အမြင်ကျဉ်းဝါဒီများနှင့် အင်္ဂလိပ်စာဆန့်ကျင်ရေး
မြန်မာနိုင်ငံ အင်္ဂလိပ်စာသင်ကြားရေး
၁၈၃၅ ခုနှစ်တွင် အိန္ဒိယအစိုးရ ဥပဒေတာဝန်ခံ လော့ဒ် မက်ကောလေးက ပညာရေးအကြံပြုစာတမ်း တစ်ခုကို ထုတ်ပြန်ရာတွင်
၁။ အရှေ့တိုင်းပညာ လေ့လာမှုအစား အင်္ဂလိပ်ဘာသာစာပေကိုလေ့လာရန်၊ အားပေးရန်၂။ အင်္ဂလိပ်ဘာသာကို သင်ကြားမှုမဏ္ဍိုင်အဖြစ် အသုံးပြုရန်
၃။ အသားအရောင်အားဖြင့် ညိုသော်လည်း အင်္ဂလိပ်ဘာသာ တတ်ကျွမ်း၍ အင်္ဂလိပ်လိုတွေးခေါ်ကာ၊ အင်္ဂလိပ်စိတ်ပေါက်နေသော လူတန်းစားတစ်ရပ်မွေးထုတ်၍ ယင်းတို့ကို တိုင်းရင်းသားလူမျိုးများနှင့်
အုပ်စိုးသူတို့အကြားတွင် ပေါင်းကူးတံတားသဖွယ်ဆောင်ရွက်ရန်ဟူ၍ အဓိကမူသုံးရပ်ကိုချမှတ်ကာ ကိုလိုနီ ခေတ်တွင် အင်္ဂလိပ်စာကို သင်ကြားပေးခဲ့သည်။ ဗြိတိသျှအစိုးရကလည်း မက်ကောလေးအကြံပြုချက် အတိုင်းလက်ခံပြီး ကိုလိုနီပညာရေးစနစ်ကို အကောင်အထည်ဖော်ခဲ့သည်။
၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို အကြောင်းပြုပြီး နယ်ချဲ့အင်္ဂလိပ်တို့ကိုဆန့်ကျင်ရေးနှင့် ပထမအကြိမ် ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ် စတင်ပေါ်ပေါက်လာခဲ့သည်။ သပိတ်ကိုအကြောင်းပြု ပြီး ကိုလိုနီပညာရေးနှင့် ကိုလိုနီအုပ်ချုပ်ရေးကို ဆန့်ကျင်ကာ အမျိုးသားပညာရေး အကောင်အထည်ဖော် ကြသည်။ အမျိုးသားကျောင်းများကို ၁၉၂၁ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ကြသည်။
အမျိုးသားပညာရေး၏ အဓိကရည်ရွယ်ချက်များတွင် “မြန်မာဘာသာကို အဓိကမဏ္ဍိုင်ဘာသာအဖြစ်အသုံး ပြုရန်” ဆိုသည့် ရည်ရွယ်ချက် တစ်ချက်ပါဝင်နေသည်။ ထို့ပြင် “မြန်မာ့နည်း မြန်မာ့ဟန် မြန်မာ့ ယဉ်ကျေးမှုကို အခြေခံရန်နှင့် ဗုဒ္ဓဘာသာ သင်ခန်းစာများ၊ မြန်မာစာပေ၊ မြန်မာသမိုင်း၊ ပြည်သူ့နီတိနှင့် နိုင်ငံရေးအခြေခံ များသင်ကြားရန်” ဆိုသည့် ဦးတည်ချက်ကလည်း မြန်မာစာကိုဦးစားပေးရန် ဖြစ်လာစေသည်။
၁၉၄၂-၄၃ ဂျပန်ခေတ်တွင် “ကမ္ဘာ့အဆင့်မီပညာရေးစနစ်တစ်ခုကို ဖော်ထုတ်မည်” နှင့် “မြန်မာဘာသာကို သင်ကြားမှုမဏ္ဍိုင်အဖြစ်ပြဋ္ဌာန်းမည်။ အင်္ဂလိပ်ဘာသာအစား ဂျပန်ဘာသာသင်ကြားမည်” ဟူ၍ သတ်မှတ် ခဲ့ပါသည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်တွင်လည်း “သင်ကြားမှုမဏ္ဍိုင်ဘာသာအဖြစ် မြန်မာဘာသာကို ပြဋ္ဌာန်းရန်” ဆိုသည့်မူကို ဆက်လက်ကျင့်သုံးပါသည်။
တော်လှန်ရေးကောင်စီခေတ်
ပညာရေးတွင် ပြုပြင်ပြောင်းလဲကြည့်ခြင်းကို တော်လှန်ရေးကောင်စီခေတ် မြန်မာနိုင်ငံတော်၏ အာဏာကို တော်လှန်ရေးကောင်စီအနေဖြင့် စတင်တာဝန်ယူသည့် ၁၉၆၂ ခုနှစ်မှစတင်သည်ဟု ဆိုနိုင်ပါသည်။ တော်လှန်ရေးကောင်စီခေတ်ကို ၁၉၆၂ ခုနှစ်မှ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုသည့် ၁၉၇၄ ခုနှစ် ဇန်န၀ါရီလအထိဟူ၍ သတ်မှတ်နိုင်ပါသည်။
တော်လှန်ရေးကောင်စီခေတ်တွင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုများကို ပြုပြင်ပြောင်းလဲလာသကဲ့သို့ ပညာရေးတွင်လည်း ပညာရေးစီမံခန့်ခွဲမှုများအား ပြုပြင်ပြောင်းလဲလာကြောင်းတွေ့ရသည်။
တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ်မတိုင်မီ ပညာရေးကို ကိုလိုနီပညာရေးအား အလျဉ်းသင့်သလို မွမ်းမံ ဖာထေးထားသည့် ပညာရေးစနစ်ဟူ၍ သတ်မှတ်ထားသည်။ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားအတွက် စာရေး၊ စာချီနှင့် အရာရှိအရာခံ ထုတ်လုပ်ရေးသာ အဓိကဖြစ်သည်။
လက်တွေ့ဘ၀နှင့် စပ်ဟပ်ခြင်းမရှိ၊ နိုင်ငံခြားလောင်းရိပ်မိကာ ပုံတူကူးချမှုများရှိနေသည်ဟု သုံးသပ်သည်။ ထိုအယူအဆမှာ အမျိုးသားရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေးဖြင့် တော်လှန်ရေးကိုဆောင်ရွက်ခဲ့သူများ၏ ကျွန်စိတ်ဓာတ်ဆန့်ကျင်ရေးအယူအဆ လက်ကျန်အငုတ်များကို ဆက်လက် အကောင်အထည်ဖော်ထုတ်ခြင်းသာ ဖြစ်သည်ဟု ယူဆမိပါသည်။
တော်လှန်ရေးကောင်စီ၏ ပညာရေးမူဝါဒများ
တော်လှန်ရေးကောင်စီတက်ပြီးနောက် ၁၉၆၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ကြေညာခဲ့သည်။ ထို့ကြောင့် ပြုပြင်ပြောင်းလဲမှုများကို တော်လှန်ရေးကောင်စီက ပြုလုပ်ရာတွင် ပညာရေး ကိုပါ စနစ်သစ်ပညာရေးအဖြစ် ပြဋ္ဌာန်းဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။
တော်လှန်ရေးကောင်စီအနေဖြင့် စနစ်သစ်ပညာရေးသည် ပညာရေးစနစ်ကို သာမန်ဖာထေး ပြောင်းလဲနေခြင်းမဟုတ်ဘဲ လူမှုစနစ်သစ် တစ်ရပ်အတွက် လိုအပ်သောပညာရေး တော်လှန်ရေးကိုပါ ဆင်နွှဲနေခြင်းဖြစ်ကြောင်း ခံယူကာ လုပ်ဆောင်နေခြင်းဖြစ်သည်။ ပညာရေးစနစ်သစ်၏ အောင်ပွဲသည် ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးအောင်ပွဲ အဖြစ်ပါလက်ခံကျင့်သုံး အကောင်အထည်ဖော်ခဲ့ကြောင်း တွေ့ရသည်။
၁၉၆၄ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ပိတ်ထားသော တက္ကသိုလ်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ သည်။ စနစ်သစ်တက္ကသိုလ်ပညာရေးတွင် ဆိုရှယ်လစ်စနစ်နှင့် ဆိုရှယ်လစ်ခေတ်ကို အထောက်အကူပြုနိုင် မည့် လုပ်သားကောင်းများပေါ်ထွန်းရေးဆိုသည့် ဆိုရှယ်လစ်စိတ်ဓာတ်များကို အတင်းရိုက်သွင်းထား ကြောင်းတွေ့ရသည်။
စနစ်သစ်ရည်မှန်းချက်ချက်များတွင်
၁။ မြန်မာ့ဆိုရှယ်လစ်လောကကို တည်ဆောက်ရာတွင် ကျွမ်းကျင်စွာ ပါဝင်လုပ်ဆောင်မည့် ပညာရှင်များ မွေးထုတ်ပေးရန်
၂။ ဆိုရှယ်လစ်စီးပွားရေး၊ လူမှုရေးစသော လုပ်ငန်း အရပ်ရပ်တွင် တိုးတက်မှုရှိအောင် စွမ်းဆောင်နိုင်မည့် ပညာရှင်များ မွေးထုတ်ပေးရန်
၃။ အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုမည့် ပညာနှင့်သိပ္ပံပညာတို့ကို ဦးစားပေး၍ လေ့ကျင့် သင်ကြားရန်
၎။ ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးလုပ်ငန်း အောင်မြင်မှုကို ရှေးရှုကာ သုတေသန လုပ်ငန်းများကို ဆောင်ရွက်ရန်
၅။ ဆိုရှယ်လစ်အတွေးအခေါ်နှင့် လျော်ညီသည့် စိတ်ထားနှင့်လည်းကောင်း၊ လျော်ညီသည့် ကျင့်ဝတ် သိက္ခာတို့နှင့်လည်းကောင်း ပြည့်စုံအောင် လေ့ကျင့်သင်ကြားရန်
၆။ လုပ်အား ဂုဏ်ယူစိတ်ရှိအောင် လေ့ကျင့်သင်ကြားပေးရန်
၇။ မြန်မာ့ဆိုရှယ်လစ်လောကကို တည်ဆောက်ရာတွင် ပါဝင်နေကြသော လုပ်သားပြည်သူတို့၏ ပညာ အမြော်အမြင်ကိုလည်းကောင်း၊ ကျွမ်းကျင်မှုကိုလည်းကောင်း အစဉ်မပြတ် တိုးတက်ဖွံ့ဖြိုးအောင် စီမံဆောင်ရွက်ရန်တို့ဖြစ်ပါသည်။
နိုင်ငံတော်မူဝါဒအရ ဆိုရှယ်လစ်စနစ်ကို ဦးတည်သွားတော့မည်ဖြစ်သဖြင့် ဆိုရှယ်လစ်ပညာရေးဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်နေသော်လည်း ပညာရှင်အများစုသည် ဖြစ်သင့်သည်ထက် ဖြစ်ချင်သည် ကို လိုက်လံ အကောင်အထည်ဖော်ပေးနေရသလိုဖြစ်နေကြောင်း တွေ့ရသည်။
အထူးသဖြင့် တော်လှန်ရေး ကောင်စီ၏ မူဝါဒများ လမ်းညွှန်ချက်များအတိုင်း ဖော်ဆောင်နေပါသည်။ သိသာထင်ရှားသည့် ကိစ္စတစ်ရပ် မှာ “မြန်မာဘာသာကို သင်ကြားမှုမဏ္ဍိုင်အဖြစ်သတ်မှတ်လိုက်ခြင်း” ဖြစ်သည်။
ဆိုရှယ်လစ်အတွေးအခေါ်အရ အသွင်အမျိုးမျိုး ပုံသဏ္ဍန်အဖုံဖုံတို့ဖြင့် ထိုးဖောက်ဝင်ရောက်လာနေသော နိုင်ငံခြားအလေ့အကျင့်၊ နိုင်ငံခြားဓလေ့ထုံးစံ၊ မှားယွင်းသော အတွေးအခေါ် အယူအဆစသော နိုင်ငံခြား ယဉ်ကျေးမှု လွှမ်းမိုးခြင်းများကို တားဆီးဖယ်ရှားနိုင်ရန်အတွက်ဟူသည့် အကြောင်းပြချက်ဖြင့်လည်း ၁၉၆၃ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေကိုပြဋ္ဌာန်းကာ ၁၉၆၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျောင်းများကို ပြည်သူပိုင် သိမ်းခဲ့သည်။
အခြေခံတွင် အင်္ဂလိပ်စာ အခြေမခိုင်တော့ခြင်း
၁၉၆၁-၆၂ ပညာသင်နှစ်မှစတင်ပြီး မူလတန်းလွန်ပညာရေးအဖွဲ့က ပြဋ္ဌာန်းသော သင်ရိုးညွှန်းတမ်းအသစ် ဖြင့် သင်ကြားရာတွင် မူလတန်းအဆင့်၌ အင်္ဂလိပ်စာကို သင်ကြားခြင်း မရှိတော့ပေ။ မြန်မာစာ၊ အခြေခံ သင်္ချာ၊ နိုင်ငံသမိုင်း၊ ပထ၀ီဝင်၊ အခြေခံ အထွေထွေသိပ္ပံဘာသာရပ်များကိုသာ စာမေးပွဲဘာသာများအဖြစ် ပြဋ္ဌာန်းလိုက်သည်။ အလယ်တန်းအဆင့်မှစတင်ပြီး အင်္ဂလိပ်စာကို စတင်သင်ကြားသည်။ အထက်တန်း အဆင့်တွင်လည်း မယူမနေရဘာသာရပ်ထဲတွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာဘာသာရပ်များကို ထည့်သွင်းသင် ကြားသည်။
၁၉၇၇-၇၈ ခုနှစ် စာသင်နှစ်မှစတင်ပြီး အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို နိုင်ငံတော်၏ ပြောင်းလဲနေ သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေအရပ်ရပ်တို့ကြောင့် ၁၉၈၅-၈၆ စာသင်နှစ်မှစတင်ပြီး သင်ရိုးညွှန်းတမ်းအသစ်ဖြင့် ပြောင်းလဲသင်ပြန်သည်။ ၁၉၈၁ ခုနှစ် စာသင်နှစ်မှစတင်ပြီး မူလတန်းအဆင့် တွင် အင်္ဂလိပ်စာကို ပြန်လည်သင်ကြားရသည်။ နှစ်ပေါင်း ၂၀ ခန့် အခြေခံမှစတင်ပြီး အင်္ဂလိပ်စာနှင့် အဆက်အသွယ်ပြတ်ခဲ့ရခြင်းဖြစ်သည်။
တက္ကသိုလ်အဆင့်တွင် မြန်မာဘာသာဖြင့်သာ သင်ကြားလာခြင်း
တော်လှန်ရေးကောင်စီက အင်္ဂလိပ်စာသင်ကြားရေးကို အဆင့်လျှော့ချနေချိန်တွင် ဖြစ်သင့်သည်ထက် ဖြစ် ချင်သည်ကို လိုက်လံအကောင်အထည်ဖော်ပေးနေကြသည့် ပညာရှင်များကလည်း “မည်သည့်ပညာရပ်ကို မဆို အထိရောက်ဆုံးသင်ကြားနိုင်ရေးမှာ တိုင်းရင်းသားဘာသာပင်ဖြစ်ကြောင်း” “ဤစနစ်မှာ စပ်ကူး မတ်ကူးကာလတွင် အခက်အခဲများ ရှိတန်သလောက် ရှိနိုင်သော်လည်း ရေရှည်တွင် အကျိုးထူးရှိမည့် စီမံချက်ဖြစ်ကြောင်း” ၀ိုင်းဝန်းထောက်ခံပေးကြသည်။ ပြီးနောက် ဘီအေ၊ ဘီအက်စ်စီ၊ ဒီဂရီအဆင့်အထိ မြန်မာဘာသာဖြင့် သင်ကြားနိုင်ရေးအတွက် စီမံကြတော့သည်။
၁၉၆၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ချမှတ်သည့် တက္ကသိုလ်ပညာရေးစနစ်သစ်မူတွင် ပညာရပ်အား လုံးကို မြန်မာဘာသာဖြင့်သင်ကြားရေးသည် အခြေခံမူတစ်ရပ်ဖြစ်လာသည်။ ထို့ကြောင့် ဘာသာရပ်အား လုံးကို မြန်မာဘာသာဖြင့်ပြန်ဆိုထားသော ကျောင်းသုံးစာအုပ်များနှင့် ရည်ညွှန်းစာအုပ်များကို ၁၉၆၆ ခုနှစ်မှစတင်ထုတ်ရန် ကြိုးပမ်းကြသည်။
တက္ကသိုလ်ဘာသာရပ်များကို အဘယ်ကြောင့် မြန်မာလိုသင်ရသနည်းဆိုသည့် အကြောင်းပြချက်တွင်
၁။ မြန်မာဘာသာဖြင့်သင်လျှင် ကျောင်းသားများ ပိုမိုနားလည်စေခြင်း
၂။ တပည့်များနားလည်စေရန် လှည့်ပတ်ပြောရာ၌ ဆရာများတွင်လည်း အခက်အခဲများရှိခြင်း
၃။ ပညာရပ်တစ်ခုသည် ထိရောက်မှုနှင့် ပြည့်ဝစွာအသုံးချနိုင်မှုရှိစေရန် နိုင်ငံအနှံ့ ပျံ့နှံ့နေရန်လိုသည်။

ထို့ကြောင့် နိုင်ငံခြားဘာသာနှင့်ဆိုလျှင် ပျံ့နှံ့နိုင်စွမ်းအားနည်းသဖြင့် မြန်မာဘာသာဖြင့်သာ ဖြန့်ဖြူးရန်လို အပ်ခြင်း
၎။ နိုင်ငံအတွင်းရှိ ပြည်သူတို့၏စိတ်ဓာတ်ကို မြန်မာစာဖြင့် မြှင့်တင်ပေးရန်လိုအပ်ခြင်း
၅။ နယ်ချဲ့တို့ကို အထင်ကြီး လေးစားစိတ်ပပျောက်စေရေး၊ မိမိကိုယ်ကို အထင်သေးစိတ်များ ပပျောက် စေရေး
၆။ကမ္ဘာ့ပညာရပ်များကို မြန်မာလိုလေ့လာနိုင်သည်ဟု သိလာပြီး၊ နိုင်ငံခြားအထင်ကြီးလေးစားစိတ်များ ပပျောက်သွားရေး
၇။ ခေတ်အဆက်ဆက် ပညာရေးစနစ်ဟောင်းများ၏ အံမ၀င် ခွင်မကျမှုများကြောင့် မျက်မှောက်ခေတ် ကျောင်းသားများ အင်္ဂလိပ်လိုသင်ကြားခြင်းကို အပြည့်အ၀ မခံယူနိုင်တော့ခြင်း
၈။ ကျောင်းသားများ အင်္ဂလိပ်လိုရေးထားသည့် စာအုပ်စာတန်းများကို ကောင်းစွာ မဖတ်နိုင်၊ ကောင်းစွာ သဘောမပေါက်နိုင်သောအခြေအနေများဖြစ်လာခြင်းကြောင့် မြန်မာဘာသာဖြင့်သာ သင်ကြားပေးရန်မှ တပါး အခြားနည်းလမ်းမရှိတော့ခြင်း
အထက်ပါအကြောင်းပြချက်များဖြင့် ညံ့သည်ကို ကောင်းအောင်မလုပ်၊ ညံ့သည်ကို ဖြုတ်ချလိုက်ပြီး၊ ဖိနပ်နှင့်ခြေထောက် မတော်သည်ကို ခြေထောက်အားဖြတ်ခိုင်းလိုက်ခြင်းကြောင့် တက္ကသိုလ်ကျောင်း အဆင့်တွင် အင်္ဂလိပ်စာ ပိုပြီးညံဖျင်းလာကြရသည်။
အဘယ်ကြောင့် အင်္ဂလိပ်စာကို လေ့လာသင်ကြားကြသနည်း
ကမ္ဘာတွင် အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာစကား (mother tongue) အဖြစ် အသုံးပြုနေသူပေါင်း သန်း ၄၀၀ ကျော်ရှိလာပြီဖြစ်သည်။ ဒုတိယဘာသာစကား (second language) အနေဖြင့် အသုံးပြုသူများ ကလည်း ထိုဦးရေနီးပါးလိုက်နေသည်။ နိုင်ငံခြားဘာသာစကားအနေဖြင့် အင်္ဂလိပ်စာကို လေ့လာနေသူ စုစုပေါင်းမှာ ယနေ့ဆိုလျှင် သန်း ၇၅၀ ခန့်ရှိလာပြီဖြစ်ကြောင်း သိရသည်။
အင်္ဂလိပ်စာကို လေ့လာသင်ကြားရခြင်း အကြောင်းရင်းများစွာအနက်မှ အရေးကြီးပါသည့် အချက်များကို ကောက်နုတ်တင်ပြလိုပါသည်။
၁။ စာအုပ်၊ သတင်းစာအများစုကို အင်္ဂလိပ်ဘာသာနှင့် ထုတ်ဝေကြသည်။ လေဆိပ်နှင့် လေဆိပ်ဆက် သွယ်ရေးစနစ်အားလုံးကို ကမ္ဘာတွင် အင်္ဂလိပ်လိုသာသုံးကြသည်။ နည်းပညာ၊ အားကစား၊ ခေတ်ပေါ် သီချင်း၊ ကြော်ငြာများအားလုံးတွင်လည်း အင်္ဂလိပ်စာနှင့်သိပ်မကင်းပေ။
၂။ ယေဘုယျအားဖြင့် အင်တာနက်တွင် အများဆုံးအသုံးပြုကြသည့် ကမ္ဘာသုံးဘာသာစကားမှာ အင်္ဂလိပ်စာသာဖြစ်သည်။
၃။ အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်များ၊ ဆေးဆိုင်များတွင် သိသင့်သည့်အချက်များကို အညွှန်း အနေဖြင့် အင်္ဂလိပ်လိုသာရေးကြသည်။
၎။ အင်္ဂလိပ်စာသည် လေ့လာသင်ယူရန် အလွယ်ဆုံးဟူ၍ လက်ခံထားကြသည်။ အက္ခရာရေးပုံစနစ်၊ စာလုံးပေါင်းပုံအနေအထား၊ သဒ္ဒါ၊ ၀ါကျတည်ဆောက်ပုံများသည် အခြားဘာသာများထက် လေ့လာရန် လွယ်ကူသည့် အနေအထားတွင်ရှိသည်။
၅။ အင်္ဂလိပ်စကားဖြင့် ကမ္ဘာ့မည်သည့်နေရာတွင်မဆို ဆက်သွယ်ပြောဆိုနိုင်သည့် အနေအထားသို့ရောက် လာသည်။ အင်္ဂလိပ်စာကို ကမ္ဘာ့စာ (Global Language) ဟုပြောလာသည်။ နိုင်ငံတိုင်းတွင် ပိတ်ထားသည့် တံခါးများကို အင်္ဂလိပ်စာဖြင့် သွားဖွင့်နိုင်သည်ဟု ပြောလာကြသည်။
၆။ ဈေးကွက်စီးပွားရေးစနစ်တွင် အင်္ဂလိပ်လိုမပြောမဆို မဆက်သွယ်တတ်လျှင် ခေတ်နောက်ကျကျန်ခဲ့ မည်။ အင်္ဂလိပ်လိုနားလည်ထားလျှင် အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေနိုင်သည်။ အလုပ်ခေါ်စာ များတွင် အင်္ဂလိပ်လို ရေးနိုင် ဖတ်နိုင် ပြောနိုင်သူများကို ဦးစားပေးခေါ်သည်။
၇။ ပညာရေးနှင့်ပတ်သက်ပြီး သတင်းအချက်အလက်အများဆုံးကို ဖော်ပြပေးနိုင်သည်မှာ အင်္ဂလိပ်စာ သာဖြစ်သည်။ နိုင်ငံတကာသို့ ပညာသင်ထွက်လျှင်လည်း အင်္ဂလိပ်စာဖြင့်သာ ဆက်သွယ်သင်ကြားကြရ သည်။ နိုင်ငံခြားထွက်ပြီး ပညာဆက်သင်ချင်သူများအတွက် အင်္ဂလိပ်စာကို အနည်းဆုံး medium အဆင့် လောက်တော့ သင်ကြားသွားရန်လိုသည်။
အထက်ပါအချက်များကြောင့် နိုင်ငံတကာတွင် အင်္ဂလိပ်စာကို သင်ကြားနေကြခြင်းဖြစ်ပြီး၊ မျိုးချစ်စိတ် ကြောင့် အင်္ဂလိပ်စာမသင်ကြားရေးမူဝါဒများ ချမှတ်ခြင်းသည် ခေတ်မမီတော့ကြောင်း နိုင်ငံတိုင်း သဘောပေါက်ခဲ့ကြပါသည်။
ကိုယ်တွေ့အင်္ဂလိပ်စာသင်ကြားရေး
ကျွန်တော်မူလတန်းကျောင်းစတက်စဉ်က ခရစ်ယန်ကျောင်းတွင် မိဘများကထားပေးသဖြင့် နေရသည်။ အိမ်နှင့်နီးသောကြောင့်လည်းကောင်း၊ ကားလမ်းမကူးရသောကြောင့်လည်းကောင်း မိဘများက ထို ကျောင်းကို ရွေးချယ်ခြင်းဖြစ်ပါသည်။ ကျောင်းစတက်စဉ် KG-1 မှစတက်ရသည်။ KG-1 အောင်လျှင် KG-2 နှင့် KG-3 ပြီးမှ ပထမတန်းရောက်သဖြင့် အင်္ဂလိပ်ကျောင်းတွင် ၃ နှစ်နေမှ တစ်တန်းရသည့်သဘောဖြစ် သည်။ ကျောင်းစတက်လျှင် အသက် ၅ နှစ်သတ်မှတ်ပေးထားသဖြင့် ၈ နှစ်နေမှ ပထမတန်းရောက်ပါသည်။
ကျောင်းစတက်ကတည်းက A,B,C,D စသင်သည်။ မြန်မာစာကို ဒေါင်းတံဆိပ်ဖတ်စာသင်သည်။ ကျောင်း သုံးဖတ်စာအုပ်များကို ဈေးအတွင်းရှိ ပုဂ္ဂလိကစာအုပ်အရောင်းဆိုင်တွင် ကြိုက်သလောက်သွားဝယ်နိုင် သည်။ အင်္ဂလိပ်စာကိုလည်း Reader ဖတ်စာ၊ Grammar နှင့် Poem ဆိုပြီး သုံးမျိုးသင်သည်။
ကဗျာသည် ရွတ်ဆိုရန်အတွက်ဖြစ်သဖြင့် ကဗျာတွေအလွတ်ကျက်ရသည်။ ကဗျာမရလျှင် ကရင်ဆရာမကြီးများက ဗိုက်ခေါက်ဆွဲလိမ်တတ်သည်။ အင်္ဂလိပ်စာကို ဖတ်စာ၊ သဒ္ဒါ၊ ကဗျာသင်သည့်ဆရာ သုံးယောက်တာဝန်ယူ ရသည်။ ဖတ်စာသင်သည့်ဆရာထံတွင် လက်ရေးလှလည်း တင်ရသည်။
ခရစ်ယန်ကျောင်းဖြစ်သဖြင့် မနက်ကျောင်းတက်သည်နှင့် ဗုဒ္ဓဘာသာဖြစ်သော်လည်း ဘုရားသခင်ထံ ခုံတန်းပေါ်ဒူးထောက် ဆုတောင်းပြီးမှ စာသင်ကြရသည်။ ခရစ်စမတ်ပွဲလုပ်လျှင် ဘောင်းဘီဝတ်ပြီးတက်ရ သည်။ လက်ဆောင်ပေးရသည်။
ကိုယ်လည်းပြန်ရတတ်သည်။ ကျောင်းကပွဲကို ခမ်းနားစွာကျင်းပသည်။ ကျောင်းတွင်း နှုတ်ဆက်၊ အပြင်ထွက်၊ အမိန့်ပေးစကားအားလုံးသည် အင်္ဂလိပ်လိုသာဖြစ်သည်။ ယခင်က မြန်မာလိုတစ်လုံးပြောလျှင် ဒဏ်ကြေး ၅ ပြားဆောင်ရသည်ဟု သိရသော်လည်း ကျွန်တော်တို့ခေတ်တွင် ထိုစနစ်မရှိတော့ပါ။
ကျွန်တော် ၅ တန်းရောက်သည့်နှစ်တွင် မူလတန်းကို ၇ နှစ်အစား သူငယ်တန်းမှ စတုတ္ထတန်းအထိ ၅ နှစ် သာရှိတော့သည်။ မူလတန်းအဆင့်တွင် အင်္ဂလိပ်စာမသင်တော့ပဲ ၅ တန်းရောက်မှ အင်္ဂလိပ်စာ စသင် သည်ဆိုသော်လည်း ကျွန်တော်တို့တွင် အခြေခံများပါလာပြီးဖြစ်သဖြင့် အင်္ဂလိပ်ဖတ်စာကို တန်းသင်သည်။ နောက်ပိုင်း ၅ တန်းရောက်မှ အခြေခံပြန်သင်ကြောင်းသိရသည်။
ကျွန်တော် ၉ တန်းနှင့် ၁၀ တန်းအရောက်တွင် အင်္ဂလိပ်စာအပြောင်းအလွှဲ အတော်လေးများသည်။ မှားမှန် ရောထွေး အမှန်ရွေး၊ ကွက်လပ်ဖြည့်တွေ အင်္ဂလိပ်စာတွင်ဖြစ်လာသည်။ စာမေးပွဲပေးမှတ်ကလည်း အင်္ဂလိပ်စာကို အမှတ် ၁၀၀ မှ ၁၂၀ သို့ပြောင်းသည်။ အမှတ် ၅၀ ရမှအောင်စနစ်ဖြစ်သွားသည်။
၁၀ တန်း နှစ်တွင် Making Friend with Chimpanzee စသည့် အင်္ဂလိပ်ဖတ်စာ အကြောင်းအရာ ခေါင်းစဉ်ပေါင်းများစွာ ပေါင်းထားသည့် ဖတ်စာကိုသင်ရသည်။ Grammar ကို ယခင်ကလို လေးလေးနက်နက် သင်ကြားခြင်း မရှိတော့။ ကျွန်တော်ကျောင်းဆရာဖြစ်ပြီး အင်္ဂလိပ်စာသင်ချိန်မှာပင် ၁၀ တန်းအင်္ဂလိပ်စာ သုံးမျိုးပြောင်း ကာ သင်ကြားခဲ့ရသည်။
ကျွန်တော် တက္ကသိုလ်ရောက်တော့ အင်္ဂလိပ်လို ဘာသာရပ်အတော်များများကို မသင်တော့သော်လည်း ဆရာများက အင်္ဂလိပ်စာအုပ်တွေကို ညွှန်းသည်။ သို့သော် မှား/မှန်ရွေး၊ ကွက်လပ်ဖြည့်အဆင့်လောက်သာ ဖြေဆိုနေရသဖြင့် အင်္ဂလိပ်စာကို မည်သူမျှ စိတ်ဝင်စားခြင်းမရှိပါ။
တက္ကသိုလ်အဆင့်တွင် အင်္ဂလိပ်စာကို Comprehension သဘောလောက်ဖြင့် peragraph အတို တစ်ခုပေးကာ ကွက်လပ်ဖြည့်၊ မေးခွန်းဖြေခိုင်းခြင်းကို သာမန်မေဂျာများတွင် ဒုတိယနှစ်လောက်အထိသာ မယူမနေရဘာသာ အဖြစ် သင်ကြား ပေးပါသည်။
ကျွန်တော်တို့ ငယ်စဉ်က အင်္ဂလိပ်ဖတ်စာတစ်အုပ်လုံးကို အထက်တန်း၊ အလယ်တန်းအဆင့်တွင် Story များဖြင့်သင်ကြောင်း သိရပါသည်။ ဥပမာ တော်စတွိုင်း၏ ၀တ္ထုတိုများကဲ့သို့သော retold သဘောစာများ ဖြစ်ပါသည်။ တက္ကသိုလ်အဆင့်တွင်လည်း ရှိတ်စပီးယားကို မူရင်းအတိုင်းသင်ခဲ့ဖူးသူများရှိကြောင်း သိရပါ သည်။ ထိုခေတ်ထိုအခါက ထိုစာများကို သင်ကြားပို့ချနိုင်ခဲ့သည့် ဆရာများရှိခဲ့ဖူးပါသည်။ ကျွန်တော်တို့ ခေတ်ကျမှ ညံ့သွားရခြင်းသည် မသင်စေခြင်းကြောင့်ဖြစ်သောကြောင့် ပေါ်လစီနှင့်ဆိုင်သွားပါသည်။
လွတ်လပ်ရေးမရမီက မျိုးချစ်စိတ်များဖြင့် မြန်မာစာသည် တို့စာ၊ မြန်မာစကားသည် တို့စကား၊ တို့စာကို ချစ်ပါ၊ တို့ပြည်ကိုချစ်ပါ၊ တို့အမျိုးကိုချစ်ပါ တစ်စာစာအော်ခဲ့ကြသည်။ အော်သင့် အော်ထိုက်သောကာလ၊ အော်ရမည့်ကာလလည်းဖြစ်ပါသည်။ မျိုးချစ်အာဇာနည်များ၏ မြန်မာ့စိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်ခဲ့သော ကြောင့်လည်း လွတ်လပ်ရေးကို အရယူနိုင်ခဲ့သဖြင့် နယ်ချဲ့တို့ကို စိတ်ဓာတ်ဖြင့် အောင်ပွဲဆင်နိုင်ခဲ့သည် ဟူ၍လည်း ဆိုနိုင်ပါသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် အင်္ဂလိပ်စာကို ကျွန်စာ၊ ကျွန်စိတ်ဖြင့် မုန်းတီးနေသော ခေါင်းဆောင်များ သည် အစွဲတစ်ခုဖြင့် ဖြုတ်ချခြင်း၊ လျှော့ချခြင်းများပြုလုပ်လာကြသည်။ အင်္ဂလိပ်စာကို နေရာမပေး၊ ခေတ်ကို ကမ္ဘာ့အမြင်ဖြင့်မကြည့်ဘဲ မြန်မာ့အမြင်ဖြင့်သာကြည့်လိုက်သည်။ နေမ၀င်အင်ပါယာကြီးရှင်များ ကို အောင်နိုင်လိုက်သဖြင့်လည်း စိတ်ကြီးတွေဝင်ကာ အင်္ဂလိပ်စာကိုပစ်ပယ်လိုက်ခြင်းကြောင့် အင်္ဂလိပ်စာ တွင် မျိုးဆက်ပေါင်းများစွာ အလှမ်းကွာခဲ့ရသည်။
မျိုးဆက်တစ်ဆက်တွင် ကျောင်းသားတပည့်ဖြစ်ခဲ့သူများ သည် နောက်မျိုးဆက်တစ်ဆက်ကိုပြန်ပြီး ဆရာလုပ်ကောင်းလုပ်နိုင်ပါသည်။ ညံ့သောသူများ၏ မွေးထုတ် လိုက်သူများဖြင့် တော်သောသူများဖြစ်မလာနိုင်သောကြောင့် ကမ္ဘာတွင် မ၀င်ဆန့်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
ဆိုရှယ်လစ်ခေတ်တွင် ကွန်မြူနစ်သတင်းစာဆရာကြီးတစ်ယောက်က `အင်္ဂလိပ်စာသည် အတန်းနှင့်မဆိုင်၊ သင်ချင်မှ သင်နိုင်သည်။
သူလည်း ဘာအတန်းမှမတက်ဘဲ မာ့က်စ်ဝါဒအရင်းကျမ်းကို ဖတ်နိုင်ခဲ့သည်´ ဟု ဂုဏ်ယူဝင့်ကြွားကာ ပြောခဲ့ပါသည်။ လမ်းစဉ်ပါတီကိုထူထောင်စဉ်ကလည်း ပါတီအတွင်း ပညာတတ်များ နည်းပါနေခြင်းကို ထုတ်ဖော်ပြောပြ ၀န်ခံခဲ့ရပါသည်။ မြန်မာပြည်မှ နိုင်ငံခြားသို့ ပညာတော်သင်စေလွှတ်ပြီး မှ အင်္ဂလိပ်လိုမသင်ယူနိုင်သဖြင့် ပြန်လာခဲ့ရသည်ဆိုသော ခေတ်တစ်ခေတ်လည်း ရှိခဲ့ဖူးပါသည်။
အမြင် မကျယ်သော၊ မျိုးချစ်စိတ်အရင်းခံ ကျွန်စော်မနံချင်ပါဘူးဆိုသည့် policy maker များ၊ နီးရာဓားကြောက်၊ ပြန်မပြော နားထောင်၊ ခိုင်းသည့်အတိုင်းလုပ်၊ ဖြစ်သင့်သည်ထက် ဖြစ်ချင်သည်ကို အကောင်အထည်လိုက်ဖော်ပေးနေသည့် ပညာရှင်များ၊ တစ်ပါတီစနစ်ဖြင့် ဆိုရှယ်လစ်ပညာရေးသည် လူတန်းစားနှင့် နိုင်ငံတော်ဦးစားပေး၊ နယ်ချဲ့အရင်းရှင်စနစ်မုန်းတီးများကို ၀ါဒသဘောထား တစ်ရပ် အနေဖြင့် လှုံ့ဆော်ပေးကာ အင်္ဂလိပ်စာနှင့် အင်္ဂလိပ်လူမျိုးမုန်းတီးရေး ရိုက်သွင်းခဲ့မှုများသည် ကျွန်တော်တို့ မြန်မာနိုင်ငံကို စင်ကာပူလိုနိုင်ငံမျိုးနှင့် နှိုင်းယှဉ်ကြည့်လျှင်ပင် မည်မျှကွာခြားသွားကြောင်း သိနိုင်ပါလိမ့်မည်။
တင်ညွန့်

Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment