ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အရိုးပြာ မြန်မာပြည်၌ မြှုပ်ရန် ဆန္ဒရှိ



ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ကျန်ရစ်သည့် အရိုးပြာကို မြန်မာပြည်တွင် ပြန်လည်မြှုပ်နှံရန် ဆန္ဒရှိကြောင်း သားဖြစ်သူ ဦးအောင်ကျော်ဇော က ပြောသည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ရုပ်ကလာပ်ကို ယမန်နေ့ နံနက် ၉နာရီ ခွဲခန့်က ကူမင်းမြို့အနီးရှိ အန်မင်း မီးသင်္ဂြိုဟ် စခန်းတွင်  မိသားစုက အကျဉ်းရုံး သင်္ဂြိုဟ် လိုက်သည်။
“လေးစားကြည်ညိုသူတွေ ကတော့ ရွှေတိဂုံခြေရင်းက သခင် ကိုယ်တော်မှိုင်း ဂူဘေးမှာ မြှုပ်စေချင်ပေမယ့်၊ ကျနော့် ဆန္ဒကတော့ တိုင်းရင်းသား ဒေသက တောင်တန်းတွေ ပေါ်မှပဲ မြှုပ်ဖို့ပဲ”ဟု ဦးအောင်ကျော်ဇောက ဆိုသည်။
ဗိုလ်မှူးချုပ်ကျော်ဇော ကိုယ်တိုင်လည်း ရှမ်းပြည်နယ်ရှိ ၀ ၊ ကိုးကန့်၊ မိုင်းလား စသည့် ဒေသများတွင် ကာလကြာမြင့်စွာနေထိုင်ခဲ့ဖူး ပြီး တိုင်းရင်းသား ချစ်ကြည်ရေးအတွက် အဆိုပါ ဒေသများတွင် ထားရှိရန် လိုလားခြင်းဖြစ်သည်ဟု ဦးအောင်ကျော်ဇော က ပြော သည်။
ဗိုလ်မှူးချုပ်ကျော်ဇောသည် ရဲဘော် သုံးကျိပ်ဝင်၊ ပြည်တွင်းစစ်ကာလ ရန်ကုန်မြို့နှင့် မြို့ကြီး များစွာကို ကရင်ကာ ကွယ်ရေး တပ် (KNDO)လက်မှ ကာကွယ်ပေးနိုင်ခြင်း၊ တရုတ်ဖြူ ကျူးကျော်ရေးတပ်များကို အောင်မြင်စွာ နှိမ်နှင်းခြင်း၊ သခင် ကိုယ်တော်မှိုင်းနှင့် တွဲဖက်ကာ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့ခြင်း စသည့်ဂုဏ်ရည်များကြောင့် ရွှေတိဂုံဘုရားခြေရင်းရှိ မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ် ကြီးများ၏ ဂူဗိမာန်များရှိရာတွင် မြှုပ်နှံရန် လေးစားကြည်ညိုသူများ က လိုလားလျက် ရှိသည်။
ယနေ့ထုတ် အစိုးရ သတင်းစာများတွင်လည်း ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကွယ်လွန်ခြင်းနှင့် ပတ်သက်ပြီး အကျယ်တ၀င့် ရေးသား ဖော်ပြထားသည်။
ထို့အပြင် အစိုးရ ငြိမ်းချမ်းရေး ၀န်ကြီး ဦးအောင်မင်းကလည်း ၀မ်းနည်းကြောင်း မိသားစုထံ စာရေးအကြောင်းကြားခဲ့ပြီး မိမိ ကိုယ် တိုင်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်မှူးချုပ် ကျော်ဇောကို အားကျ၍ တပ်မတော်ထဲ ၀င်ရောက်ခဲ့ကြောင်း၊ ယခုကဲ့သို့ ကွယ်လွန် သွားသည့်အတွက် ပုဂ္ဂိုလ်ရေးအရသာမက တာဝန်ရှိသူတဦးအနေဖြင့်ပါ ၀မ်းနည်းပါကြောင်း BBC သတင်းဌာနသို့ပြောကြားသည်။
ပြည်တွင်းရှိ လေးစားကြည်ညိုသူများကလည်း ရန်ကုန်မြို့ စမ်းချောင်းရပ် မြောင်းမြလမ်းရှိ ဗိုလ်မှူးချုပ် ကျော်ဇော၏ နေအိမ်တွင် ဆွမ်းကျွေးကာ ကောင်းမှုကုသိုလ်များ ပြုလုပ်မည်ဟု သိရသည်။
ဗိုလ်မှူးချုပ် ကျော်ဇောနှင့်အတူ ပြည်တွင်းစစ်ကာလနှင့် တရုတ်ဖြူ(ကူမင်တန်) ကျူးကျော်သူများနှင့် ပတ်သက်သည့် စစ်ဆင်ရေး များတွင် တာဝန်ယူခဲ့သူများမှာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦး၊ ဒု ၀န်ကြီးချုပ်ဟောင်း ဦးလွင်၊ ဗိုလ်မှူးကြီး ချစ်ခိုင်၊  ၀န်ကြီးချုပ်ဟောင်း သူရ ဦးထွန်းတင်၊ ဒု ဗိုလ်မှူးကြီး ခင်မောင်သောင်း(မိုးမိုးတာရောစံ)နှင့် အခြားအရာရှိများဖြစ်ကြ သည်။
ဝန်ကြီးချုပ်ဟောင်း သူရဦးထွန်းတင်၏ “ကျွန်တော် ကျင်လည်ခဲ့ရသော မြန်မာနှင့် ကမ္ဘာ”စာအုပ်တွင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော သည် စစ်မြေပြင်တွင် ရဲဘော်များနှင့်အတူ နေထိုင်စားသောက်ပြီး စာဖတ်ခြင်းနှင့် စစ်တိုက်ခြင်းတွင်သာ ၀ါသနာကြီးပြီး ရဲစွမ်း သတ္တိဖြင့် တိုက်ခိုက်သူဖြစ်သည့်အတွက် အရာရှိအရာခံ အကြပ်တပ်သားများက“တစ်ပွဲစား”ကြီးဟုပင် ကွယ်ရာ၌ ခေါ်ဝေါကြောင်း ရေးသား ထားသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment