မြန်မာသတင်းများ    ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၁၂


 

ဒေါ်စုနဲ့ ၈၈ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံ

၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

၂၂နှစ်အတွင်း ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်ပြန်လည်တွေ့ဆုံ – Daw Suu meets 88 generation leaders

 ၂၂ နှစ်တာကာလအတွင်း ၈၈ ကျောင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ညနေက တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များထဲမှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ၊ကိုဋ္ဌေးကြွယ်၊ကိုအောင်သူ၊ကိုပဏ္ဍိတ်၊ကိုအံ့ဘွယ်ကျော်တို့တက်ရောက်ခဲ့ကြသည်။ ယနေ့တွေ့ဆုံမှုတွင် အလုပ်သဘော ဆွေးနွေးမှုမပါရှိပဲ၊ ညနေစာ ထမင်းစားရင်း ရှေးဟောင်းနှောင်းဖြစ်များကိုသာ ပြောဆိုခဲ့ကြသည်ဟု တွေ့ဆုံရာတွင်ပါဝင်ခဲ့သူ ကိုပြုံးချိုက ပြောသည်။၁၉၈၉ ခုနှစ်မှ ယခုအချိန်ထိ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆုံတွေ့ဖို့အခွင့်အရေးမရခဲ့ကြပေ။

မြောက်ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှုဖြတ်ရန် မက်ကော်နယ်ပြော

မြန်မာအစိုးရအနေဖြင့် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံမှုများ ရပ်ဆိုင်းပါက အမေရိကန်နိုင်ငံ၏ ပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းရေးအတွက် ထောက်ခံပေးနိုင်ကြောင်း အမေရိကန် အထက်အလွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ်လ် က ပြောဆို လိုက်သည်။ မက်ကော်နယ်လ်သည် ယခုလလယ်ပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး သမ္မတ ဦးသိန်းစိန်နှင့် အစိုးရ အဖွဲ့ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် တိုင်းရင်းသားအရေး ပြေလည် လျှင် ပိတ်ဆို့ အရေးယူမှုရုပ်သိမ်းရေး စဉ်းစားမည်ဟုလည်း ပြောဆိုခဲ့ကြောင်း သိရသည်။


ရွေးကောက်ပွဲအနိုင်ရ မည်သည့်ပါတီမဆို ကြိုဆိုမည်ဟု ဦးရွှေမန်းပြော

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) ဒု ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြားဖြတ်ရွေးကောက်ပွဲ၌ တခြားသောနိုင်ငံရေး ပါတီများက အနိုင်ရလျှင်လည်း ၎င်းတို့ပါတီ အနေဖြင့် ဂုဏ်ပြုပေးရန် ၀န်မလေးဟု ပြောဆိုကြောင်း သိရသည်။ နေပြည်တော်၌ ပြီး ခဲ့သည့် ရက်ပိုင်းအတွင်းက  ပြုလုပ်ခဲ့သည့် ကြံ့ဖွံ့ပါတီ၏ အစည်းအဝေးတခုတွင် ဦးရွှေမန်းက ထိုသို့ ပြောခဲ့ခြင်းဖြစ်ပြီး၊ အနိုင်ရသူ များကို လွှတ်တော်က ကြိုဆိုနေမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ လည်း ဖြစ်သူ ဦးရွှေမန်းက ပြောဆိုထားကြောင်း သိရသည်။

ပါကစ္စတန် သမ္မတ နှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့တွေ့မည်

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ပါကစ္စတန် သမ္မတ Asif Ali Zardari သည် ယနေ့ နေ့လယ်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။ ပါကစ္စတန် သမ္မတနှင့် အဖွဲ့သည် ယမန်နေ့က သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များကို တွေ့ဆုံသည်။ ဦးသိန်းစိန်က ပါကစ္စတန်သမ္မတနှင့် အဖွဲ့ကို ညစာဖြင့် ဧည့်ခံသည်။ ပါကစ္စတန် သမ္မတ သည် ၎င်း၏၂ ရက်ကြာ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ကူးသန်း ရောင်းဝယ်ရေးနှင့် အပြန်အလှန် ဆက်ဆံရေးများ ဆွေးနွေးရန်ရှိကြောင်း သိရသည်။

မြိတ် NLD ကိုယ်စားလှယ်လောင်း ကန့်ကွက်မှုဖြင့်ကြုံ

တနင်္သာရီတိုင်း၊ မြိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်း
ဒေါ်တင်တင်ရီ အား အဖွဲ့ချုပ်ဝင် လူငယ်တဦးက မြိတ်မြို့ NLD ရုံးရှေ့တွင် အဖွဲ့ချုပ်တံဆိပ်ပါ အင်္ကျီအား မီးရှို့ကန့်ကွက်မှု တခု တနင်္လာနေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း
ဒေါ်တင်တင်ရီ မှာ မြိတ် NLD အကြပ်အတည်းများနှင့် ရင်ဆိုင်နေရချိန်တွင် ပါတီကို လစ်လျူရှုပြီး ရွေးကောက်ပွဲ ဝင်ချိန်ကျမှသာ အဆင်သင့် ဝင်ရောက် အရွေးခံသဖြင့် NLD ပါတီနှင့် မထိုက်တန်ကြောင်း ပြောဆိုကာ မြိတ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စာတမ်းနှင့် ပါတီတံဆိပ်ပါ အင်္ကျီအား မီးရှို့ကန့်ကွက်ခဲ့ခြင်းကို တွေ့မြင်ရသူ NLD အဖွဲ့ဝင်များက ပြောကြောင်း သိရသည်။

NLD ကို မဲပေးရေး ထိုင်းရောက် မြန်မာအလုပ်သမားများကို စည်းရုံး


ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအား ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကိုသာ မဲပေးကြရန်ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် မြန်မာအလုပ်သမားများအရေး ကူညီစောင့်ရှောက်ပေးနေသည့် အဖွဲ့တဖွဲ့က လှည့်လည် စည်းရုံးနေကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ကို Benazir Bhutto ဒီမိုကရေစီဆု ချီးမြှင့်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကစီအရေး၊ တရားမျှတမှု၊ တန်းတူညီမျှတမှုများ အတွက် ဘ၀ တသက်တာလှုပ်ရှား ရုန်းကန်တိုက်ပွဲဝင်မှုများကို ဂုဏ်ပြုသောအားဖြင့် ပါကစ္စတန်သမ္မတ Asif Ali ZardariကBenazir Bhutto ဒီမိုကရေစီဆု ချီးမြှင့်လိုက်ကြောင်း မြန်မာနိုင်ငံသို့ ခေတ္တအလည်အပတ် ရောက်ရှိနေသော ပါကစ္စတန် သမ္မတက ယနေ့ နေ့လယ် ၂ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ် ရိပ်သာလမ်း နေအိမ်၌ တွေ့ဆုံပြီးနောက် သတင်းထောက်များ၊ ပါကစ္စတန် အစိုးရအရာရှိများ ရှေ့မှောက်၌ ပါကစ္စတန်သမ္မတ၏ သား၊ သမီးတို့နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို အဆိုပါဆု ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဥရောပသမဂ္ဂက ပိတ်ထားသည့် ပြည်ဝင်ခွင့်ဗီဇာ ပြန်ပေးပြီ


မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့် အနေဖြင့် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားခြင်းကို ပယ်ဖျက် ကြောင်း ယမန်နေ့က ပြုလုပ်သည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေး ၀န်ကြီးများအစည်းအဝေးမှ ထုတ်ပြန်ကြေညာလိုက်သည်။ ဥရောပသမဂ္ဂ၏ ပိတ်ပင်ထားမှုများကို ရုပ်သိမ်းရာတွင် ပထမအဆင့်အနေဖြင့် သမ္မတ၊ ဒု သမ္မတ၊ လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားမှုမှ ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လူထုကို လုံခြုံမှုပေးနိုင်သည့် ဥပဒေပြဌာန်းပေးရန် တောင်းဆို


သရက်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြည်သူလူထုကို လုံခြုံမှုပေးနိုင်သော ဥပဒေတရပ် ပြဌာန်းပေးရန် လွှတ်တော်အတွင်း ၀င်ရောက်မည့် ကိုယ်စားလှယ် လောင်းများအား တောင်းဆို လိုက်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က ၈၈ မျိုးဆက်ကို အိမ်ထောင်ပြုရန် တိုက်တွန်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များအား နောင် မျိုးဆက်ကျန်ရှိစေရေး အတွက်အိမ်ထောင်ပြုကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ယမန်နေ့ညနေ ၆ နာရီက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် မိသားစု ညစာ မိတ်ဆုံးစားပွဲအဖြစ် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၉ ဦးတို့နှင့် တွေ့ဆုံရာတွင် ၎င်းက ထိုသို့ တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး အိမ်ထောင် ပြုခြင်းကြောင့် ၀န်ထုပ်ဝန်ပိုး တခု မဖြစ်စေသင့်ကြောင်းလည်း ပြောဆိုခဲ့ကြောင်း၊ ၎င်းတို့ တွေ့ဆုံချိန်မှာ ၂ နာရီခွဲခန့် ကြာမြင့်ကြောင်း  ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုအံ့ဘွယ်ကျော်က ဆိုသည်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတွင် ညီငယ်တဦးသာရှိပြီး ကိုအံ့ဘွယ်ကျော် တွင်လည်း မိခင်အိုကြီးသာ ရှိသောကြောင့် မိသားစု ကျောထောက်နောက်ခံ ရှိစေရေး၊ မျိုးဆက် ကျန်ရှိစေရေးကို ဒေါ်အောင်ဆန်းစုကြည်က ရည်ရွယ်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကြံ့ဖွံ့နိုင်မှ လွှတ်တော်ခိုင်မာ တောင့်တင်းမည်ဟု ဦးဌေးဦးပြော


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တွင်း အမတ်နေရာ အများစု အနိုင်ရယူထားရမည်ဖြစ်ပြီး ယင်းသို့ အနိုင်ရယူထားနိုင်မှသာလျှင် လွှတ်တော်အင်အား ခိုင်မာတောင့်တင်း မည်ဖြစ်ကြောင်း ဇန်န၀ါရီ ၂၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော ကြံ့ဖွံ့ပါတီ အထူးအစည်းအဝေးတွင် ဦးဌေးဦးက ပြည်နယ်/တိုင်းတာဝန်ခံများ၊လွှတ်တော်ကိုယ်စားလှယ်များကို အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဘတ်ဂျက်လိုငွေပြမှု လျော့ရန် စီမံကိန်းများကို လွှတ်တော်တွင် စီစစ်မည်
ကြာသပတေးနေ့တွင် စတင်ကျင်းပရန်ရှိသည့် တတိယအကြိမ် လွှတ်တော် အစည်းအဝေး များတွင် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေ ငွေစာရင်းကို အဓိကထား ဆွေးနွေးရန်ရှိပြီး စီမံကိန်းများ ကို စီစစ်ခြင်းဖြင့် အစိုးရအတွင်း လိုငွေပြမှုကို ထိန်းချုပ်နိုင်ရန်  ကြိုးပမ်းသွားမည်ဟု လွှတ်တော်အမတ်များက ပြောကြောင်း ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွက် ဝန်ကြီးဌာန အသီးသီးမှ လွှတ်တော်သို့ တင်ပြလာရန်ရှိသည့် စီမံကိန်းအချို့ကို လုပ်ဆောင်ရန်သင့်/မသင့် လွှတ်တော်တွင်း ဆွေးနွေးခြင်းဖြင့် ကြိုးစားထိန်းချုပ်သွားမည်လည်း ရခိုင်တိုင်းရင်းသား များ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်က ပြောကြောင်း သိရသည်။

လွတ်ငြိမ်းပြီး ၉ ရက်အကြာတွင် ကွယ်လွန်သူ ကိုသက်နွယ် (ငြိမ်းလူ) ၏ ဈာပန

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာပြီး ၉ ရက်အကြာတွင် ကွယ်လွန်သွား သည့် အသက် ၅၂ နှစ်အရွယ် ကိုသက်နွယ်(ငြိမ်းလူ) ၏ ဈာပနအား အင်္ဂါနေ့  ညနေ ၂ နာရီက ရေဝေးသုဿန်တွင် ကျင်းပခဲ့သည်။ဈာပနသို့ မိသားစုအပြင် ၈၈ မျိုးဆက်ကျောင်းသားများ ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီတို့ အပါအဝင် လူ ၃၀၀ ခန့် လိုက်ပါ ပို့ဆောင်ကြကြောင်း သိရသည်။

တမူးမြို့ဆိုင်ကယ် မတော်တဆ တိုက်မှု နှစ်ဦး သေဆုံး 

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နှင့် နန့်ဖာလုံကျေးရွာအကြားတွင် တနင်္လာနေ့ ည ၈ နာရီခန့်က မော်တော်ဆိုင်ကယ်နှစ်စီး မတော်တဆ တိုက်မှုကြောင့် နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။မြို့အထွက် တံတားအကျော် ‘အောက်လမ်းမကြီး’ပေါ်တွင် ဖြစ်ပွားခဲ့ပြီး မောင်းနှင်လာသူ တဦး နေရာတွင် ပွဲချင်းပြီး သေဆုံးကာ တဖက်ဆိုင်ကယ်အား မောင်းနှင်လာသူ နောက်တဦးမှာ တမူးမြို့နယ်ဆေးရုံတွင် အင်္ဂါနေ့ နေ့လည်ပိုင်းက သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ခရီးထွက်မယ်

 

အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ စည်းရုံးရေး ခရီးစဉ်အဖြစ် လာမယ့် ဇန်နဝါရီ ၂၉ ရက်က စပြီး မြိတ်၊ ထားဝယ်၊ မန္တလေးနဲ့ ပုသိမ်မြို့တွေကို သွားမယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာအက်ဖ်အေကို ဒီကနေ့ ပြောကြောင်း သိရသည်။

ကိုငြိမ်းလူ ဈာပန ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်

ဇန်နဝါရီ ၁၃ ရက်က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောင် က လွတ်မြောက်လာပြီးနောက် ပြီးခဲ့တဲ့စနေနေ့က ကွယ်လွန်သွားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နွယ် (ခေါ်) ကိုငြိမ်းလူရဲ့ ရုပ်ကလာပ်ကို ရေဝေးသုသာန်မှာ ဒီကနေ့ နေ့လယ်ပိုင်းက သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ပဲခူး NLD ဂုဏ်ပြု

 

နိုင်ငံရေး အကျဉ်းသားဟောင်း ၆၄ ဦး ကို ပဲခူးမြို့ အန်အယ်လ်ဒီ မိသားစုဝင် တွေက ပဲခူးမြို့ ဂရမ်းဆိုရှယ် (Grand Social) ခန်းမဆောင်မှာ ဒီကနေ့ မနက်ပိုင်းက ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

ထားဝယ် အထူးစီးပွားရေးဇုံ စီမံကိန်းမှာ ပြည်ပ အစုရှယ်ယာရှင်တွေလို

 

ထားဝယ် အထူးစီးပွားရေးဇုံ စီမံကိန်း ရင်းနှီးမြုပ်နှံမှုမှာ မြန်မာနဲ့ ထိုင်း အစိုးရအပြင် ပြည်ပ အစုရှယ်ယာရှင်တွေပါ ဟန်ချက်ညီညီ ပါဝင်ဖို့ လိုအပ်တယ်လို့ စီမံကိန်း အကောင် အထည်ဖော်မယ့် ITD အီတာလျံ-ထိုင်း ကုမ္ပဏီ ထိပ်တန်း အရာရှိတစ်ဦးက ပြောလိုက်ကြောင်း သိရသည်။

ပါကစ္စတန်သမ္မတနဲ့ အိန္ဒိယ၀န်ကြီးချုပ်တို့ မြန်မာနိုင်ငံကို လာမည်

မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးဖို့နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ ပါကစ္စတန်နိုင်ငံ သမ္မတ မစ္စတာဇာဒါရီဟာ မြန်မာနိုင်ငံကို နှစ်ရက်တာ ခရီးစဉ်အဖြစ် ဒီကနေ့ ရောက်လာဖို့ ရှိကြောင်း သိရသည်။

ပိတ်ဆို့အရေးယူမှုတွေ စလျှော့ဖို့ အီးယူနိုင်ငံတွေ သဘောတူ

 

မြန်မာအစိုးရရဲ့ ပြုပြင် ပြောင်းလဲရေးတွေကို အားပေး ထောက်ခံတဲ့ အနေနဲ့ ပိတ်ဆို့ အရေးယူမှုတွေကို စတင် လျှော့ချသွားဖို့ ဥရောပသမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံတွေ တနင်္လာနေ့က သဘောတူခဲ့ ကြကြောင်း သိရသည်။

ပါကစ္စတန်သမ္မတ နေပြည်တော် ရောက်

 

ပါကစ္စတန်သမ္မတ Asif Ali Zardari ဟာ နှစ်ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို့ရောက်လာကြောင်း သိရသည်။

ပါကစ္စတန် သမ္မတ မြန်မာပြည်လာမည်

ပါကစ္စတန် သမ္မတ အဆစ်ဖ် အလီဇာဒါရီ (Asif Ali Zardari) ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ဖို့ ရှိနေပါကြောင်း သိရသည်။

ထိပ်တန်း အစိုးရအရာရှိတွေ အပေါ် အီးယူ ဗီဇာပိတ်ပင်မှု ရုပ်သိမ်း 

 

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တွေကို တုံ့ပြန်တဲ့အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှု တချို့ကို ဥရောပသမဂ္ဂက လျှော့ပေးလိုက်ကြောင်း သိရသည်။

ဦးရွှေထူး လွတ်မြောက်ရေး မိသားစုက လက်ရှိကြံ့ဖွံ့အစိုးရထံ စာရေးသားပေးပို့

စစ်အစိုးရဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား ဦးရွှေထူး လွတ်မြောက်ရေး မိသားစုက လက်ရှိကြံ့ဖွံ့အစိုးရထံ စာရေးသားပေးပို့
မိုးမခက လက်ခံရရှိသော မိသားစု၏ ပေးစာတွင် ၁၉ ၉ ၈ ခုနှစ်ကတည်းက စစ်အစိုးရ ဖမ်းဆီး ထောင်ချထားသော (ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ) နိုင်ငံရေးအကျဉ်းသား ဦးရွှေထူးကို မတရားထောင်ဒဏ်များက လွတ်ငြိမ်းရန် လက်ရှိ ကြံ့ဖွံ့အစိုးရက ဆောင်ရွက်ခြင်းမပြုဘဲ ကျန်ရစ်နေကြောင်း၊ လက်ရှိအစိုးရက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ ကျန်ရှိသေးပါက ထုတ်ဖော်ပြောဆိုကြရန် တိုက်တွန်းထားသောကြောင့် မိသားစုက ထုတ်ဖော်တင်ပြကြောင်း ရေးသားထားသည်။
၎င်းတို့ပေးစာကို အောက်ပါအတိုင်း ဖတ်ရှုရပါသည်။
(ဓာတ်ပုံ – အေအေပီပီ၊ အကျဉ်းထောင်ခန်းအတွင်း ချုပ်နှောင်ခံထားရဆဲ ဦးရွှေထူး၏ မြင်ကွင်း)
သို့
ဒုတိယဗိုလ်ချုပ်ကြီးကိုကို
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
နေပြည်တော်။
နေ့စွဲ။။ ၁၇.၁.၂၀၁၂
 အကြောင်းအရာ။။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသည့် ကျန်ရစ်သူအကျဉ်းသား      ဦးရွှေထူး လွတ်မြောက်ရေးကိစ္စ                            
ဦးရွှေထူး၏ကိုယ်ရေးအကျဉ်း။။မြန်မာ့တပ်မတော် တပ်မဟာ (၁၃) တပ်မင်းကြီး ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘဖြူ (ငြိမ်း) နိုင်ငံ့ဂုဏ်ရည် ပထမအဆင့် နှင့် ဒေါ်မြသွေးတို့မှ (၂၀) ရက် နိုဝင်ဘာလ ၁၉၄၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ မွေးချင်းငါးယောက်အနက် ဒုတိယမြောက်သားဖြစ်ပြီး၊ အသက်(၂၀)အရွယ်တွင် ပညာရေးဝန်ထမ်းဘ၀ဖြင့် အ.ထ.က (၁) ကျောက်မဲမြို့ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ (၁၉၆၆) ခုနှစ်တွင် ဒေါ်ခင်ဆွေရီ နှင့် အိမ်ထောင် ပြုခဲ့သည်။ သားတစ်ယောက်ဖွားမြင်ခဲ့သည်။ (၁၉၈၆) ခုနှစ်တွင် အ.ထ.က (၁) မန္တလေးမြို့ မန္တလေးတိုင်းအတွင်း အထက်တန်းပြဆရာအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင် ခဲ့သည်။ (၁၉၈၆) ခုနှစ်တွင် ပညာရေးဝန်ထမ်းဘ၀မှ အငြိမ်းစားယူခဲ့သည်။ (၁၉၈၈) ပြည်လုံးကျွတ် အရေးအခင်းတွင် နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်ခဲ့သည်။ (၁၉၉၃)တွင် အမျိုးသားထောက်လှမ်းရေး ၁၆ မှ စွဲချက်တင်ပြီး အထူးတရားရုံးမှ ပုဒ်မ (၅) (ည) (၁၇/၁) အရ ၃ နှစ်ချမှတ်ပြီး တစ်ပေါင်းတည်း အပြစ်ဒဏ်အဖြစ် (၃) နှစ်ကျခံစေရန် ချမှတ်ခဲ့သည်။ အပြစ်ဒဏ်သတ်မှတ်ချက်နှစ်စေ့၍ ပြန်လွတ်ခဲ့သည်။
(၁၉၉၈) ခုနှစ် မေလထဲတွင် အမျိုးသားထောက်လှမ်းရေး (၁)မှ ဖမ်းဆီးပြီး ၁၂၄ (က) အရ အနှစ် (၂၀)၊ ဖောက်ခွဲ (၅) အရ ထောင်ဒဏ် ၁၄နှစ် ၊ ပုဒ်မ ၁၇ (၂) အရ ထောင်ဒဏ် (၅) နှစ်၊ ပုဒ်မ ၁၉ (စ) အရ ထောင်ဒဏ် (၃)နှစ် ချမှတ်ခဲ့သည်။ ပြစ်ဒဏ်ချမှတ်သည့်ကာလအစပိုင်းတွင် အိုးဘိုးအကျဉ်းထောင် (မန္တလေး) ၌ အကျဉ်းကျခံခဲ့ရသည်။ အကျဉ်းကျခံစဉ်ကာလအတွင်း (၃၀) ရက် မေလ ၂၀၀၀ ခုနှစ်တွင် တောင်လေးလုံး အကျဉ်းထောင် (တောင်ကြီး) ရှမ်းပြည်နယ်သို့ရွှေ့ပြောင်းခံခဲ့ရသည်။ အကျဉ်းကျခံ ရစဉ်ကာလမှ ယခုအချိန် အထိ ၁၄ နှစ်နီးပါး တောင်လေးလုံး အကျဉ်းထောင်တွင်ကျခံနေရဆဲဖြစ်သည်။
ဦးရွှေထူးအပေါ်စွဲဆိုထားသောပုဒ်မများနှင့်ပတ်သက် ၍ဖြေရှင်းချက်များ။။ ၁၉၉၈ ခုနှစ် မေလ (၂၉) ရက်တွင် ဦးရွှေထူး (ခ) ဦးအောင်ဇေယျအား ၁၉၈၈ ခုနှစ် အရေးအခင်းကဲ့သို့ ဖန်တီး နှိုးဆော်ရန်ကြံရွယ်သည်ဟု စွပ်စွဲပြီး အမျိုးသားထောက်လှမ်းရေး (၁) မှ ဖမ်းဆီး ပြစ်ဒဏ်ချမှတ်ခဲ့ရာတွင် အောက်ပါပုဒ်မများဖြင့် စွဲချက်တင်ခံခဲ့ရသည်။ ယင်းပုဒ်မများအနက်
၁။ ပုဒ်မ ၁၂၄ (က) အရ ခုနှစ်ဦးအား အနှစ် (၂၀) ချမှတ်ခဲ့ရာတွင် ငါးဦး ပြန်လည်လွတ် မြောက်လာပြီး ဦးရွှေထူး တစ်ယောက်သာ ကျန်ရစ်၍ အပြစ်ဒဏ်ကျခံနေရဆဲဖြစ်ပါသည်။
၂။ ပုဒ်မ ဖောက်ခွဲ (၅)အရ ဦးရွှေထူးနှင့်အခြားတစ်ဦးအား ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့ရာ ကျန် တစ်ဦးမှာ ပြန်လည်လွတ်မြောက်ပြီး ဦးရွှေထူးသာ ကျန်ရစ်ခဲ့ပါသည်။ ဤဖြစ်စဉ်တွင် ဖောက်ခွဲရေးပစ္စည်း တစ်စုံတစ်ရာသော်လည်းကောင်း၊ ဖောက်ခွဲဖျက်ဆီးမှု အကြောင်းအရာ တစ်စုံတစ်ခုသော်လည်းကောင်း တင်ပြနိုင်ခြင်းမရှိပါ။
၃။ ၁၉(စ)အရ ဦးရွှေထူးတစ်ဦးအား ထောင်ဒဏ် (၃)နှစ် ချမှတ်ခဲ့သည်။ ဤဖြစ်စဉ်တွင် ၄င်းလေ သေနတ်နံပါတ် (၁) မှာ ဦးရွှေထူးကျောင်းသားဘ၀ ( ခြောက်တန်း ၊ ၁၉၅၉ ) တွင် ဘခင်ဖြစ်သူ ဗိုလ်မှူးကြီးဘဖြူ (ထိုအချိန်က ဗမာ့တပ်မတော် တပ်မဟာမှူး ၁၃ ဦးအနက်မှ တပ်မဟာ ၁၃ ၏ တပ်မင်းကြီး) က သားဖြစ်သူ၏ ပညာရေးထူးချွန်မှုကို လက်ဆောင်ပေးခဲ့ခြင်းသာဖြစ်သည်။ ထိုခေတ်က ဤလေသေနတ် နံပါတ် (၁) (Air Diana) အမျိုးအစားမှာ ဥပဒေအရ လိုင်စင်ပြုလုပ်ရန်မလိုပါ။ ဖမ်းဆီးစဉ်ကာလကလဲ ၄င်းလေသေနတ်မှာ အသုံးပြု၍ လုံးဝမရဘဲ ကျိုးပဲ့ပျက်စီးနေပြီ ဖြစ်ပါသည်။ ဖခင်၏ အမှတ်တရလက်ဆောင်ပစ္စည်းအဖြစ် ဦးရွှေထူးက သိမ်းဆည်းထားခြင်းသာ ဖြစ်ပါသည်။
၎။ ပုဒ်မ ၁၇ (၂) အရ ဦးရွှေထူုးနှင့် ကိုမောင်မောင်တို့အား ပြစ်ဒဏ် ငါးနှစ်ချမှတ်ခဲ့ရာ ကိုမောင်မောင်သည် ၂၀၁၁ ခုနှစ် အောက်တိုဘာလက လွတ်မြောက်လာသော်လည်း ဦးရွှေထူးမှာ ပြစ်ဒဏ်ကျခံနေရဆဲ ဖြစ်ပါသည်။
အထက်ပါဖြစ်စဉ်တွင် ပုဒ်မ ၁၂၄ (က) အရ (၇) ဦး ၊ ပုဒ်မ ၅ (ည) အရ (၁၇) ဦး ၊ ပုဒ်မ ၁၇ (၂) အရ တစ်ဦး စုစုပေါင်း ၂၅ ဦးအနက် ၂၄ ဦးမှာ လုံးဝလွတ်မြောက်လာသော်လည်း ဦးရွှေထူး တစ်ဦးထဲသာ ကျန်ရစ် နေခဲ့ခြင်းဖြစ်ပါသည်။ ဦးရွှေထူးအား စွဲဆိုထားသော ဖောက်ခွဲ (၅)၊ ပုဒ်မ ၁၂၄(က)၊ ပုဒ်မ ၁၉(စ) တို့သည်လည်း အမှန်အားဖြင့် ပြစ်မှုမမြောက်ဘဲ သံသယဖြင့်စွပ်စွဲကာ ပြစ်ဒဏ်ချမှတ်ထားခြင်းသာဖြစ်ပါသည်။
ဦးရွှေထူးကို ဤပုဒ်မများနှင့် စွဲဆိုခဲ့သည်မှာ ထောက်လှမ်းရေးလက်ထက်က ဖြစ်ပါသည်။ သို့သော် ၂၀၀၄ အောက်တိုဘာ ၂၂ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက အမျိုးသားထောက်လှမ်းရေးအဖွဲ့ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေပြဌာန်း၍ အမျိုးသားထောက်လှမ်းရေး အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဖြစ်ပါသည်။
ထိုသို့ဖျက်သိမ်းရာတွင် “အဆိုပါ အမျိုးသားထောက်လှမ်းရေးအဖွဲ့၏ ဆောင်ရွက်ခဲ့မှုများ အနက် မလျော်ကန်သော ဆောင်ရွက်ချက်များပါဝင်နိုင်ကြောင်း သုံးသပ်ရရှိသည်။ ထို့ကြောင့် ယင်းသို့ မလျော်မကန် ဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ပြီး အကျဉ်းသား ၃၉၃၇ ဦးတို့အား ယနေ့ ၁၃၆၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် (၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် ) မှ စ၍ ပြစ်ဒဏ်ကျခံနေရခြင်းကို ရပ်စဲပေး လိုက်ပြီး သက်ဆိုင်ရာအကျဉ်းထောင်အသီးသီးမှ ပြန်လည်စေလွှတ် ပေးသွားမည်ဖြစ်သည်” ဟူ၍ ကြေငြာချက် ထုတ်ပြန်ခဲ့ပါသည်။ ထိုကြေငြာချက်အရ ဦးရွှေထူးနှင့် အမှုတွဲအတူတူများထဲမှ (၁၁) ယောက်ကိုပြန်လည် လွှတ်ပေးခဲ့ပြီး ဖြစ်ပါသည်။
ဤသို့ “မလျော်ကန်သော ဆောင်ရွက်ချက်များ” ဟု သုံးသပ်ထားချက်တွင် ဦးရွှေထူးကိုစွဲဆို ထားသည့် ပုဒ်မများလည်းပါဝင်နိုင်ပါသည်။ ဤ “မလျော်ကန်သော ဆောင်ရွက်ချက်နှင့်” လုပ်ဆောင် ထားသည့် “သံသယရှိစရာစွဲချက်” တွင် “သံသယ” ၏အကျိုးကို ဦးရွှေထူး ခံစားထိုက်ပါသည်။ ဥပဒေ၏ မျက်နှာသာပေးမှုကို အပြည့်အ၀ ရရှိနေကြသူများရှိပါလျက် ဦးရွှေထူးတစ်ယောက်တည်းသာ ကျန်နေခဲ့ရ ခြင်းမှာ မသင့်လျော်ပါ။
ထို့ပြင် ဇန္န၀ါရီလ ၁၄ ရက် ၂၀၁၂ ကနေပြည်တော် ၌ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တွင် ပြည်ထောင်စုဝန်ကြီးက “ဒီစာရင်းအတိုင်းဆိုရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူများ အကျဉ်းထောင်တွေမှာ မရှိတော့ပါဘူး၊ ကျန်ရှိတယ်လို့ ယူဆပါက စာရင်းပေးပို့နိုင်ပါတယ်။ စာရင်းမှာ ပါလာတဲ့ နာမည်နဲ့ အကျဉ်းထောင်ထဲက နာမည်ရှိတယ်ဆိုရင်စီစစ်ပြီး ပြန်လွှတ်ပေးသွားမှာပါ” ဟုပြော ကြားခဲ့ပါသည်။ ဤကဲသို့သောပြောကြားချက်ကို “ယုံကြည်စိတ်ချစွာ” ဖြင့် ယခုဤစာကို ရေးသားပေး ပို့လိုက်ခြင်းဖြစ်ပါသည်။
 မိတ္တူကို
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ပေးပို့ပါသည်။                                   

 Lwin pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  





 

0 comments:

Post a Comment