုး ဖီးလစ် ဘွန်ဂါတနာ (Felix Baumgartner) ဟာ အသံထက်မြန်အောင် သက်စွန့်ဆံဖျား လေထဲမှာ ပထမဆုံး ဒိုင်ဗင်ထိုးသူ အဖြစ် စံချိန်ချိုးသွားပါတယ်။ သူဟာ တနင်္ဂနွေနေ့က နယူးမက်ဆီကို သဲကန္တာရထဲမှာ ဒိုင်ဗင်ထိုးခဲ့တာဖြစ်ပြီး တနာရီ မိုင် ၈၄၀ လောက်နှုန်း နဲ့ မြန်အောင် ထိုးနိုင်ခဲ့တာမို့ အမြန်ဆုံး စံချိန်ကျိုးခဲ့တယ်လို့ နိုင်ငံတကာ လေကြောင်းဆိုင်ရာ အားကစား အဖွဲ့က ဘရိုင်ယန်ဥတလီ (Brian Utley) က ပြောပါတယ်။

ဒီအမြန်နှုန်းဟာ အသံထက်မြန်တဲ့ နှုန်း ဖြစ်ပါတယ်။ အဆင့်မြင့်နည်းပညာနဲ့ လုပ်ထားတဲ့ ၀တ်စုံ ၀တ်ဆင်ပြီး ယှဉ်ပြိုင်သူတွေထဲမှာ ဖီးလစ်ရဲ့ အမြန်နှုန်း စံချိန်ကို ဘယ်သူမှ မမီသေးပါဘူး။
သူဟာ ၅၂ နှစ်လုံး စံချိန်မကျိုးခဲ့တဲ့ လေယာဉ်ပေါ်ကနေ အမြင့်ဆုံး ခုန်ချသူ စံချိန်ကိုပါ ချိုးခဲ့တာဖြစ်ပါတယ်။

ဖီးလစ်ဟာ ၁၉၆၀ ခုနှစ်တုန်းက အမေရိကန် နိုင်ငံသား ဂျိုး ကစ်တင်းဂျာ (Joe Kittinger) တင်ထားတဲ့ အမြင့်ဆုံးကနေ ခုန်ချတဲ့ စံချိန်ကို  အခုသူ့ရဲ့ အကူအညီနဲ့ပဲ ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။



မာလီမြောက်ပိုင်းရှိ သူပုန်များကိုချေမှုန်းရန် နိုင်ငံတကာက စစ်ရေးနည်းလမ်း အသုံးပြုနိုင်ရေးစီစဉ်ရန် ဆုံးဖြတ်ချက်အား ကုလသမဂ္ဂလုံခြုံရေးကောင်စီ အတည်ပြု


မာလီနိုင်ငံမြောက်ပိုင်းရှိ အယ်လ်ကေးဒါးနှင့် ဆက်နွှယ်သောသူပုန်များ သိမ်းထားသောနယ်မြေကို ပြန်လည်သိမ်းယူရန်အတွက် နိုင်ငံတကာက စစ်ရေးဖြင့် ၀င်ရောက်စွက်ဖက်မည့် အရေးအတွက် အထူးအစီအစဉ်တစ်ခု ရေးဆွဲရန် ဒေသတွင်း ခေါင်းဆောင်များအား အချိန် ၄၅ ရက်ပေးသည့် ဆုံးဖြတ်ချက်အား ကုလသမဂ္ဂလုံခြုံ ရေးကောင်စီက အောက်တိုဘာလ ၁၂ ရက်တွင် တစ်ညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။
ယင်းဆုံးဖြတ်ချက်ကြောင့် မာလီသူပုန်များ၏ အသိမ်းခံထားရသော နယ်မြေကို ပြန်လည်ရရှိရန် နိုင်ငံတကာက စစ်ရေးနည်းလမ်း အသုံးပြုနိုင်ခြေအတွက် အဓိက ခြေလှမ်းတစ်ခုအဖြစ် မှတ်ယူရမည်ဖြစ်သည်။အနောက်အာဖရိကရှိ နိုင်ငံရေး အတည်ငြိမ်ဆုံး နိုင်ငံများတွင်ပါဝင်ခဲ့သော မာလီ၌ မတ်လက သမ္မတကို ဖြုတ်ချခဲ့သည့် စစ်ဘက်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် နိုင်ငံမှာ ၀ရုန်းသုန်း ကား အခြေအနေသို့ သက်ဆင်းခဲ့သည်။ အာဏာသိမ်းခေါင်းဆောင်က မေလတွင် ရာထူးမှဆင်းပေးပြီး အရပ်ဘက် အသွင်ကူးပြောင်းရေး အစိုးရထံ အာဏာလွှဲပေးခဲ့သော်လည်း မသေချာမှုများစွာ ဖြစ်ပေါ်နေခဲ့သည်။
နိုင်ငံအခြေအနေ ၀ရုန်းသုန်းကား ဖြစ်နေမှုအပေါ် အခွင့်ကောင်းယူကာ မာလီမြောက်ပိုင်းရှိ လူမျိုးစု Tuareg သူပုန်များနှင့် အစ္စလာမ်မစ် စစ်သွေးကြွများက နိုင်ငံမြောက်ပိုင်းရှိ နယ်မြေများကို သိမ်းယူခဲ့သည်။ လအနည်းငယ်အကြာတွင် အယ်လ်ကေးဒါးနှင့် ချိတ်ဆက်မှုရှိသော အဖွဲ့နှစ်ခုကTuareg အဖွဲ့ကို ဖယ်ရှားခဲ့ပြီး ယခုအခါ မာလီမြောက်ပိုင်းရှိ နယ်မြေသုံးပုံနှစ်ပုံ (ပြင်သစ်နိုင်ငံ အရွယ်အစားနှင့်တူညီ) ကို ထိန်းချုပ်ထားသည်။
ယင်းအစွန်းရောက် အစ္စလာမ်မစ်များက သူတို့ထိန်းချုပ်ထားသော နယ်မြေများတွင် Sharia သို့မဟုတ် တင်းကျပ်သော အစ္စလာမ်မစ် ဥပဒေပြဋ္ဌာန်းရန် ကြိုးစားနေသည်။ ယင်းဒေသများတွင် အမျိုးသမီးများစွာမှာ ဖိအားပေးလက်ထပ်ခံရပြီး မွေးလာသောကလေးများကို စစ်သွေးကြွများက ၀ယ်ယူကာ စစ်သားများအဖြစ် အသုံးပြုခဲ့ကြသည်။ ယင်းပြဿနာကို စစ်ရေးနည်းလမ်းသုံးပြီး ၀င်ရောက်ဖြေရှင်းပေးရန် အနောက်အာဖရိကရှိ နိုင်ငံများနှင့် မာလီအသွင်ကူးပြောင်းရေး အစိုးရက ကုလလုံခြုံရေးကောင်စီထံ အကူ အညီတောင်းခဲ့သည်။
မာလီအသွင်ကူးပြောင်းရေး အစိုးရ၊ သူပုန်အဖွဲ့များနှင့် လူမှုအဖွဲ့အစည်း ကိုယ်စားပြုအဖွဲ့ဝင်များ အနေဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် နိုင်ငံရေးအဖြေတစ်ခု ရှာဖွေရန် လုံခြုံရေးကောင်စီက အောက်တိုဘာလ ၁၂ ရက်တွင် တိုက်တွန်းခဲ့သည်။ ထို့ပြင် အနောက်အာဖရိကနိုင်ငံများ၊ အာဖရိကသမဂ္ဂတို့နှင့် ပူးပေါင်းလုပ် ဆောင်နေသော ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကိုလည်း မာလီတွင် နိုင်ငံတကာတပ်ဖွဲ့ဝင်များ ချထားရန် ပြင်ဆင်သင့်ကြောင်း ထောက်ခံချက်များကို ၄၅ ရက်အတွင်း ကုလလုံခြုံရေးကောင်စီသို့ တင်ပြရန် တာဝန်ပေးထားကြောင်း သိရသည်။ ယင်းထောက်ခံချက်များ တင်ပြရာတွင် လိုအပ်သောတပ်ဖွဲ့ဝင် အရေအတွက်နှင့် အများဆုံး ကုန်ကျနိုင်မည့်စာရင်းကိုလည်း ထည့်သွင်းပေးရန် ယင်းအစီရင်ခံစာတွင် တိုက်တွန်းထားသည်။
မာလီမြောက်ပိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေကြောင်း အစီရင်ခံစာများ ထွက်ပေါ်လာစဉ် ကုလလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။            


ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဖမ်းဆီးရန် ထိုင်းတရားရုံးချုပ်က အမိန့်ထုတ်ပြန်


ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ဖမ်းဆီးရန်အတွက် ထိုင်းတရားရုံးချုပ်က အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။
သက်ဆင်သည် ၂၀၀၆ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းမှုကြောင့် ရာထူးမှဖယ်ရှားခံခဲ့ရပြီး အကျင့်ပျက်ခြစားမှုအတွက် သီးခြားထောင်ဒဏ်ချမှတ်မှုကို ရှောင်တိမ်းရန် ပြည်ပတွင် နေထိုင်နေသူဖြစ်သည်။ နိုင်ငံပိုင် Krung Thai ဘဏ်မှ ထုတ်ချေးခဲ့သည့် ချေးငွေများနှင့်ပတ်သက်ပြီး ရုံးတင်စစ်ဆေးခံရသည့် တရားခံ ၂၇ ဦးထဲတွင် သက်ဆင်လည်း ပါဝင်ခဲ့သည်။ ဘန်ကောက်တရားရုံးသို့ သက်ဆင်လာရောက်ရန် ပျက်ကွက်မှုသည် ရှောင်တိမ်းမှုလက္ခဏာများကို ပြသခြင်းဖြစ်ကြောင်း သဘာပတိတရားသူကြီး ကိုးဦးတွင်ပါဝင်သည့် တရား သူကြီးတစ်ဦးက ပြောကြားခဲ့သည်။
"သက်ဆင်ကို ဖမ်းဝရမ်းထုတ်ပြန်ဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ အစိုးရရှေ့နေတွေက သူ့ကိုတရားရုံးကို ခေါ်ဆောင်လာနိုင်တဲ့အထိ ရုံးတင်စစ်ဆေးမှုကို ဆိုင်းငံ့သွားမှာပါ" ဟု သူက ပြောကြားခဲ့သည်။
သက်ဆင်သည် အာဏာအလွဲသုံးစားပြုမှုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှုတို့ ပါဝင်သော စွဲချက်ငါးခုဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေချိုးဖောက်မှုဖြင့် တရားစွဲခံရသူများထဲတွင် Krung Thai ဘဏ်မှ အမှုဆောင်အရာရှိ ဟောင်းများလည်း ပါဝင်ခဲ့သည်။Krung Thai ဘဏ်မှ အမှုဆောင်အရာရှိဟောင်းများသည် သက်ဆင်အာဏာရှိနေဆဲ အချိန်အတွင်း သူတို့၏ရာထူးကို အသုံးပြုပြီး ဘဏ္ဍာရေးအခြေအနေ ယိမ်းယိုင်နေသော ကုမ္ပဏီများကို ငွေချေးငှားခဲ့မှုဖြင့် တရားစွဲခံရခြင်းဖြစ်သည်။ အာဏာအလွဲသုံးစားမှု စွဲချက်သည် အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကျခံရမည်ဖြစ်သည်။ အစိုးရရှေ့နေများသည် နစ်နာကြေးအဖြစ် ဘတ် ၁၀ ဒသမ၅ ဘီလျံ ပြန်လည် ပေးအပ်ရန် တောင်းဆိုသွားမည်ဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံမှ တိမ်းရှောင်ခဲ့သည့် သက်ဆင်ကို ဖမ်းဆီးရန် စုစုပေါင်းဖမ်းဝရမ်းခြောက်ခု ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ မြေယာဝယ်ယူမှုအတွက် အာဏာအလွဲသုံးစားပြုမှု၊ ခြစားမှုစွဲချက်အတွက် ဆိုင်းငံ့ထားသည့် ရုံးတင်စစ်ဆေးမှု လေးခုအတွက် သက်ဆင်ကို ဖမ်းဝရမ်းများ ထုတ်ထားခဲ့သည်။၂၀၁၀ ပြည့်နှစ်က ဖြစ်ပွားခဲ့သော လူသေဆုံးမှုများဖြစ်ခဲ့ရသည့် ရှပ်နီဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက်  ပြန်လည်ရင်ကြားစေ့ရေးကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်းအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် အဆိုတစ်ခုကို ဆွေးနွေးတင်ပြခဲ့သည်။ သို့သော် ယင်းအစီအစဉ်သည် ထိုင်းသို့ သက်ဆင်ပြန်လာနိုင်ရန် ရည်ရွယ်မှုဖြစ်သည်ဟု အတိုက်အခံများက စွပ်စွဲခဲ့သည်။            


ဘာလီကျွန်းအပန်းဖြေစခန်း ဗုံးခွဲတိုက်ခိုက်ခံရမှု ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်


အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီကျွန်း အပန်းဖြေစခန်းတွင် အစ္စလာမ်မစ် အစွန်းရောက်များ၏ ဗုံးခွဲတိုက်ခိုက်ခံရမှု ၁၀ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို အောက်တိုဘာလ ၁၂ ရက်တွင် ပြုလုပ်ခဲ့ရာ ယင်းတိုက်ခိုက်ခံရမှု၌ အသက်ရှင်ကျန်ခဲ့သူများ၊ သေဆုံးခဲ့ရသူများ၏ ဆွေမျိုးရာပေါင်းများစွာက တက်ရောက်ခဲ့ကြောင်း သိရသည်။
၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်က ဘာလီကျွန်းတောင်ပိုင်း၊ ကူတာခရိုင်ရှိ ဆာရီကလပ်နှင့် ပက်ဒီဘားတို့တွင် အသေခံဗုံးခွဲသမားများ၏ ဗုံးခွဲတိုက်ခိုက်မှုများကြောင့် သြစတြေးလျနိုင်ငံသား ၈၈ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၃၈ ဦး အပါအ၀င် စုစုပေါင်းလူ ၂၀၂ ဦး သေဆုံးခဲ့သည်။
ယင်းအခမ်းအနားတွင် သေဆုံးခဲ့သူများ၏ အမည်များကို ဖတ်ပြခဲ့ပြီး ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ခန့်ငြိမ်သက်ခဲ့သည်။
ယင်းအခမ်းအနားသို့ သြစတြေးလျဝန် ကြီးချုပ် ဂျူလီယာဂီးလက်ဒ်လည်း တက်ရောက်ခဲ့သည်။ သေဆုံးခဲ့သော သြစတြေးလျနိုင်ငံသားများထဲတွင် အပန်းဖြေနေသူလူငယ်နှင့် အားကစားအသင်းများမှ အဖွဲ့ဝင်အများ အပြား ပါဝင်ခဲ့ကြောင်းသိရသည်။
အယ်လ်ကေးဒါးဆက်နွှယ်သော Jemaah Islamiyah (JI) အဖွဲ့က ယင်းတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် အမေရိကန်၌ အယ်လ်ကေး ဒါးတို့၏ အကြမ်းဖက်တိုက်ခိုက်ခံရမှု တစ်နှစ်အလွန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခုအခမ်းအနား မပြုလုပ်မီ  ဘာလီ၌ အမြင့်ဆုံးတပ်လှန့်ထားပြီး လက်ဖြောင့်တပ်သားများ အပါအ၀င် ရဲနှင့်စစ်သား ၂၀၀၀ ခန့် စောင့်ကြပ်ခဲ့သည်။
တိုက်ခိုက်ခံရပြီး ၁၀ နှစ်အတွင်း ယင်းတိုက်ခိုက်မှုတွင် ဦးဆောင်သူ၊ ပါဝင်သူအားလုံးကို ကွပ်မျက်ခြင်း၊ ရဲများ၏စီးနင်းမှုအတွင်း သတ်ဖြတ်နိုင်ခဲ့ခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့သည်။
ဘာလီတိုက်ခိုက်ခံရမှု ဖြစ်စဉ်အပြီး အင်ဒိုနီးရှားသည် JI ကွန်ရက်ကို အားလျော့အောင် ဖြိုခွဲခြင်းအပါအ၀င် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး လုပ်ဆောငှ်ုများတွင် အောင် မြင်မှုအချို့ရခဲ့သော်လည်း အင်ဒိုနီးရှားတွင် အကြမ်းဖက်မှုအားသန်သော အစွန်းရောက်များစွာ ရှိနေဆဲဖြစ်ကြောင်းသိရသည်။      


အင်ဒိုနီးရှားမှ လော်ကွန်မီးတောင် စတင်ပေါက်ကွဲ


အင်ဒိုနီးရှားရှိ လှုပ်ရှားမှုအများဆုံး မီးတောင်များအနက် တစ်ခုဖြစ်သော လော်ကွန်မီးတောင်သည် ထပ်မံပေါက်ကွဲနေပြီး ပြာများမှုတ်ထုတ်လျက်ရှိကြောင်း အစိုးရတာဝန်ရှိသူများက အောက်တိုဘာလ ၈ ရက်နေတွင် ပြောကြားခဲ့သည်။
အမြင့်ပေ ၅၂၁၄(၁၅၈၀ မီတာ) ရှိပြီး ဆူလာဝေဆီကျွန်း၏ အရှေ့မြောက်ပိုင်းတွင်ရှိသော ယင်းမီးတောင်သည် ငါးကီလိုမီတာ (သုံးမိုင်) အကွာအဝေးအထိ ကြားနိုင်လောက်သော မိုးထစ်ချုန်းသံကဲ့သို့ အသံများထွက်ပေါ်ပြီး အောက်တိုဘာလ ၇ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီက စတင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
လော်ကွန်မီးတောင်သည် ပြီးခဲ့သည့် လများအတွင်းကတည်းက လှုပ်ရှားမှုများရှိနေခဲ့ပြီး ယခုပေါက်ကွဲမှုသည် စက်တင်ဘာလလယ် နောက်ပိုင်း မီးတောင်ပေါက်ကွဲမှုများအနက် ခုနှစ်ကြိမ်မြောက် အကြီးမားဆုံးဖြစ်သည်။
မီးတောင်ဝန်းကျင်တွင် ပြာမှုန့်များ တိမ်တိုက်များသဖွယ် ဖုံးလွှမ်းနေသောကြောင့် အမြင့်မည်မျှအထိ ပေါက်ကွဲခဲ့သည်ကို မခန့်မှန်းနိုင်ကြောင်းနှင့် မီးတောင်ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်သို့  ရွှံ့မိုးရွာသွန်းခဲ့ကြောင်း အစိုးရမီးတောင်ပညာရှင် ဖာရစ်ဘီနာက ပြောကြားခဲ့သည်။

လော်ကွန်မီးတောင်၏ အကြီးမားဆုံးပေါက်ကွဲမှုသည် ၂၀၁၁ ခုနှစ် ဇူလိုင်လကဖြစ်ပြီး ပြာများကို အမြင့် မီတာ ၃၅၀၀ အထိ မှုတ်ထုတ်ခဲ့ကာ လူပေါင်း ၅၂၀၀ ခန့် နေရာရွှေ့ပြောင်းခဲ့ရသည်။ ၁၉၉၁ ခုနှစ်က လော်ကွန်မီးတောင်ပေါက်ကွဲမှုတွင်  ဆွစ်ဇာလန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့သည်။          


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment