မြန်မာ သတင်းများ  အောက်တိုဘာ ၁၅ ၊ ၂၀၁၂

ကချင်လက်ဝှေ့သမား အမေရိကန်ပြိုင်ဘက်ကို အလဲထိုး


အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း ဒီလ၀ဲ ပြည်နယ်မှာ ပထမဦးဆုံးအကြိမ် အဖြစ် ကျင်းပတဲ့ Cage Fury Fighting Championship (CFFC) လို့ ခေါ်တဲ့ ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး (Mixed Martial Arts) ပြိုင်ပွဲမှာ မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား အောင်လအင်ဆန်း က အမေရိကန် နိုင်ငံသား အိုင်အိုဝါပြည်နယ်က ပြိုင်ဘက် ဂျက်ဆင်လောက် (Jason Louck) ကို အလဲထိုး အနိုင်ယူခဲ့ပါတယ်။

''The Burmese Python'' မြန်မာ့ စပါးကြီးမြွေကြီးလို့ အခေါ်ခံရတဲ့ အောင်လဟာ လက်ရည်မှန်မှန်နဲ့ စထိုးသတ်ခဲ့ပြီး ပထမပိုင်းမှာ တော့ သူ့မျက်နှာနဲ့ ခန္ဓာကိုယ်ကို ပြိုင်ဘက် ဂျက်ဆင်လောက် ရဲ့ လက်သီးချက်တွေ ထိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အောင်လက တိုက်စစ်ကို ပြင်ဆင်ခဲ့ပြီး ဂျက်ဆင်လောက် ထောင့်ကပ်မိချိန်မှာ တိုက်စစ်အရှိန်တိုးပြီး ဆက်တိုက် ထိုးသတ်တာ ဖြစ်ပါတယ်။ အဲဒီနောက် အောင်လက ဘယ်လက်သီးတွေ ဆက်တိုက် ထိုးနေရာက လျှပ်တပြက် ညာလက်သီးတလုံး ပစ်သွင်းလိုက်ချိန်မှာ ပြိုင်ဘက် ဂျက်ဆင်လောက် နောက်ကောက်ကျ သွားတာ ဖြစ်ပါတယ်။

အောင်လ ဟာ ၂၀၀၃ ခုနှစ်က စိုက်ပျိုးရေး သိပ္ပံ ပညာသင်ကြားဖို့ ရောက်ရှိလာပြီး နောက်ပိုင်း ဂျူဂျစ်ဆုနဲ့ မွေထိုင်း ကစားနည်းတွေကို လေ့ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၂၇ နှစ်အရွယ် ကချင်တိုင်းရင်းသား အောင်လအင်ဆန်းက ဒီ လက်ဝှေ့ပွဲကနေ အနိုင်ရတဲ့ ထိုးကြေးနဲ့ ဆုကြေးငွေတွေကို မြန်မာနိုင်ငံ တိုင်းရင်းသား ကချင်စစ်ဘေး ဒုက္ခသည်များကို လှူဒါန်းမယ်လို့ ကြေညာခဲ့ပါတယ်။





အမေရိကန်ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲ (Mixed Martial Artist-MMA) ကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံသား ကချင်လူမျိုးဖြစ်သူ အောင်လအန်ဆိုင်းသည် အမေရိကန်နိုင်ငံသား ဂျက်ဆင်လော့ခ်ကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက်က အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အောင်လအန်ဆိုင်းသည် ယင်းပွဲမှ ရရှိသောငွေကြေးများအားလုံးကို ကချင်ပြည်နယ်ရှိ ဒုက္ခသည် တိုင်းရင်းသားများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်းကို ယင်းပွဲမယှဉ်ပြိုင်မီကတည်းက ပြောကြားထားခဲ့သူဖြစ်ပြီး စစ်ဘေးဒုက္ခရောက်နေသော ကချင်တိုင်းရင်းသားများကို စာနာမိကြောင်း အောင်လအန်ဆိုင်းက ပြောကြားသည်။
အောင်လအန်ဆိုင်းကို 'မြန်မာ ပြည်စပါးအုံး' (The Burmese Python) ဟု MMA လောက၌ နာမည်ပြောင်ဖြင့် ခေါ်ဆိုကြောင်းလည်း သိရသည်။ ၄င်းသည်၂၀၀၇ ခုနှစ် ကတည်းက MMA ပြိုင်ပွဲများကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ၁၄ ပွဲနိုင်၊ ၈ ပွဲရှုံးနိမ့်ထားကြောင်း သိရသည်။ ကချင်ပြည်နယ် မြစ်ကြီးနားဇာတိဖြစ်သူ အောင်လအန်ဆိုင်းသည် အမေရိကန်နိုင်ငံ မစ်ချီကန်ပြည်နယ်အင်ဒရူး တက္ကသိုလ်မှစီးပွားရေးနှင့် မွေးမြူရေးသိပ္ပံဘွဲ့ ရရှိခဲ့သူတစ်ဦးဖြစ်ပြီး Mixed Martial Artist ပညာကို ၂၀၀၄ ခုနှစ်မှ စတင်သင်ကြားခဲ့သူ တစ်ဦးဖြစ်သည်။

အမေရိကန်သံအမတ်ကြီး နဲ့ အတိုက်အခံတွေ တွေ့ဆုံဆွေးနွေး


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဒဲရစ်မစ်ချယ်ဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတုန်းက ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဦးဂမ္ဘီရ အခုတော့ လူဝတ်လဲလိုက်ပြီဖြစ်တဲ့ ဦးညီညီလွင် နဲ့ အဖွဲ့ကို မနေ့က မနက်ပိုင်းက ရန်ကုန်မြို့ ၊ ပြည်လမ်းမှာရှိတဲ့ အမေရိကန်သံအမတ်ကြီးရဲ့ နေအိမ်မှာ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းသင့်မသင့် ၊ လျှော့ချသင့်မသင့် အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ဦးညီညီလွင်က မီဒီယာ ကို ပြောပါတယ်။
"အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားပေးသင့်ပြီလား၊ ဒါမှမဟုတ်ရင် လျှော့ချပေးသင့်သလားပေါ့၊ ဒီဟာအတွက် ပြည်တွင်းမှာ တက်ကြွလှုပ်ရှားသူ ၊ ဦးဆောင်သူတွေကို ခေါ်ပြီးတော့ တွေ့ပြီးတော့ သဘောထားတွေ ရယူတာပဲ ။ လုံးဝ ဖယ်ရှားဖို့ဆိုတာတော့ ကျုပ်တို့အနေနဲ့ မဖြစ်သင့်ဘူးပေါ့  ၊ လျှော့ချတာတော့ ကျုပ်တို့အနေနဲ့ ဘာမှမပြောလိုပါဘူးဆိုတာတွေ ပြောဖြစ်တယ်၊ နောက် မျက်မှောက်နိုင်ငံရေး အခင်းအကျင်းနဲ့ပတ်သတ်ပြီး တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေ ၊ နောက် ကချင်နဲ့ ရခိုင်ပေါ့ဗျာ ၊ ဘာသာရေး ပဋိပက္ခတွေ ၊ လူမျိုးရေး ပဋိပက္ခတွေ ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ ၊ ဒီမိုကရေစီရေး ပျက်ကွက်ခံနေရတာတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ ၊ မြန်မာ့မြေပေါ်မှာ ဒီမိုကရေစီရေးတွေ လူ့အခွင့်အရေးတွေ ပြည့်ဝဖို့ ၊ ဘယ်လိုလုပ်မလဲဆိုတာတွေ ရှေ့ဆက်သွားဖို့ မျက်မှောက်အခင်းအကျင်းနဲ့ညှိပြီး ဆွေးနွေးသွားတာ ဒါလေးတွေ ရှိပါတယ်၊  "
တွေ့ဆုံရာမှာ  ဦးညီညီလွင် နဲ့အတူ ဆရာတော် ဦးသောဘာသ၊  အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများ(Action Labor Rights) အဖွဲ့က ကိုသူရိန်အောင် ၊ ကိုညီညီဇော်၊ ကိုနော်အောင်တို့ ငါးဦးပါဝင်တယ်လို့ သိရပါတယ်။

အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီး မြန်မာသမ္မတနှင့် တွေ့မည်


အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်း(စ်) (William Burns) ဦးဆောင်တဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံ အပါအ၀င် အာရှခရီးစဉ်ကို ဒီလ ၁၃ ရက်နေ့က စတင်ခဲ့တယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နိုင်ငံခြားရေးဝန်ကြီး ဂမ်ဘ (Gemba)၊ ကာကွယ်ဝန်ကြီး မော်ရီမိုတို (Morimoto) တို့နဲ့ အောက်တိုဘာ ၁၄ နဲ့ ၁၅ ရက်တွေ မှာ တွေ့ဆုံပြီး နိုင်ငံတကာရေးရာ အပြင်၊ အရှေ့အာရှအရေးနဲ့ ဒေသတွင်း အခြေအနေတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ တောင်ကိုးရီးယား အစိုးရ အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံပြီး အမေရိကန်နဲ့ တောင်ကိုးရီးယား မဟာဗျူဟာ ဆွေးနွေးပွဲတွေ ကျင်းပမှာပါ။ အောက်တိုဘာ ၁၇ ရက်နေ့မှာ တရုတ်နိုင်ငံ ဘေဂျင်း ကို သွားပြီး နှစ်နိုင်ငံ ဆက်ဆံရေး၊ ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စတွေကို အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့မှာတော့ မြန်မာအစိုးရရုံး စိုက်တဲ့ နေပြည်တော်ကို သွားပြီး သမ္မတဦးသိန်းစိန် နဲ့ အစိုးရအဖွဲ့ အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒီအဖွဲ့မှာ အရပ်ဘက်နဲ့ စစ်ဘက်အရာရှိ ၃၀ ကျော် ပါဝင်ပြီး ဒုတိယကာကွယ်ရေး ၀န်ကြီး နဲ့ ပစိဖိတ်စစ်ဌာနချုပ် အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး တဦးလည်း ပါဝင်မယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြပါတယ်။

အဲဒီနောက် အမေရိကန် အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီ ကို သွားရောက်ပြီး နှစ်နိုင်ငံ စီးပွားရေး လုံခြုံရေးနဲ့ ကာကွယ်ရေး အပါအ၀င် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးနဲ့ အဖွဲ့ဟာ ခရီးစဉ်ကို အောက်တိုဘာလ ၂၀ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။


လူ့ဘောင်သစ်ပါတီ ၂၄ နှစ်ပြည့်မွေးနေ့ နဲ့ ပြည်တွင်းငြိမ်းချမ်းရေး


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (၂၄)နှစ်ပြည့် အခမ်းအနားကို ထိုင်းမြန်မာနယ်စပ် တနေရာမှာမနေ့က ကျင်းပခဲ့ပါတယ်။ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြ ရဦးမယ်လို့ ပါတီခေါင်းဆောင်တွေက ဒီကနေ့ အခမ်းအနားမှာ ပြောကြား လိုက်ပါတယ်။ မြန်မာပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြောင်းလဲလာနေပြီဆိုပေမယ့် ပြည်သူတရပ်လုံး လိုလားတဲ့ ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပါတီဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
“ဒီကနေ့ ကျနော်တို့ပါတီရဲ့ slogan ကတော့ ငြိမ်းချမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြဆိုတဲ့ slogan ဖြစ်တယ်၊ အဓိကပြောချင်တာကတော့ ကျနော်တို့တိုင်းပြည်မှာ အခုအချိန်အထိငြိမ်းချမ်းရေး မရသေးဘူး တိုင်းပြည်ဟာ ကနေ့အချိန်အထိ စစ်မှန်တဲ့ ဒီမိုကရေစီရေး လမ်းကြောင်းပေါ်ကို အပြည့်အဝ မလျှောက်လှမ်းနိုင်သေးဘူး ဒီ့အတွက် ကျွန်တော်တို့ လုပ်စရာတွေ အများကြီးရှိတယ်၊ ဆက်ပြီးတော့ ကျွန်တော်တို့ ညီအကိုတော် မဟာမိတ်တွေ၊ တိုင်းရင်းသားတွေ နောက်ပြည်သူတွေနဲ့အတူ ခိုင်ခိုင်မာမာလက်တွဲပြီးတော့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိအောင်အတွက် ဆက်လက် ဆောင်ရွက်ကြဖို့ လိုသေးတယ်ဆိုတဲ့ message ကိုကျနော် ပေးချင်ပါတယ်”
လူ့ဘောင်သစ်အနေနဲ့ မြန်မာပြည်ထဲက နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်ဆောင်ရွက်ဖို့ သံဓိဌာန်ချထားပြီးကြောင်း ပါတီပြန်အခြေစိုက်ဖို့လည်း အလားအလာကောင်းတွေ ရှိနေပြီလို့ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
“ကျနော်တို့ ပြန်မယ်ဆိုတဲ့ ကိစ္စကိုလည်း အလေးအနက်ထားပြီး အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပါတယ်၊ ပြောနိုင်တာကတော့ လောလောဆယ်မှာ အလားအလာကောင်းတယ်လို့ ပြောလို့ရပါတယ်၊ အခြေအနေက ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ တရားဝင် ခိုင်ခိုင်မာမာ သဘောတူညီချက်တွေနဲ့ ပြန်ပြီးတော့ ပါတီကို မြေပေါ်မှာ တရားဝင် ပြန်လည် ရပ်တည်ဖို့ဆိုတဲ့ ကိစ္စကို အဓိကထား ဆွေးနွေးနေပါတယ်၊ အသေးစိတ်အချက်အလက်တွေ ဆွေးနွေးစရာပဲ ကျန်ပါတော့တယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်”
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့မှာ ကျောင်းသားလူငယ်တွေနဲ့ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် ပါတီညီလာခံကျင်းပ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် ပါတီညီလာခံအား အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပထမအကြိမ်ကျင်းပသည့် ပါတီညီလာခံသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအ၀င်၊ ၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များအား လိုက်လံနှုတ်ဆက် ခဲ့ကြောင်းသိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ သူရဦးရွှေမန်းက '' အခုကျင်းပတဲ့ ပါတီညီလာခံ ကျင်းပရတာကတော့ ပါတီ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းအား အတည်ပြုရန်၊ ပါတီအားပြန်လည် ဖွဲ့စည်းရာမှာ အသွင်သဏ္ဍာန်၊ အနှစ်သာရပြည့်စုံသည့် ပြည်သူ့ပါတီ အဖြစ်ဖွဲ့စည်းပြီး ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးဖြစ်ထွန်းစေမယ့် လုပ်ငန်းစဉ်များ ချမှတ်ဖို့ဖြစ်ပါတယ်။ ဒီမိုကရေစီသဘောအရ ပွင့်လင်းမြင် သာဖို့၊ တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ ရိုးသားမှု၊ အချင်းချင်းလေးစားတန် ဖိုးထားမှု၊ မျှမျှတတ ပြောဆိုဆက်ဆံဆောင်ရွက်မှု၊ အများ၏ဆုံးဖြတ်ချက်ကို အားလုံးကလိုက်နာဆောင်ရွက်မှု နဲ့အနည်း၏ဆန္ဒကိုလည်းအများက လေးစားလိုက်နာဖို့လိုပါတယ်။ပါတီဝင်များအနေနဲ့ ပြည်သူအကျိုး ကိုရှေးရှုဆောင်ရွက်ဖို့လိုပါတယ်'' ဟုအဖွင့်မိန့်ခွန်းတွင်ပြောကြားသည်။
အဆိုပါအစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဦးသိန်းဇော်က ဖတ်ကြားတင်သွင်း ခဲ့ကြောင်းသိရသည်။ပထမအကြိမ်ပါတီညီလာခံသို့ ပါတီကိုယ်စားလှယ် ၉၀၀ ဦးခန့် တက်ရောက်ခဲ့ပြီး အစည်းအဝေး တတိယနေ့တွင် ဥက္ကဋ္ဌရာထူးနေရာ အတွက်ရွေးချယ်သွားဖွယ်ရှိကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ပြန်လည်ဖွဲ့စည်းရန် ပထမအကြိမ် ညီလာခံ စတင်ကျင်းပ


ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပထမဆုံးအကြိမ် ညီလာခံကို နေပြည်တော် ဒက္ခိဏသီရမြို့နယ်ကပါတီ ရုံးချုပ်မှာ ကိုယ်စားလှယ် ၈၀၀ ကျော်တက်ရောက်ပြီး မနေ့က စတင်ကျင်းပခဲ့ပါတယ်။ ဒုတိယဥက္ကဌ အဖြစ်တာဝန်ယူထားဆဲ ဖြစ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက အခုလိုမိန့်ခွန်းပြောကြား ခဲ့ပါတယ်။
(၁)ပါတီတစ်ခုရဲ့ အမြင့်ဆုံးညီလာခံ ဖြစ်သော ပါတီညီလာခံကို ကျင်းပပြီး၊ပါတီဖွဲ့စည်းပုံ စည်းမျဉ်းအား အတည်ပြု ပြဌာန်းရန်၊(၂)ပါတီအား ပြန်လည် ဖွဲ့စည်းရာတွင် အသွင်သဏ္ဍာန်ကော၊အနှစ်သာရပါ ပြည့်စုံတဲ့ ပြည်သူ့ပါတီ အဖြစ် ဖွဲ့စည်းပြီး၊ပါတီတွင်း ဒီမိုကရေစီကို စနစ်တကျကျင့်သုံးခြင်းနဲ့နိုင်ငံတော် တိုးတက် ဖွံဖြိုးစေသော ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပါတီထုတစ်ရပ်လုံးမှတက်ကြွစွာ ပါဝင်ရန်၊ (၃)ပြည်သူ့ပါတီသည်ပြည်သူအကျိုး၊ နိုင်ငံ့အကျိုးအတွက် ဖြစ်ထွန်းစေတဲ့ ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန်တို့ကို ဤပါတီညီလာခံကြီးမှ ဆွေးနွေး ဆုံးဖြတ် ဆောင်ရွက်သွားရန်တို့ ဖြစ်ပါတယ်။
ညီလာခံကို အောက်တိုဘာ ၁၄ ရက်ကနေ ၁၇ ရက်နေ့အထိ လေးရက်ကြာ ကျင်းပမှာ ဖြစ်ပြီး၊ဒီကနေ့ ကျင်းပတဲ့ ညီလာခံ ပထမရက်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ဒုတိယ သမ္မတ ဦးစိုင်းမောက်ခမ်း ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။
ညီလာခံပထမရက်မှာ ဒေသအသီးသီးက တက်ရောက်လာတဲ့ ညီလာခံ ကိုယ်စားလှယ်တွေက ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ပြင်ဆင်ထားတာတွေကို အဓိက တင်ပြခဲ့တယ်လို့ သိရပါတယ်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment