မြန်မာသတင်းများ    ဖေဖေါ်ဝါရီလ ၂၁ ရက်၊ ၂၀၁၂ 

တိုင်ရီပဋိပက္ခ ဝါဏိဇ္ဇကို တင်မည်

ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများ၏ အခြေခံရပိုင်ခွင့် တောင်းဆိုချက်များအား ဝါဏိဇ္ဇပဋိပက္ခကော်မတီ ခုံရုံးသို့ ဗုဒ္ဓဟူးနေ့တွင် တင်သွင်း လျှောက်ထား
တော့မည်ဟု သိရသည်။

အလုပ်သမား ၁၈၄၅ ဦး၏ တနင်္လာနေ့က သဘောတူဆုံးဖြတ်ချက်အရ မရမ်းကုန်းမြို့နယ် ဝါဏိဇ္ဇခုံရုံးသို့ တင်သွင်းမည် ဖြစ်ကြောင်း အလုပ်သမားများအား ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဖိုးဖြူ က ပြောကြောင်း

“တင်သွင်းခွင့် ရမယ်ဆိုတဲ့အမိန့်စာ ကျနော်တို့လက်ထဲကို ရောက်လာတယ်ခင်ဗျ။ စာရွက်စာတန်းတွေနဲ့ အထောက် အထားတွေ ပြင်ဆင်နေတုန်း ရရှိလာတဲ့အတွက် အလုပ်သမား တော်တော်များများကလည်း ဝမ်းသာကြတယ်။ သဘက်ခါ ၁၀ နာရီလောက် တင်မယ်ခင်ဗျ” ဟု  ပြော
ကြောင်း

 

၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် လှိုင်သာယာ စက်မှုဇုန် ၃ ရှိ စက်ရုံများတွင် လုပ်ခလစာ တိုးမြှင့်ပေးရန် အလုပ်သမားများ ဆန္ဒပြကြသည်ကို တွေ့ရစဉ် 

၁၄ ရက်တာ သပိတ်မှောက် အလုပ်သမားများ၏ တောင်းဆိုချက်များဖြစ်သည့် လုပ်ခ တနာရီလျှင် ၁၅၀ ကျပ်၊ ရက်မှန်ကြေး ၈၀၀၀ ကျပ် ပေးရေး အပါအဝင် အခြား လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင် သာယာရေး တောင်းဆိုချက်များ အား အလုပ်ရှင်ဘက်မှ လိုက်လျောခြင်း မရှိသေးကြောင်း

ဖေဖေါ်ဝါရီ ၆ ရက်နေ့က စတင်ခဲ့သော ထိုင်သပိတ်ဆန္ဒပြပွဲအား အာဏာပိုင်များဘက်မှ နှောက်ယှက်မှုတစုံတရာ မရှိခဲ့သော်လည်း တနင်္လာနေ့တွင်မူ လုံခြုံရေးရဲ၏ ထူးခြားချက်များ တွေ့လာရကြောင်း

“ရဲအင်အားက အများကြီးတော့ မဟုတ်ပေမယ့် ဆိုင်ကယ်ဟိုဘက်ထိပ် ၇ စီး၊ ဒီဘက်ထိပ် ၇ စီးနဲ့ ဝတ်စုံပြည့် စစ်ရဲတွေ ၁၄ ယောက်လောက် ရှိတယ်ခင်ဗျ။ အရင်ရက်တွေက တုတ်တွေ မပါပေမယ့် ဒီနေ့တော့ တုတ်တွေ ပါလာတာကိုတွေ့ရတယ်ခင်ဗျ” ဟု ပြောကြောင်း

ယခုကဲ့သို့ တရားဥပဒေကြောင်းအရ အရေးဆိုမည်ဆိုပါက ဆက်လက်သပိတ်မှောက်ခွင့် မရှိတော့ကြောင်းနှင့် ဥပဒေအရ အကန့်အသတ်များလည်း ရှိနေကြောင်း “လူလည်း အဖြိုခွဲခံရမယ်။ ဝါဏိဇ္ဇကို သွားဖို့လမ်းလည်း အပိတ်ပင်ခံရမယ့်လမ်းကို အများစုက မရွေးချယ်ကြဘူးခင်ဗျ။ ဒါကို မကောင်းဘူးလို့ ဝေဖန်နေကြသူတွေကို ဒါကို မလုပ်ရင် ဘာကိုရွေးချယ်မလဲ။ အဲဒီရွေးချယ်မှုက ရလာတဲ့ ဆိုးကျိုးကောင်းပြစ် ရလဒ်တွေကို ဘယ်သူက တာဝန်ခံမလဲဆိုတဲ့ ကိစ္စကို ကျနော်က မေးခွန်းထုတ်ချင်ပါတယ်ဗျာ”

“အငြင်းပွားတဲ့ ကိစ္စရပ်တွေကို ဥပဒေကြောင်းအရ ဖြေရှင်းဖို့အတွက် ဆိုလွှာ၊ ချေလွှာတွေကို ခုံရုံးကနေ ကြားနာတာပဲဖြစ်ပါတယ်။ ခုံရုံးမှာ နှစ်ဖက် အပြန်အလှန် ခုခံချေပကြတဲ့ တင်သွင်းမှုတွေ ပြုလုပ်ကြတာ။ အရင်တုန်းက အလုပ်ရှင်/ အလုပ်သမား မှုခင်းတွေ ပြေလည်တာတွေလည်း ရှိတယ်။ မကျေနပ်ကြဘဲနဲ့ တိုင်းကို တက်ပြီး အယူခံဝင်ရတဲ့ အမှုခင်းတွေလည်း ရှိပါတယ်” ဟု ဦးဖိုးဖြူက ပြောကြောင်း  အလုပ်သမားများအား ဥပဒေရေးရာနှင့် ပတ်သက်၍ ဦးဖိုးဖြူအပြင် ဒူးဝါးခွန်မားမိုင်နှင့် ဥပဒေ လုပ်ဖော်ကိုင်ဖက်များ၊ရှေ့နေရှေ့ရပ် အသိုင်းအဝိုင်းက ကူညီဆောင်ရွက်ပေးနေကြကြောင်း

တိုင်ရီစက်ရုံသည် တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အခြေခံလစာ၊ အချိန်ပိုကြေးနှင့် အခြား တင်းကြပ်သည့် စည်းမျဉ်းများကြောင့် ၂၀၁၀ ခုနှစ်မှ စတင်ကာ ၃ နှစ်ဆက်တိုက် အလုပ်သမားများ၏ ဆန္ဒပြ တောင်းဆိုမှုများဖြင့် ကြုံတွေ့ ခဲ့ရပြီး ယခုအကြိမ် ဆန္ဒပြမှုသည် ရက်အရှည်ကြာဆုံး ဖြစ် ကြောင်း အလုပ်သမများက အခြေခံ လစာ တိုးပေးရန်အပါအဝင် ရက်ပျက်ကြေး မဖြတ်တောက်ရန်၊ လုပ်ငန်းခွင်အတွင်း ဖိနပ်များ မတော်တဆ ပျက်စီးပါက လစာငွေ ဖြတ်တောက်ခြင်း မပြုရန်၊ သောက်ရေ လုံလောက်စွာ ပေးရန်၊ အလုပ်သမား အယောက် ၅၀ ကို အိမ်သာတလုံးကျ ထားပေးရန်၊ သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်းနှင့် မိသားစု အရေးကိစ္စများတွင် ခွင့်ပေးရန်များကို တောင်းဆိုထားကြကြောင်း

ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် အပါအဝင် တိုင်းနှင့် မြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ စက်ရုံပိုင်ရှင်နှင့် အလုပ်သမားများဖက်မှ ကိုယ်စားလှယ် ၃၈ ဦးတို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသော်လည်း ထိုက်သင့်သည့် လစာနှုန်းထားထိ မရရှိ၍ ညှိနှိုင်းမှု မအောင်မြင်ခဲ့ကြောင်း သိရသည်။






အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ပြည်နယ်၊ တိုင်းဒေသကြီးများအားလုံးသို့ စည်းရုံးဟောပြောရေးခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆွယ်စည်းရုံးရေး တာဝန်ခံဦးဥာဏ်ဝင်းက ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း ဟောပြောစည်းရုံးရန်အတွက် အားကစားကွင်းများကို လုံးဝအသုံးမပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ထုတ်ပြန်ခဲ့ကြောင်း၊ ထိုထုတ်ပြန်ချက်ကို ဆန့်ကျင်၍ အားကစားကွင်းများကို ခွင့်ပြုရန်တောင်းခံသွားမည် မဟုတ်ကြောင်း မြစ်ကြီးနားမြို့ နမ့်တီးတွင် လုံခြုံရေးအကြောင်းပြ၍ ခွင့်မပြုခဲ့သော်လည်း ခရီးစဉ်ကို ဖျက်သိမ်းမည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း
ထို့အပြင် မန္တလေးမြို့ခရီးစဉ်တွင်လည်း ဗထူးကွင်းကို တောင်းရန်အစီအစဉ်မရှိဘဲ အခြားသင့်တော်သောနေရာကို တောင်းရန်စီစဉ်လျက်ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၄ရက်နေ့တို့တွင် ကချင်ပြည်နယ်သို့လည်းကောင်း၊ မတ်လ ၃ ရက်၊ ၄ရက်နေ့တို့တွင် မန္တလေးမြို့သို့လည်းကောင်း၊ မတ်လ ၅ ရက်၊ ၆ ရက်တို့တွင် နေပြည်တော်သို့လည်းကောင်း၊ မတ်လ ၁၀ ရက်နေ့တွင် မွန်ပြည်နယ်သို့လည်းကောင်း မဲဆွယ်စည်းရုံး ဟောပြောရေးခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဇန်န၀ါရီလ ၂၉ ရက်နေ့က ထားဝယ်မြို့သို့လည်းကောင်း၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က ပုသိမ်၊ မြောင်းမြဒေသများ သို့လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကော့မှူးမြို့နယ်သို့လည်းကောင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့က လှည်းကူးမြို့နယ်သို့ လည်းကောင်း၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကျိုက်ထော်နှင့် ဖျာပုံမြို့နယ်များသို့လည်းကောင်း စည်းရုံးဟောပြောရေးခရီးစဉ်များအဖြစ် သွားရောက်ခဲ့ပြီး ဒေသခံများက တစ်ခဲနက်ကြိုဆိုခဲ့ကြကြောင်းဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်မှ ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

မွန်ပြည်သစ်နှင့် အစိုးရ ဖေဖေါ်ဝါရီလမကုန်မီ အတည်ပြု လက်မှတ်ထိုးဖွယ်ရှိ 

ငြိမ်းချမ်းရေး တည်ဆောက်ရန် ပဏာမ သဘောတူချက်ကို ဖေဖေါ်ဝါရီလ မကုန်မီ အစိုးရနှင့် ထပ်မံတွေ့ဆုံ၍ အတည်ပြု လက်မှတ်ရေးထိုးဖွယ် ရှိသည်ဟု မွန်ပြည်သစ်ပါတီ ဌာနချုပ်မှ လာသောသတင်းအရ သိရသည်။
အစိုးရ ကိုယ်စားလှယ်များနှင့် ထပ်မံတွေ့ဆုံနိုင်ရန်အတွက် ဗဟိုဌာနချုပ် ရှိရာ ရေးချောင်းဖျားဒေသတွင် စနေနေ့မှ စ၍ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး ကျင်းပ၍ ဆွေးနွေးလျက် ရှိပြီး အင်္ဂါနေ့တွင် ပြီးဆုံးမည် ဖြစ်ကြောင်း

“ဆွေးနွေးဖို့ကတော့ သေချာတယ်။ လက်မှတ်ထိုးဖို့ကလည်း ဖြစ်နိုင်ဖို့ အလားအလာ ရှိပါတယ်။ ဆွေးနွေးဖို့ အသေးစိတ် အချက်အလက်တွေ ပြင်ဆင်နေတုန်းပဲ” ဟု အစည်းအဝေး တက်ရောက်နေသည့် ဗဟိုကော်မတီဝင် တဦးက ပြောကြောင်း သို့သော်လည်း မိမိတို့ဘက်မှ စေလွှတ်မည့် ကိုယ်စားလှယ်များ၊ ဆွေးနွေးရက်၊ နေရာနှင့် ဆွေးနွေးမည့် အချက်အလက်များကို ပြောဆိုရန် သူက ငြင်းဆိုကြောင်း
မွန်ပြည်သစ် ငြိမ်းချမ်းရေး အကျိုးဆောင်တဦး ဖြစ်သည့် နိုင်တင်အောင်ကလည်း “လမကုန်မီ ဆွေးနွေးပွဲ ဖြစ်လိမ့်မယ်၊ မွန်ပြည်သစ်ဘက်က သူတို့ တင်ပြထားတဲ့အချက်ကို ရမယ်ဆိုရင် လက်မှတ်ထိုးနိုင်လိမ့်မယ်” ဟု ပြောကြောင်း

ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြည်နယ်အဆင့် အစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးစဉ်က မွန်ပြည်သစ်ဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အခြေခံမူ ၄ ချက်အပြင်၊ အထွေထွေ တင်ပြချက် ၁၀ ချက်၊ ဆက်ဆံရေးရုံး ၉ နေရာ၊ လက်ရှိတပ်စွဲထားသည့် နေရာ ၁၃ နေရာ၊ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးအတွက် ပါတီ၏ အခြားတပ် တည်နေရာ ၁၄ နေရာကို အစိုးရ ကိုယ်စားလှယ်များသို့ တင်ပြခဲ့
ကြောင်း မွန်ပြည်သစ်ပါတီမှ ဒု-ဥက္ကဋ္ဌ နိုင်ရော့စ ခေါင်းဆောင်သော ၁၂ ဦးပါ အဖွဲ့နှင့် ရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်
သော အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ မော်လမြိုင်ရှိ Starnd ဟိုတယ်တွင် ငြိမ်းချမ်းရေးအတွက် ပဏာမ သဘောတူစဉ်က အပစ်အခတ် ရပ်စဲရေး အပါအဝင် အစိုးရဘက်မှ ကမ်းလှမ်းသည့် အချက် ၅ ချက်ကို မွန်ပြည်သစ်ဘက်မှ လက်မှတ်ရေးထိုးခဲ့
ကြောင်း မွန်ပြည်သစ်ပါတီသည် ၁၉၉၄ ခုနှစ်မှစပြီး ယခင် နဝတအစိုးရနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် လေးကြိမ်တိုင်
ဆွေးနွေးခဲ့ပြီးနောက် ၁၉၉၅ နှစ်လယ်ခန့်တွင် ပထမအကြိမ် အပစ်အခတ် ရပ်စဲခဲ့
ကြောင်း
သို့သော်လည်း မျှော်မှန်းထားသည့်အတိုင်း နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်မလာခြင်းနှင့် နယ်ခြားစောင့်တပ်နှင့်ပြည်သူ့စစ် အသွင်ပြောင်းရန် ဗဟိုအစိုးရက ဖိအားပေးရာမှ ၂ဝ၁ဝ ခုနှစ် နှောင်းပိုင်းတွင် အပစ်အခတ် ရပ်စဲရေး ပျက်ပြားခဲ့
ကြောင်း မွန်ပြည်သစ် ဥက္ကဋ္ဌ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်အချို့ကမူ ယခင် အပစ်အခတ် ရပ်စဲစဉ်ကာလက ကြုံတွေ့ခဲ့သည်များကို ထောက်ပြပြီး နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ်လာရန် ခက်ခဲကြောင်းကို ယခင်လက ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲတွင် ပြောကြားခဲ့ကြောင်း
၁၉၉၄ ခု အပစ်ရပ်ရေး ဆွေးနွေးရာတွင် အဓိက ပါဝင်သည့် မွန်ပြည်သစ် ဗဟိုအလုပ်အမှုဆောင်ဟောင်းနိုင်တင်အောင် ကမူ ယခု အပစ်အခတ် ရပ်စဲရေးသည် စာချုပ်စာတန်းနှင့်တကွ နိုင်ငံရေး ဆွေးနွေးရန်အတွက် လမ်းဖွင့်ထားသည့်အတွက် ယခင် အပစ်အခတ် ရပ်စဲရေးထက် ထူးခြားကြောင်း၊ သို့သော်လည်း အလုပ်ဖြင့် သက်သေပြရန်လို
ကြောင်း သိရသည်။

DKBA စစ်ဦးစီးမှူးကို နယ်ခြားစောင့်တပ် စနိုက်ပါဖြင့် ချောင်းပစ်

လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA စစ်ဦးစီးမှူး တဦးကို ကရင်နယ်ခြားစောင့်တပ် BGF မှ အဝေးပစ် စနိုက်ပါ ရိုင်ဖယ်ဖြင့်
ချောင်းမြောင်း ပစ်ခတ်မှု တနင်္လာနေ့က ဖြစ်ပွားခဲ့ကြောင်း

မြိုင်ကြီးငူအခြေစိုက် BGF ၁၀၁၁ တပ်ရင်းက မျက်နှာချင်းဆိုင်တွင်ရှိနေသော DKBA ကလို့ထူးလား စစ်ကွပ်ကဲရေး စခန်းက စစ်ဦးစီးမှူး ဖြစ်သူ ဗိုလ်မှူး ဝင်းမောင်အား အဝေးမှ စနိုက်ပါ ရိုင်ဖယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘယ်ဘက် လက်ဝါး ကို ထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း မြဝတီအခြေစိုက် DKBA ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး မောင်လေး က ပြောကြောင်း သိရသည်။


ဦးရွှေမန်း တရုတ် သွားမည်

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းသည် တရုတ်နိုင်ငံသို့ ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်၍ ၂၆ ရက်အထိ ၄ ရက်ကြာ ချစ်ကြည်ရေး ခရီး သွားရောက်မည် ဖြစ်ကြောင်း ယင်းခရီးစဉ်ကို တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) အမြဲတမ်း ကော်မတီ အကြီးအကဲ Wu Bangguo က ဖိတ်ကြားခြင်း ဖြစ်သည်ဟု NPC က ယနေ့ ထုတ်ပြန်ကြောင်း သိရသည်။

လွတ်လပ်စွာမဲဆွယ်ခွင့်ကို ကန့်သတ်နေကြောင်း NLD ပြော

ကြားဖြတ် ရွေးကောက်ပွဲ အတွက် လွတ်လပ်စွာ မဲဆွယ်စည်းရုံးမှုကို အာဏာပိုင် တချို့က ကန့်သတ်နေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ မန်နေဂျာ ဦးဉာဏ်ဝင်းက ပြောဆိုလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် လှည်းကူးတွင် ဟောပြောရေးအတွက် ဘောလုံးကွင်း ငှားရာတွင် အထစ်အငေါ့ ဖြစ်ခဲ့ခြင်း၊ ကချင်ပြည်နယ် ခရီးစဉ်ကို လုံခြုံရေး အကြောင်းပြပြီး ကျင်းပခွင့်ပိတ်ပင်ခြင်း၊ ကြံ့ခိုင်ရေးပါတီက ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပုတ်ခတ် ပြောဆိုခြင်းများကို ဦးဉာဏ်ဝင်းက ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားကြောင်း သိရသည်။

SMS စနစ် Eleven Media စတင်

လက်ကိုင်ဖုန်းများသို့ သတင်းတို (SMS) ပေးပို့သည့် စနစ်ကို ပြည်တွင်းရှိ Eleven Media Group က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက် က စတင် စမ်းသပ် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။ ယင်း စမ်းသပ်ကာလ ၂ ပတ်ကို အခမဲ့ ပေးပို့ခြင်းဖြစ်ပြီး စမ်းသပ် ကာလ လွန်မြောက်ပါက သတင်းတို ရယူလိုသူများသည် တလ အတွက် ကျပ်၂၅၀၀ ပေးဆောင်ရမည် ဖြစ်သည်။ ထိုသို့ သတင်းတို ပေးပို့ခြင်း ကို နေ့စဉ် နံနက် ၇ နာရီ တကြိမ်၊ မွန်းလွဲ ၂ နာရီတွင်တကြိမ် ပေးပို့မည်ဖြစ်ကြောင်း Eleven Media Group က ဆိုသည်။ လတ်တလော၌ အင်္ဂလိပ် ဘာသာဖြင့်သာ ပေးပို့နိုင်ဦးမည် ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ၀ါးဘလောက်သောက် သွားမည်

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ရှိ ၀ါးဘလောက်သောက် သို့ ဖေဖော်ဝါရီ ၂၁ ရက်တွင် မဲ ဆွယ် စည်းရုံးရေးခရီး သွားရောက်မည် ဖြစ်ကြောင်း NLD အသိုင်းအ၀ိုင်း က ပြောသည်။ လာမည့် ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့် ကချင်ပြည်နယ် နမ္မတီး ၌ စည်းရုံးဟောပြောခွင့်ကို အာဏာပိုင်များက တားမြစ် ထားကြောင်း သိရသည်။

ပုဂံဒေသ Historical Park သို့မဟုတ် Archaeological Park တည်ဆောက်ရေး ဆွေးနွေး

ပုဂံဒေသ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးနှင့် အနာဂတ်တွင် Historical Park သို့မဟုတ် Archaeological Park တည် ဆောက်ရေး အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း သုတေသနပြတိုက်၌ ဖေဖော်ဝါရီ ၁၅ ရက် က ကျင်းပသည်။ ယဉ်ကျေးမှု ၀န်ကြီးဌာန ၊ ရှေးဟောင်းသုတသေန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း နှင့် မြန်မာနိုင်ငံ ဗိသုကာ ပညာရှင် အသင်းတို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။


ကမ္ဘောဇ အသင်းနှင့် ချင်းရိုင်း ယူနိုက်တက် ချစ်ကြည်ရေးကစားမည်

မြန်မာနိုင်ငံမှ ကမ္ဘောဇ ဘောလုံးအသင်းနှင့် ထိုင်း ပရီးမီးယား လိဂ် ကလပ် ချင်းရိုင်း ယူနိုက်တက် အသင်းတို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားမည်ဖြစ်သည်။ ချင်းရိုင်း မြို့တည် နှစ်ပေါင်း ၇၅၀ ပြည့် အထိမ်းအမှတ် ထိုင်း-မြန်မာ ချစ်ကြည်ရေး ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းရောက် မြန်မာဒုက္ခသည်များ စိတ်ချလက်ချ ပြန်နိုင်မည်ဟု အဖိဆစ်ပြော

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်များသည် တနေ့တွင် မြန်မာပြည်သို့ စိတ်ချလက်ချ တရားဝင်ပြန်နိုင်မည်ဟု မျှော်လင့်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း အဖီဆစ် ဝေ့ချာချီဝက ပြောသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် အဖီဆစ်က မြန်မာ့ဒီမိုကရေစီပြောင်းလဲမှုများကို ထောက်ခံပြီး ဆက်လက်လုပ်ဆောင်သွားမည်ဟု မျှော်လင့်ကြောင်းလည်း   ပြောကြားသွားကြောင်း သိရသည်။


ဦးဂမ္ဘီရကို ပြစ်မှုဆိုင်ရာ ဥပဒေများနှင့် အရေးယူမည်ဟု ဆို

ပြီးခဲ့သည့် ဇန်နဝါရီလက အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော ဦးဂမ္ဘီရအား တရားဥပဒေကို အကြိမ်ကြိမ် ဖောက်ဖျက်ကျူးလွန် သောကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေများအရ အရေးယူမည်ဟု ယမန်နေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။ အစိုးရက စွပ်စွဲသည့် ပြစ်မှုများတွင် ချိတ်ပိတ်ထားသော ကျောင်းများကို ရိုက်ဖွင့်ခြင်း၊ မဟနဆရာတော်ကြီးများ ၃ ကြိမ်တိုင် ခေါ်ယူခြင်းကို မလာရောက်ခြင်း၊ ဆရာတော်ကြီးများထံ တင်သွင်းသည့် စာတွင် ပြင်းထန်သောစကားလုံးများ သုံးစွဲခြင်း စသည်တို့ပါဝင်ကြာင်း သိရသည်။

၈၈ တွေကို ဟင်္သာတက ကြိုဆို

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် ဒီမိုကရေစီအင်အားစုများနဲ့ လူငယ်များကဦးဆောင်ပြီး မြို့နယ်လူထုနဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံ မိတ်ဆက်ပွဲကို ဟင်္သာတမြို့နယ် ပြည်လုံးချမ်းသာဘုရား စည်းဝေးခန်းမမှာ ဒီကနေ့ ကျင်းပရာမှာ ပြည်သူလူထု သောင်းချီ တက်ရောက်ကြကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနဲ့ ဟင်္သာတမြို့ ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲ ခရီးစဉ်နဲ့ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ခုလို ပြောဆိုပါကြောင်း

“ကြိုဆိုကြတဲ့ပရိသတ်ရော၊ ဒီလို လုပ်ခွင့်ကိုင်ခွင့်ရတဲ့ အခြေအနေတွေအတွက်ကိုရော အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ကိုယ်နှိုက်ကလည်း ဒီလို ပွင့်လင်းလာတဲ့ လူ့အဖွဲ့အစည်းက အငွေ့အသက်တွေကို မြင်ရတယ်။ ဒါကို ဆက်ပြီး ထိန်းသိမ်းကြဖို့ ကျွန်တော် အဓိက အဲဒါပဲပြောချင်တယ်"

ဆွေးနွေးပွဲကို မြို့ခံမြို့မိမြို့ဖတွေအပြင် အနီးအနားကျေးရွာတွေက လူငယ်တွေ၊ ကျောင်းသားတွေလည်း တက်ရောက်ခဲ့ကြကြောင်း လူငါးထောင်လောက်ဆန့်တဲ့ခန်းမ ပြည့်လျှံသွားတဲ့အပြင်၊ အပြင်မှာပါ လူတွေ စောင့်ဆိုင်းနားထောင်ခဲ့ကြကြောင်း

အဲဒီဆွေးနွေးပွဲမှာ ကိုမင်းကိုနိုင် ကိုကိုကြီး မသီတာ (စမ်းချောင်း)နဲ့ ဟင်္သာတထောင်မှာ အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း မအေးသီတာတို့က ဟောပြောခဲ့ကြောင်း သိရသည်။

ဒီမိုကရေစီစနစ်အတွက် အရပ်သားလူမှုအဖွဲ့အစည်းများ အားကောင်းရန်လိုဟုဆို


မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ခိုင်မာစွာ ဖြစ်ထွန်းစေရေးအတွက် အရပ်သားများပါဝင်သည့် လူမှုအဖွဲ့အစည်းများ အားကောင်းရန် အရေးကြီးကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက ယနေ့ ပြောကြားလိုက်သည်။ ဧရာဝတီတိုင်း ဟင်္သာတမြို့ရှိ ဦးအောင်မြတ်ကျော် ခန်းမ၌ ယနေ့ ကျင်းပသော “ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲ” တွင် ကိုမင်းကိုနိုင်က အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ ယင်းအခမ်းအနားကို ဟင်္သာတ မြို့ခံ လူငယ်များက ဦးစီးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ကိုဖြိုးဝေအောင်နဲ့ ရှေ့နေနှစ်ဦးကို ရုံးတော် မထေမဲ့မြင်ပြုမှုနဲ့ အရေးယူ

အင်းစိန်ထောင်တွင်း အထူးတရားရုံးက X2Oသင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကိုဖြိုးဝေအောင်နဲ့ သူ့ရှေ့နေနှစ်ဦးကို ရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ဒီကနေ့ ထပ်မံ အရေးယူလိုက်ကြောင်း  အစိုးရရှေ့နေတွေက တရားလိုပြသက်သေတွေရဲ့ ထွက်ချက်တွေကို ကြိုတင်ယူထားပြီး တရားရုံးကို တင်သွင်းခဲ့တာနဲ့ပတ်သက်ပြီး ကိုဖြိုးဝေအောင်က အဲဒီလို မဖြစ်သင့်ကြောင်း ခုခံချေပ ထွက်ဆိုခဲ့တာကို အစိုးရရှေ့နေက ရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့အရေးယူပေးဖို့ ပြီးခဲ့တဲ့ တနင်္လာနေ့ရုံးချိန်းမှာ လျှောက်ထားတာကို တရားသူကြီးက ဒီကနေ့ လက်ခံလိုက်တာဖြစ်ကြောင်း ကိုဖြိုးဝေအောင်ရဲ့ရှေ့နေ ဦးကျော်ဟိုးက ပြောပါကြောင်း  မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်ဟာ ပြောင်းလဲတိုးတက်မှု မရှိသေးဘူးဆိုတာ ကိုဖြိုးဝေအောင်အမှုက သက်သေပြနေတယ်လို့ ရှေ့နေဦးကျော်ဟိုးက ပြောကြောင်း

၂၀၁၀ ပြည့် X2Oသင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ကိုဖြိုးဝေအောင်ကို ကြိုတင်သတ်ဖြတ်ရန်ကြံစည်မှု၊ ဗုံးဖောက်ခွဲမှု၊ နယ်စပ်ဖြတ်ကျော်မှု၊ မတရားအသင်း ဆက်သွယ်မှုစတဲ့ ပုဒ်မ ၄ နဲ့အတူ စွဲချက် ၆ ချက်နဲ့ ရုံးထုတ်စစ်ဆေးခဲ့တာ ၂ နှစ်နီးပါးရှိပြီဖြစ်ကြောင်း သိရသည်။

ပါတီစည်းရုံးရေးခရီးစဉ် တားမြစ်ချက်တွေ ရုပ်သိမ်းကြောင်း ရွေးကောက်ပွဲ ကော်မရှင် ကြေညာ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီစည်းရုံးရေး ခရီးစဉ်တွေနဲ့ပတ်သက်ပြီး ပိတ်ပင် တားမြစ်ချက်တွေကို ရုပ်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်တယ်လို့ အခုညနေပိုင်း နောက်ဆုံးရရှိတဲ့ သတင်းအရ သိရပါတယ်။
အဲဒီ ကြေညာချက်အကြောင်း ပါတီရဲ့ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ မန်နေဂျာရှေ့နေ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။
“မြန်မာစံတော်ချိန် သုံးနာရီခွဲလောက်မှာ ပြည်နယ်ကော်မရှင်က ကျွန်တော်တို့ အီးစီတွေကို ခေါ်တွေ့တယ်။ ခေါ်တွေ့ပြီးတော့ အဲဒီ ကန့်သတ်ချက်တွေအားလုံး ဖျက်လိုက်ပါပြီ၊ ခွင့်တောင်းထားတဲ့ဟာတွေ အကုန်လုံး ခွင့်ပြုတယ်။ အဲဒီလို ပြောပါတယ်။ ဒီနေ့တော့ မပြောဘူး။ ကျွန်တော်တို့ အရင် နမ္မတီးမှာ လုံခြုံရေးအရ ခွင့်မပြုဘူးဆိုတာ ဖျက်လိုက်တယ်။ နောက်ပြီးတော့ မြစ်ကြီးနား ဟာကိုလည်း ခွင့်ပြုတယ်။ ဗန်းမော်ကိုလည်း ခွင့်ပြုတယ်”
လာမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး လုပ်ငန်းစဉ်တွေကို အာဏာပိုင် တွေက ကန့်သတ် ပိတ်ပင်တားမြစ် နေတာတွေဟာ သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုဖြစ်ရေးကို အဟန့်အတား ဖြစ်တယ်လို့ NLD ပါတီက ဒီကနေ့ မွန်းလွဲပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဉာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ အခုလိုသာ ဆက်လက်ပြီး ဟန့်တားနေမယ်ဆိုရင် လာမယ့်ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိနိုင်ပါ့မလားဆိုတာ စိုးရိမ်ကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး လုပ်ငန်းစဉ်တွေကို အကြောင်းအမျိုးမျိုးပြ တားမြစ် ပိတ်ပင်နေတာတွေကို အချက်အလက်တွေ စုစည်းပြီး ပြည်ထောင်စု ကော်မရှင်ကို တင်ပြထားကြောင်းနဲ့ ပြည်ထောင်စု ကော်မရှင်အနေနဲ့လည်း တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားဆောင်ရွက်ဖို့ ယုံကြည် မျှော်လင့်တယ်လို့ ဦးဥာဏ်ဝင်းကပြောသွားခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီ ပါတီက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး နာရီပိုင်းအတွင်း ကော်မရှင်က အခုလို အလျင်အမြန် တုံ့ပြန် ဆောင်ရွက်တာမျိုးကို မြန်မာပြည်မှာ တွေ့ရခဲတယ်လို့လည်း ရန်ကုန်ကလာတဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ချင်းအမျိုးသားနေ့ ကျင်းပ

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ဟာ ချင်းအမျိုးသားနေ့ ဖြစ်တဲ့အတွက် ချင်းပြည်နယ်နဲ့ ကမ္ဘာအနှံ့ ချင်းအမျိုးသားများ ရှိရာဒေသအသီးသီးမှာ ရိုးရာပွဲတွေ ဆင်နွှဲနေကြပါတယ်။ အမေရိကန် ပြည်ထောင်စု တင်နယ်စီပြည်နယ် နက်စဘေးမြို့မှာလည်း ချင်းအမျိုးသားနေ့ ကျင်းပခဲ့ကြောင်း ချင်းအမျိုးသားနေ့ကို အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပရောက် ချင်းတိုင်းရင်းသားတွေက နောက်ရက်တွေမှာလည်း ဆက်လက် ကျင်းပသွားဖို့ရှိကြောင်း သိရပါတယ်။

အာဆီယံ အကြီးအကဲ မြန်မာနိုင်ငံရောက်

အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်းပစ်ဆူဝမ် မြန်မာနိုင်ငံကို ဒီကနေ့ ရောက်လာတဲ့ တချိန်တည်းမှာပဲ အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ အများ ယုံကြည် လက်ခံနိုင်လောက်ပြီး ပွင့်လင်းမြင်သာတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ပေါ်လာအောင် အားပေးသင့်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ (AIPMC) က တိုက်တွန်းလိုက်ပါတယ်။ မြန်မာအစိုးရက ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ လူ့အခွင့်အရေးတွေ နဲ့ပတ်သက်ပြီး တိုးတက်မှု နှေးကွေးနေတာဟာ စိုးရိမ်စရာ ဖြစ်နေတုန်းပဲလို့ ပြောလိုက်ကြောင်း  အာဆီယံအဖွဲ့အနေနဲ့ မြန်မာအစိုးရက ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ သေချာ အခိုင်အမာ ဖြစ်လာနိုင်ဖို့အတွက် အကူအညီပေးသင့်တယ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (AIPMC) အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Agung Putri Astrid က ပြောလိုက်ကြောင်း
“ဒေါက်တာ ဆူရင်းပစ်ဆူဝမ် အနေနဲ့ မြန်မာနိုင်ငံမှာ အများ ယုံကြည် လက်ခံနိုင်လောက်ပြီး ပွင့်လင်း မြင်သာတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ပေါ်လာအောင် အားပေးသင့်ပါတယ်။ မစ္စတာ ဆူရင်း မြန်မာနိုင်ငံကို သွားရောက်တာဟာ အာဆီယံဥက္ကဋ္ဌ တစ်ယောက် ဖြစ်တဲ့ သူ့အတွက်တော့ အလွန်ကို အရေးပါတဲ့ အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သတ်နေတဲ့ သူတွေ အားလုံးနဲ့ ကျိန်းသေ ဆွေးနွေးနိုင်ဖို့အပြင် အာဆီယံအဖွဲ့ရဲ့ အခန်းကဏ္ဍကိုလည်း အပြည့်အ၀ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ အပြည့်အ၀ ဖြစ်လာဖို့အတွက် အသွင်ကူးပြောင်းမှုတွေ တိုးတက်လာဖို့အတွက် အစိုးရကိုလည်း အကူအညီ ပေးသွားလိုပါတယ်။”
အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာ ခရီးအဖြစ်နဲ့ ဒီကနေ့မှာ စတင် ရောက်လာတာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ် တိုးတက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ လေ့လာဖို့အတွက် ဖိတ်ကြားချက်နဲ့ အခုလို လာရောက်ခဲ့တာ ဖြစ်ကြောင်း
သမ္မတဦးသိန်းစိန်ရဲ့ အစိုးရသစ်က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ် ဆိုပေမဲ့လည်း တဘက်မှာလည်း မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ စိုးရိမ်နေရဆဲဖြစ်ကြောင်း မစ္စ် Agung Putri Astrid က ပြောကြောင်း
“လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေ အပေါ်မှာ ကျမတို့ အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မူဝါဒတွေဟာ သိပ်ပြီးတော့ ခိုင်မာမှုမရှိတဲ့ မူဝါဒတွေ အပေါ်မှာ တည်ဆောက်ထားတယ် ဆိုတာကိုလည်း ကျမတို့အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာ ခိုင်မာတည်ငြိမ်တဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို ကျမတို့ မတွေ့ရပါဘူး။ အစိုးရတွင်းမှာရော ပါလီမန်အတွင်းမှာရော ၊ တခြား တနိုင်ငံလုံးမှာ ရှိတဲ့ အဖွဲ့အစည်းတွေမှာပါ မတွေ့ရသေးပါဘူး။ နိုင်ငံရေးမှာရော စီးပွားရေးမှာပါ တကယ်တမ်း အပြောင်းအလဲကို ဖော်ဆောင်ချင်တယ် ဆိုရင်တော့ ဒီမိုကရေစီစနစ်ကို အခိုင်အမာ တည်ဆောက်ဖို့ လိုပါတယ်။ ဒါကြောင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကလွဲပြီး ကျန်တဲ့ကိစ္စတွေမှာတော့ အာဆီယံအဖွဲ့ဟာ စိုးရိမ်မှုတွေ ရှိနေတုန်းပဲ ဖြစ်ပါတယ်။”
မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ပြီး ငြိမ်းချမ်းရေး အတွက် ဆွေးနွေး ပြောဆိုတာတွေ ရှိနေပေမဲလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာ အဲဒီကနေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်ပြီး ကျူးလွန်တာတွေ ဖြစ်စေတယ်လို့ သူမက ပြောကြောင်း
“မြန်မာအစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေကြား ငြိမ်းချမ်းရေး ပြောဆိုဆွေးနွေး နေတာတွေဟာ အတော်လေးကို မြန်မြန်ဆန်ဆန်နဲ့ ဖြစ်နေတာကို ကျမတို့ တွေ့နေပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း အဲဒီလို ဆွေးနွေးပြောဆိုတာဟာ တဘက်နဲ့ တဘက် အပြန်အလှန် သဘောတူညီမှုတွေ မရတာတွေကိုလည်း ကျမတို့ တွေ့နေရပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို ဖော်ဆောင်တဲ့နေရာမှာ အစိုးရဘက်မှာလည်း ပွင့်လင်းမြင်သာမှု မရှိသလို ဘယ်လိုပုံစံမျိုးနဲ့ လုပ်မယ်ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ အခြေခံမူ မရှိတာကိုလည်း တွေ့ရပါတယ်။ မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသား ပြဿနာနဲ့ ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းဆောင်ရွက်မယ့် နည်းလမ်းတွေလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီတိုင်းရင်းသားအရေး ကိစ္စက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်စပ်နေလို့ ဖြစ်ပါတယ်။”

အာဆီယံအတွင်းရေးမှူးချုပ်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း မြန်မာအစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံသွားဖို့ရှိသလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံသွားဖို့ ရှိနေကြောင်း မြန်မာအစိုးရနဲ့ တွေ့ဆုံဆွေးနွေးစဉ်အတွင်းမှာ လာမယ့် ၂၀၁၄ ခုနှစ် ကျရင် မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့်ကိစ္စကို ဆွေးနွေးတဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ပဋိညာဉ်ကို လိုက်နာပြီး အဖွဲ့ရဲ့ ဂုဏ်ကို ဆောင်နိုင်ဖို့ ဆွေးနွေးသွားဖို့ လိုတယ်လို့လည်း AIPMC က တိုက်တွန်းကြောင်း မစ္စတာ ဆူရင်း အနေနဲ့ သူ့ရဲ့ ဒီခရီးစဉ်အတွင်းမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မယ့်ကိစ္စအပြင် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အားကစားပွဲကိစ္စ နဲ့ပတ်သက်ပြီးတော့ ဆွေးနွေး ပြောဆိုသွားဖို့ ရှိတယ်လို့ ပြောကြောင်း သိရသည်။  

DKBA နဲ့ နယ်ခြားစောင့်တပ်ကြား တင်းမာမှု အစိုးရ၀င်ညှိ

မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) နဲ့ အစိုးရက ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့်တပ်တို့ အကြား တိုက်ပွဲတွေဟာ မနေ့ကစလို့ ဒီကနေ့အထိ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း ဒီကေဘီအေ ပိုင် လက်နက်ခဲယမ်းတွေကို နယ်ခြားစောင့်တပ်က လာရောက်သိမ်းယူဖို့ ကြိုးပမ်းရာကနေ စတင်ခဲ့ကြောင်း တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့တဲ့တင်းမာမှုကို ဒီကနေ့မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကြားဝင် ညှိနှိုင်းပေးနေတယ်လို့ ဆိုကြောင်း သိရသည်။

နိုင်ငံရေးလုပ်ရန် ပြန်လာခြင်းမဟုတ်ဟု ABSDF ခေါင်းဆောင်ဟောင်း ဦးအောင်နိုင်ဦး ပြောကြား


မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၏ခေါင်းဆောင်ဟောင်းဦး
အောင်နိုင်ဦးက ၎င်း၏ ၂၄ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးပြန်လာခဲ့သည့် ခရီးစဉ်သည် နိုင်ငံရေးကိစ္စရပ်များ လုပ်ဆောင်ရန်မဟုတ်ဘဲ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဆောင်ရွက်နိုင်မည့် အခြေအနေများကို လာရောက်ဆွေးနွေးခြင်းဖြစ်သည်ဟု မြန်မာတိုင်း(မ်)သို့ ပြော ကြားသည်။
ယခင်က ABSDF ၏ နိုင်ငံခြားရေး ရာဌာနတာဝန်ခံအဖြစ် ဆောင် ရွက်ခဲ့ပြီး လက်ရှိတွင် ထိုင်းနိုင်ငံအခြေစိုက်ဗဟု ဖွံ့ဖြိုးမှုအဖွဲ့၏ ဒုတိယဒါရိုက်တာအဖြစ် ဆောင်ရွက်နေသည့် ဦးအောင်နိုင်ဦး သည် ABSDF ၏ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ဗဟုအဖွဲ့၏ အကြီးတန်း ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးအောင်သူငြိမ်းနှင့်အတူ ယခုလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး နှစ်ပတ်ကြာနေထိုင်မည် ဖြစ်သည်။
၁၉၈၈ ခုနှစ်တွင် ဆန္ဒပြမှုများ နှိမ်နင်း ခံရပြီးနောက် ၎င်းတို့သည် ထိုင်းနိုင်ငံသို့ နယ်စပ်မှတစ်ဆင့် ထွက်ခွာသွားကြခြင်းဖြစ်သည်။
"ကျွန်တော်တို့ နိုင်ငံရေးအဖွဲ့အစည်းမှာ မပါတော့တာ တော်တော်ကြာပါပြီ။ ၁၉၉၉ ခုနှစ်က ထွက်ပါတယ်။ အဲဒီက ထွက်ပြီး နောက်ပိုင်းမှာ စာရေးတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တာကို ပြောနေဆိုနေတယ်။ မူဝါဒနဲ့ပတ်သက်တာတွေ ပြောနေဆိုနေတယ်။ အခုလည်း နိုင်ငံရေးလုပ်ဖို့ စိတ်ကူးလည်းမရှိဘူး။ ပါလည်းမပါဘူး။ ဗဟုအဖွဲ့နေနဲ့က အခွင့်ရရင် အစိုးရပိုင်းနဲ့ ဖြစ်စေ၊ ပုဂ္ဂလိက၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ဖြစ်စေ ပူးပေါင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်မှာပါ" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအတွင်း အပြောင်းအလဲများ မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာဖြစ်ပေါ်ခဲ့ပြီး ထင်ရှားသည့်ဖြစ်ရပ်မှာ ၎င်းတို့ မြန်မာနိုင်ငံသို့ ပြန်လာခွင့် ရရှိခြင်းဖြစ်သည်ဟု ဦးအောင်နိုင်ဦးက ဆိုသည်။
"နိုင်ငံတစ်ခုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခု၊ ရွေးကောက်ပွဲအသစ်တစ်ခု ဖြစ်တယ်ဆိုရင် အစိုးရတွေ ပြောင်းတတ်တယ်။ နိုင်ငံရေးတွေ ပြောင်းတတ်တဲ့ သဘာဝရှိတယ်။ မြန်မာနိုင်ငံမှာလည်း ရွေးကောက်ပွဲဖြစ်လာတော့ အပြောင်းအလဲတွေ ရှိလာမယ် တော့ခန့်မှန်းတယ်။ ဒါပေမယ့် သမိုင်းကြောင်းအရရော၊ စစ်တပ်က အုပ်ချုပ်ခဲ့တဲ့နှစ်ပေါင်းကလည်း များတယ်။ စီးပွားရေး၊ ပညာရေး တွေမှာ နောက်ကျတယ်။ လူတွေကလည်း ဒီမိုကရေစီအတွေ့အကြုံ နည်းတယ်။ ဒါတွေကြောင့် အပြောင်းအလဲတော့ဖြစ်မယ်၊ နှေး မယ်လို့ ပြောခဲ့ကြတယ်။ ဒါပေမယ့် ခုတစ်နှစ်အတွင်းမှာ တော်တော်မြန်သွားတယ်။ မမျှော်လင့်တာတွေကြုံရတယ်။ ဘယ်လောက်ထိ မြန်သလဲဆိုရင် ကျွန်တော်တို့ကိုယ်တိုင် ပြန်လာနိုင်တဲ့ အနေအထား ဖြစ်သွားတယ်" ဟု ၎င်းက ပြောသည်။
၎င်းတို့ကဲ့သို့ပင် မြန်မာနိုင်ငံသို့ ပြန်လာချင်သည့် ပြည်ပရောက်မြန်မာများအတွက်လည်း တိကျသည့် ဥပဒေနှင့် အချက်အလက်များ ထုတ်ပြန်ပြီးပြန်လာ ခွင့်ရအောင် ဆောင်ရွက်ပေးစေလိုသည် ဟုလည်း ၎င်းက ပြောသည်။
"အခု ကျွန်တော်တို့လာတာဆိုရင် ဦးအောင်မင်းကတစ်ဆင့် တွေ့ဆုံပြီးလာတာ"ဟု ဦးအောင်နိုင်ဦးကပြောသည်။
နှစ်ပတ်ကြာ လာရောက်သည့် ခရီးစဉ်အတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အစိုးရပိုင်းမှ အရာရှိများနှင့်တွေ့ဆုံရန် စီစဉ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂါရ၀ ပြုတွေ့ဆုံရန်ရှိသည်ဟု ဆိုသည်။
"ကျွန်တော်တို့ အစိုးရအရာရှိတွေနဲ့ တွေ့ဖို့လည်းရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဖို့စီစဉ်နေပါတယ်။ ဂါရ၀ပြုဖို့ပါ။ သူတင်မဟုတ်ပါဘူး။ တခြား နိုင်ငံရေးပါတီတွေကလူတွေ၊ ပညာရှင်တွေကိုလည်း ဂါရ၀ါပြု နှုတ်ဆက်မှာပါ။ ဒေါ်အောင်ဆန်းစုကြည် တို့၊ အင်န်အယ်လ်ဒီတို့နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဝေဖန်တာရှိတယ်။ ရှေ့လျှောက်လည်း မကြိုက်ရင် ဝေဖန်မှာပဲ။ ဒါပေမယ့် သူ့ရဲ့ မူဝါဒအကြောင်းပြောတာကတစ်ပိုင်း၊ သူ့ကိုလေးစားမှုက တစ်ပိုင်းပါ။ ကျွန်တော်တို့ ဒေါ်စုကို အရမ်းလေးစားကြတယ်" ဟု ဦးအောင် နိုင်ဦးက ပြောသည်။
ဗဟုအဖွဲ့မှ အခြားအကြီးတန်းခေါင်းဆောင်များဖြစ်သည့် ဒေါက်တာတင်မောင်သန်းနှင့် ဒေါက်တာဇော်ဦးတို့ သည်လည်း အဆိုပါနေ့ တွင်ပင် မြန်မာနိုင်ငံသို့ အပြီးပြန်လာခဲ့သည်။

ထိုင်းအခြေစိုက် ဗဟုဖွံ့ဖြိုးမှုအဖွဲ့သည် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအနက် Policy Research ၊ Advocacy နှင့် Capacity Building တို့တွင် အထူးပြု လုပ်ဆောင်နေကြောင်း သိရသည်။

NLABR
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

 

0 comments:

Post a Comment