မြန်မာသတင်းများ        မတ် ၂၈ ရက်၊ ၂၀၁၂


ဂျဲင်မ်ဝက်ဘ် မြန်မာနိုင်ငံ သွားမည် 

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီ၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ဟာ ရှေ့လအစောပိုင်းမှာ မြန်မာနိုင်ငံကို သွားဖို့ရှိနေကြောင်း
မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပပြီးချိန်လောက်မှာ မြန်မာနိုင်ငံကို သူ ရောက်ရှိမှာဖြစ်တဲ့ အကြောင်းနဲ့ ဧပြီလ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ သွားရောက်မယ့် သူ့ရဲ့ အာရှခရီးစဉ်အတွင်း မြန်မာ့အိမ်နီးချင်း ထိုင်းနဲ့ ဂျပန်နိုင်ငံတွေကိုလည်း သွားရောက်မှာဖြစ်တဲ့ အကြောင်း မစ္စတာ ဝက်ဘ် ရဲ့ ရုံးက မတ်လ ၂၇ ရက်နေ့၊ နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားကြောင်း မြန်မာနိုင်ငံခရီးစဉ်အတွင်း ဘယ်သူတွေနဲ့ တွေ့ဆုံပြီး ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးဖို့ ရှိသလဲဆိုတာနဲ့ ပတ်သက်လို့တော့ ခရီးစဉ် အသေးစိတ်ကို မသိရသေးပါကြောင်း
အထက်လွှတ်တော်အမတ် ဝက်ဘ်ဟာ မြန်မာနိုင်ငံကို ၂ဝဝ၉ ခုနှစ်က နောက်ဆုံးအကြိမ် သွား ရောက်ခဲ့ ကြောင်း အဲဒီအချိန်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခဲ့သလို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် ကျခံနေစဉ်မှာ သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ကြောင်း အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို တိတ်တဆိတ် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို ပြန်လည် လွှတ်ပေးဖို့ မြန်မာအစိုးရကို နားချ စည်းရုံးနိုင်ခဲ့သလို အမေရိကန်နဲ့ မြန်မာအစိုးရအကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ပြန်လည် တည်ဆောက်နိုင်ဖို့အတွက် နှစ်ဘက် ယုံကြည်မှုတိုးမြှင့် တည်ဆောက်ဖို့ကိုလည်း အမေရိကန်အစိုးရကို သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ တိုက်တွန်း ပြောဆိုခဲ့ကြောင်း သိရသည်။

ဒီမိုကရေစီ ပြည်ထောင်စုကြီး ထူထောင်နိုင်ရေး ပြည်သူသာအဓိကလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံ အေးချမ်းသာယာရေးနဲ့ ပြည်သူအများ လိုလားနေတဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ထူထောင်နိုင်ရေးအတွက် အဓိက ဆောင်ရွက်ပေးနိုင်မယ့် အင်အားစုတွေဟာ ပြည်သူတွေသာ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ကြောင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ကျင်းပတဲ့ ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာပေးပို့ ပြောကြားလိုက်ကြောင်း
NLD ပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ရုန်းကန်လှုပ်ရှားချိန်ကစပြီး မသမာမှုအမျိုးမျိုး၊ အထူးသဖြင့် ပြည်သူကို ခြိမ်းခြောက်မှုအမျိုးမျိုး ကြုံတွေခဲ့ရကြောင်း၊ ဒီအခက်အခဲတွေကို ပြည်သူတွေနဲ့အတူ ဒီမိုကရေစီ အမှန်တကယ်လိုလားတဲ့ အဖွဲ့အစည်းအားလုံး ပူးပေါင်းပြီး ရင်ဆိုင်ကျော်လွှားရမှာ ဖြစ်ကြောင်း
လွန်ခဲ့တဲ့ ၆၇ နှစ်ကာလ တပ်မတော်နဲ့ ပြည်သူလက်တွဲပြီး ဖက်ဆစ်တွေကို တော်လှန်ခဲ့တဲ့နည်းတူ လက်ရှိမြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက်လည်း တိုင်းရင်းသား ပြည်သူတွေနဲ့အတူ တပ်မတော်သားအားလုံး ဆက်လက်ကြိုးပမ်းကြဖို့ NLD သဘာပတိ သူရဦးတင်ဦးကလည်း ဒီအခမ်းအနားမှာ တိုက်တွန်း ပြောကြားသွားကြောင်း
အလားတူ ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းဖေ နေအိမ်မှာလည်း ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် မိတ်ဆုံစားပွဲ ကျင်းပပါတယ်။ ဒီမိတ်ဆုံစားပွဲကို သခင်သိန်းဖေ၊ သခင်ချန်ထွန်း၊ ဦးနိုင်ငွေသိမ်း၊ ဦးသာဘန်း၊ ဦးအေးသာအောင်၊ ဦးအုန်းမောင်၊ ရှေ့နေ ဦးသန်းတင်၊ ဦးသန်းစိန်၊ ဦးသန်းထွန်း စတဲ့ ဝါရင့် နိုင်ငံရေးသမားကြီးတွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပဲခူးတိုင်း အနောက်ခြမ်းက လယ်သမားများ ဆန္ဒပြ

ပဲခူးတိုင်း၊ အနောက်ခြမ်း ပန်းတောင်းမြို့နယ်၊ ကျီးပင်ကျေးရွာအုပ်စုက လယ်သမား တစ်ရာလောက်ဟာ သူတို့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ မြို့နယ်အုပ်ချုပ်ရေးရုံးကို ဒီကနေ့ ဆန္ဒပြချီတက်ကြတယ်လို့ လယ်သမားတွေက ပြောကြောင်းစစ်အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီး ဦးတင်လှိုင်လက်ထက်က လယ်သမားတွေကို လုပ်ပိုင်ခွင့်ချထားပေးခဲ့တဲ့ မြေတွေမှာ ပုဂ္ဂလိကပိုင်ကုမ္ပဏီက ကျွန်းပင်တွေလာစိုက်ပျိုးတဲ့အတွက် လယ်ယာမြေနဲ့ စားကျက်မြေ ဆုံးရှုံးရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒဖော်ထုတ်တာလို့ ကြာအင်းရွာဟောင်းက လယ်သမားကြီး ဦးစပယ်က ပြောကြောင်း သိရသည်။
အကြောက်တရားကို တော်လှန်ဖို့ ဒေါ်စု တိုက်တွန်း
ဒီမိုကရေစီ ပြည်ထောင်စုကြီးအဖြစ် ထူထောင်ဖို့ ဦးတည်နေတဲ့ မြန်မာနိုင်ငံမှာ  အကြောက်တရား လွှမ်းမိုး မှုတွေကို တော်လှန်ကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကျရောက်တဲ့  ၆၇ နှစ်မြောက်  ဖက်ဆစ် တော်လှန်ရေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ပြည်သူကို တာဝန်ခံတဲ့ အစိုးရ ထဲမှာ တပ်မတော်သား တွေ ဟာလည်း  တသားတည်း ပါဝင်ဖို့ကို ၈၈ မျိုးဆက် ကျောင်းသား တွေကလည်း တိုက်တွန်း လိုက်ကြကြောင်း သိရသည်။

ရွေးကောက်ပွဲ မသမာမှုများ ရင်ဆိုင် ကျော်လွှားရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကြုံတွေ့ရသော မသမာမှုများကို ရင်ဆိုင်ကျော်လွှားရန် တိုက်တွန်းလိုက်ကြောင်းနှင့် ပြည်သူအများ လိုလားသော ဒီမိုကရေစီ ပြည်ထောင်စုကြီး ထူထောင်ရန် ဦးတည်သော စိတ်ဓာတ်တော်လှန်ရေးကြီး အောင်မြင်ရန် ဆုမွန်ကောင်း တောင်းလိုက်ကြောင်း ယနေ့ကျရောက်သည့် ၆၇ နှစ်မြောက် ဖက်ဆစ် တော်လှန်ရေးနေ့ အတွက် ပေးပို့သော ၎င်း၏ သ၀ဏ်လွှာတွင် ဖော်ပြထားကြောင်း သိရသည်။

၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားများ ကျင်းပ

ယနေ့ ကျရောက်သော ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ၀ါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့က ၀ါရင့်နိုင်ငံ ရေးသမားကြီး တဦးဖြစ်သည့် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ သခင်သိန်းဖေ၏ နေအိမ်တွင် လည်းကောင်း၊ NLD က ဗဟန်းမြို့နယ်ရှိ ရုံးချုပ်တွင် လည်းကောင်း ကျင်းပကြောင်း သတင်းရရှိသည်။


တပ်မတော်သည် ဒို့တာဝန် အရေးသုံးပါးအား အမျိုးသားရေး မူဝါဒအဖြစ် ချမှတ်ထားပြီး အစိုးရ ၏ ဒီမိုကရေစီ လုပ်ငန်းများကို မျက်ခြည်မပြတ် လေ့လာသွားရန် လိုအပ် ကြောင်း မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ၆၇ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြား သွားခဲ့သည်။၆၇ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် စစ်ရေးပြ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး အဆိုပါ မိန့်ခွန်းထဲတွင် တပ်မတော်၏ ဖခင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သည့် တပ်မတော်ကို ဗိုလ်ချုပ်နေ၀င်းနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က ဆက်ခံပြီး လက်နက်များနှင့် စည်းကမ်းကောင်းသော၊ စနစ်တကျရှိသော၊ ခေတ်မီ တပ်မတော်အဖြစ် ခေတ်ကာလနှင့်အညီ တည်ဆောက်ပေးခဲ့ခြင်းကို ကျေးဇူးတင်ထိုက်ကြောင်းနှင့် တပ်မတော်သည် နိုင်ငံတော်ကို စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ရောက်အောင် ပေးထားသည့် ကတိအတိုင်း မှန်ကန်တည်ကြည်စွာ ဆောင်ရွက် ပေးခဲ့ပြီး ဒီမိုကရေစီ နိုင်ငံအဖြစ် ဆက်လက်ဆောင်ရွက်သည့် လမ်းကြောင်းတွင် တပ်မတော်၏ အခန်းကဏ္ဍကို ပြောကြားလိုကြောင်း စသည်ဖြင့် မြန်မာ့တပ်မတော် စတင် ဖြစ်ပေါ်လာပုံနှင့် တပ်မတော်၏ ခေတ်အဆက်ဆက် တာဝန်ကျေစွာ ဆောင်ရွက်မှုများကို အစချီ၍ ပြောကြားခဲ့သည်။ထို့ပြင် ဒို့တာဝန် အရေးသုံးပါးအား အမျိုးသားရေးမူဝါဒဖြင့် ချမှတ်ပြီး နိုင်ငံတော်တာဝန်များကို ထမ်းဆောင်သွားရမည် ဖြစ်ကြောင်းကို လည်း တိုက်တွန်း ပြောကြားသွားခဲ့သည့် အပြင် တပ်မတော်နေ့ဖြင့် အစိုးရ၏ ဒီမိုကရေစီ လုပ်ငန်းများကိုလည်း မျက်ခြေမပြတ် လေ့လာသွားရန် လိုအပ်ကြောင်းကိုလည်း အဆိုပါ ၆၇ နှစ် မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားသွား ခဲ့သည်။
တပ်မတော်သည် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ နှင့် စနစ်တကျ ဖွဲ့စည်းထားပြီး တိုင်းရင်းသားအားလုံး ပါဝင်သောကြောင့် တပ်မတော်ကို တစ်နည်းအားဖြင့် ပြည်ထောင်စု တပ်မတော်ပင် ဖြစ်ကြောင်းနှင့် ပြည်သူများ၏ အရေးကို ဆောင်ရွက်ရာတွင် ပါတီစွဲ၊ လူ မျိုးစွဲ၊ ဒေသစွဲများ မပါရှိဘဲ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး လွှမ်းခြုံနိုင်သည့် အမျိုးသားနိုင်ငံရေး သက်သက်ကိုသာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း  ၆၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်ခရိုင် ဇေယျာသီရိမြို့နယ်၊ တပ်မတော်နေ့ စစ်ရေးပြကွင်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး စစ်ဖက်နယ်ဖက်မှ အရေးကြီးပုဂ္ဂိုလ်များ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး စစ်သည်အင်အား ၁၃၃၉၂ ဦး ပါဝင်သည့် စစ်ကြောင်းကြီးဖြင့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ ပြည်တွင်းပြည်ပ မီဒီယာများမှ သတင်းထောက်များ တက်ရောက်ခွင့် ရရှိခဲ့ကြပြီး ပြီးခဲ့သည့် ၆၆ နှစ်မြောက် တပ်မတော် နေ့ အခမ်းအနားကိုမူ ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်တပ်ကကာကွယ်မည်

မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ တိုင်းပြည် တည်ငြိမ်ရေးအတွက် အရေးကြီးကြောင်းနဲ့ မိမိအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်သွားမှာဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ၆၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ပြောလိုက်ကြောင်း သိရသည်။

နိုင်ငံရေးမှာ တပ်မတော် ဆက်လက်ပါဝင်သွားမည်

မန်မာနိုင်ငံမှာ တပ်မတော်က ဦးဆောင်မှုကဏ္ဍမှာရှိနေတာကို သဘောတူပေမဲ့ အဲဒီအချက်ကြောင့် တပ်မတော် က နိုင်ငံကို အုပ်ချုပ်မယ်ဆိုတာမျိုးကိုတော့ သဘောမတူဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တာဝန်ရှိသူတဦးက ပြောပါ တယ်။ တပ်မတော်ဟာ တိုင်းပြည်ကာကွယ်ရေးတာဝန်ကိုပဲ ယူသင့်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တဦးက ပြောသလို ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ ခေါင်းဆောင်တဦးကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျှော်ကိုးပြီး ပုံစံတကျမဟုတ်သေး တဲ့ နိုင်ငံရေးဖြစ်စဉ်တခုကို ဖြတ်သန်းနေရတာဖြစ်တယ်လို့ ပြောပါတယ်။ ၆၇ နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းအဖြစ် ကာကွယ်ရေးဦးစီးချုပ်ပြောသွားတဲ့ မိန့်ခွန်းပါအချက်တချို့အပေါ် အခုလို တုံ့ပြန်ချက် အသီးသီးကိုတော့ စုစည်းပြီး တင်ပြထားကြောင်း
မိန့်ခွန်း။ “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ)မှာ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိတယ်လို့ အတိအကျ ဖော်ပြ တာဝန်ပေးအပ်ထားပြီး ဖြစ်တယ်။ ဒါ့ကြောင့် တို့ တပ်မတော်အနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားရမှာ  ဖြစ်ကြောင်း ပြောကြားလိုတယ်။”
မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့အပြောင်းအလဲဖြစ်ပြီးတဲ့နောက် ပထမဆုံးကျင်းပတဲ့ တပ်မတော်နေ့အခမ်းအနားကို နေပြည် တော်မှာ ကျင်းပခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တက်ရောက်ပြီး ပြောကြားတဲ့မိန့်ခွန်းကို နိုင်ငံပိုင် အသံလွှင့် ဌာနတွေကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့တာပါ။
မိန့်ခွန်းထဲမှာ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တပ်မတော်ဟာ အတိတ်တုန်းကလိုပဲ နိုင်ငံရေးမှာ ဆက်ပြီး ပါဝင်သွားမယ်လို့ ပြောပါတယ်။
မိန့်ခွန်း။ “ နိုင်ငံတော်ရဲ့ စီးပွားရေးဦးတည်ချက်တွေအတိုင်း တပ်မတော်က သက်ဆိုင်ရာကဏ္ဍက တတတ်တအား ပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။ ဒီကနေ့ နိုင်ငံတော်က ချီတက်နေတဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ အစိုးရရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို တပ်မတော်က မှန်မှန်ကန်ကန် ရပ်တည်ဆောင်ရွက်ပေးသွားမှာ ဖြစ်လို့၊ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ၊ ဆောင်ရွက်နေတဲ့ ဒီမိုကရေစီအုပ်ချုပ်မှုပုံစံတွေကို မျက်ခြည်မပြတ် လေ့လောနေကြဖို့ လိုအပ်တယ်။”
နိုင်ငံပိုင်သတင်းစာတွေထဲမှာ ဖော်ပြထားတဲ့ တပ်မတော်နေ့ဦးတည်ချက်ထဲမှာလည်း နိုင်ငံတော်၏ အမျိုးသားနိုင်ငံ ရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးဆိုတဲ့ ဦးတည်ချက်တခု ပါဝင်ပါတယ်။
ဒီအပေါ် NLD ရဲ့ သဘောထားကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက အခုလိုပြောပါတယ်။
ဦးဉာဏ်ဝင်း။ “ကျနော်တို့သဘောထားက ကျနော်တို့ NC လုပ်ကတည်းက တင်ပါတယ်။ တပ်မတော်က ဦးဆောင်မှုကဏ္ဍမှာ ရှိနေတာကို ကျနော်တို့ သဘောတတယ်။ သို့သော် ဦးဆောင်မှုဆိုပြီးတော့ တိုင်းပြည်ကို အုပ်ချုပ်မယ်ဆိုတာမျိုးကိုတော့ ကျနော်တို့ သဘောမတူပါဘူး။”
နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ရေးဆိုတာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အာမခံချက်ပေးထားတဲ့ အချက်ဖြစ်ပါတယ်။ လွှတ်တော်အသီးသီးမှာလည်း မဲဆန္ဒရှင်လူထုက ရွေးကောက်တင်မြှောက်တာမဟုတ်ဘဲ ကာကွယ်ရေး ဦးစီး ချုပ်က တိုက်ရိုက်ခန့်ထားတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ၂၅% နေရာယူထားတာပါ။ ကာကွယ်ရေးဦးစီး ချုပ်က ဖွဲ့စည်းပုံကို ကာကွယ်ရမယ်လို့ ပြောခဲ့ပေမဲ့ ဦးဉာဏ်ဝင်းကတော့ -
"ကျနော်တို့က ဥပဒေတရပ်အနေနဲ့ လေးစားမယ်၊ ကာကွယ်စောင့်ရှောက်မယ်ဆိုတာကတော့ ကျနော်တို့ လက်မခံတဲ့ အသုံးအနှုန်းပါ။”
ဒီမိုကရေစီနိုင်ငံတခုအဖြစ် တည်ဆောက်မယ်ဆိုရင် တပ်မတော်ဟာ သူလုပ်ရမယ့်အလုပ်ကိုပဲ လုပ်သင့်တယ်လို့ ရခိုင်တိုင်းရင်း သား နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်က ပြောပါတယ်။
ဒါနဲ့ ပတ်သက်လို့တော့ ကျနော်တို့က ရှင်းရှင်းပြောမယ်ဆိုရင် ဘ၀င်မကျဘူး။ ဒီမိုကရေစီနိုင်ငံကို သွားမယ်ဆိုရင် တပ်မတော်ဟာ တကယ့်ကာကွယ်ရေးအလုပ်လို့ ပြောရမယ့်အလုပ်ကိုပဲ ကျနော်တို့ လုပ်စေချင်တယ်။ ဒါလည်း တိုင်းပြည်အရေး နိုင်ငံအရေး အတွက်ပဲ ပေါ့၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ လမ်းညွှန်အနေနဲ့ ဖော်ပြထားတဲ့ တပ်မတော်သည် အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်အခန်းကဏ္ဍက ပါရမယ်ဆိုတဲ့အချက်ကိုတော့ ကျနော်တို့က သိပ်ဘ၀င်မကျဘူး။ ပြီးတော့ ဒီမိုကရေစီနိုင်ငံ ဖော်ဆောင် မယ် ဆိုတဲ့ဟန်နဲ့လည်း မကိုက်ညီဘူးလို့ ကျနော်တို့ မြင်ပါတယ်။”
အခြေခံဥပဒေဆိုတာ တပ်မတော်မှမဟုတ်ဘဲ နိုင်ငံသားတိုင်းက လေးစားလိုက်နာရမှာဖြစ်တယ်လို့ ဦးအေးသာအောင်က ဆိုပေမဲ့ ၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရေစီအခြေခံတွေ၊ တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်တွေ မပါတဲ့အတွက် ပြင်ဖို့တော့ လိုတယ်လို့ ပြောပါတယ်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေအရဆိုရင် စစ်တပ်ရဲ့ကိစ္စအရပ်ရပ်ဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ လုံးဝရှိနေတဲ့ အပြင် စစ်ဘက်နဲ့ပတ်သက်တဲ့ ပြစ်မှုဆိုင်ရာတွေကို အရပ်ဘက်ဥပဒေတွေအရ ဖွဲ့စည်းထားတဲ့ တရားရုံးတွေကနေ စစ်ဆေးခွင့်မရှိ ဘဲ စစ်တပ်ကဖွဲ့စည်းတဲ့ စစ်ခုံရုံးတွေမှာပဲ စစ်ဆေး အရေးယူရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကာလတခုမှာ ပုံစံတကျ မဟုတ်တဲ့ နိုင်ငံရေးဖြစ်စဉ်တခုကို ဖြတ်သန်းနေရတာဖြစ်ပါတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုကိုကြီးက ပြောပါတယ်။
ကိုကိုကြီး ။ “ကျနော်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျှော်ကိုးပြီးတော့ ကာလတခုမှာ သမားရိုးကျမဟုတ်တဲ့၊ ပုံစံတကျမဟုတ်သေးတဲ့ နိုင်ငံရေးဖြစ်စဉ်တခုကို ဖြတ်သန်းနေရတာပါ။ တကယ့်တကယ်ကတော့ တည်ငြိမ်တဲ့ အခြေကျတဲ့ ဒီမိုကရေစီနိုင်ငံတနိုင်ငံဖြစ်လာပြီဆိုရင် ဒီတပ်မတော်သားဆိုတာဟာလည်း နိုင်ငံသားတွေရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်တာ ကြောင့် သူက အထူးအခွင့်အရေး ရယူခံစားတာမျိုး သာမန်နိုင်ငံသားတွေထက် ကျော်လွန်ပြီးတော့ အထူးအခွင့်အလမ်း တခုမှာ ရနေတာမျိုးဟာ သူတို့ကိုယ်က မဖြစ်သင့်ဘူးဆိုတာကို သူတို့ကိုယ်တိုင် နားလည် သဘောပေါက် လာလိမ့်မယ်လို့ ကျနော် ယုံကြည်မျှော်လင့်ပါတယ်။ နောက်ပြီးတော့ ဒါဟာ ကျနော်တို့ ရေရှည်သွားရမယ့် ပန်းတိုင်တခုလည်း ဖြစ်ပါတယ်။”
မြန်မာအစိုးရက တပ်မတော်နေ့လို့ခေါ်ပြီး NLD နဲ့ တခြားအဖွဲ့အစည်းတွေက တော်လှန်ရေးနေ့လို့ခေါ်တဲ့ မတ်လ ၂၇ ရက်နေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားတခုကို NLD ရုံးချုပ်မှာ ကျင်းပခဲ့သလို ၀ါရင့်နိုင်ငံရေးသမားကြီးတွေကလည်း သခင်သိန်းဖေ အိမ်မှာ မိတ်ဆုံစားပွဲတခု လုပ်ခဲ့ကြပါတယ်ခင်ဗျား။

ပဒိုမန်းငြိမ်းမောင် နိုင်ငံရေးဓားစာခံအဖြစ် အသုံးခံရဟု မြင်

ရန်ကုန်အင်းစိန်ထောင်မှာ ထောင်ဒဏ် တသက်တကျွန်း ကျခံနေရာကနေ  ပုဒ်မ ၁၀၄ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မကြာသေးခင်က ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ကရင့်အမျိုးသားအစည်းအရုံး KNU ရဲ့ ဗဟိုကော်မီတီဝင် ပဒို မန်းငြိမ်းမောင် ဟာ ထိုင်းမြန်မာနယ်စပ်ကို ပြန်လည်ရောက်ရှိလာပြီးတဲ့နောက် KNU နဲ့  မြန်မာအစိုးရကြား ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သူဟာ နိုင်ငံရေးဓားစာခံဖြစ်ခဲ့ရတယ်လို့ ပြောဆိုလိုက်ကြောင်း သိရသည်။

ကော့မှူးမှာ ၀န်ကြီးဟောင်းတွေကိုယ်တိုင် မဲဆွယ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ငွေကြေးပစ္စည်းတွေနဲ့မဲဆွယ်နေသလို၊ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ထားတဲ့ စာရွက်စာတမ်း ဖြန့်တဲ့လုပ်ရပ်တွေ ရှိနေပြီး၊ စစ်အစိုးရလက်ထက်က ဝန်ကြီးဟောင်းတချို့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကနေ ပါဝင်မဲဆွယ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

NLD ကြေညာချက် အဓိပ္ပါယ်လွဲမှားနိုင်ဟု KIO ပြော 

ကချင်ပြည်နယ် မြို့နယ် သုံးခုတွင် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအောင်နိုင်ရေးက ထုတ်ပြန်သည့် ကြေညာချက်မှာ အဓိပ္ပါယ် အကောက်အယူ လွဲမှားသွားစေနိုင်ကြောင်း တနင်္လာနေ့က NLD ဗဟိုအောင်နိုင်ရေး၏ ကြေညာချက်တွင်“ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကိစ္စကို KIA/KIO နှင့်
ဆွေးနွေးညှိနှိုင်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆန္ဒရှိပါသည်”ဟု ရေးသားထားခြင်းသည် ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း မြို့နယ်များတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းမှာ KIO ကြောင့် ဖြစ်သည်ဟု အဓိပ္ပါယ် လွဲမှား ကောက်ယူသွားနိုင်သည်ဟု KIO ပြောခွင့်ရသူ ဦးလနန်က ပြောကြောင်း

“မြို့နယ် သုံးခု ပိတ်ပင်လိုက်တာဟာ KIO ကြောင့် ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ် လွဲမှားပြီးတော့ ကောက်ယူသွားမှာ စိုးရိမ်တယ်ခင်ဗျ။ အမှန်တကယ်က ကျနော်တို့နဲ့ ဘာမှ ပတ်သက်မှု မရှိဘူးဆိုတာ ပြောချင်ပါတယ်။ အခု ကြေငြာချက် မှာ KIO နဲ့ တွေ့ဆုံပြီးမှ၊ KIO က ခွင့်ပြုမှ၊ KIO တွေက ရွေးကောက်ပွဲ မကျင်းပနိုင်အောင် ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေတယ်”

NLD ကြေညာချက်တွင် KIA/KIO နှင့် ဆွေးနွေးညှိနှိုင်းနိုင်ရန် ကော်မရှင် (သို့မဟုတ်) အစိုးရမှ ဆောင်ရွက်ပေးပါက ဧပြီ ၁ ရက်နေ့တွင် ထိုမဲဆန္ဒနယ်များ၌ ရွေးကောက်ပွဲများ ကျင်းပနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ထိုကြေညာချက်နှင့်ပတ်သက်၍ KIO မှ မရှင်းလင်းကြောင်း “ကျနော်တို့ သိပ်နားမလည်ဘူး။ ဒါကြောင့်မို့ ဖြစ်နိုင်ရင် NLD ကနေ တိုက်ရိုက် ကျနော်တို့ကို စာနဲ့ရေးသားဖို့ သူတို့ ဘာကို ရည်ရွယ်တယ်ဆိုတာ” ဟု ဦးလနန်က ပြောကြောင်း

NLD ၏ အဆိုပါ ကြေညာချက်တွင်ပင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပံ့ပိုးကူညီရန် အဆင့်သင့်ရှိပါကြောင်းလည်း ဖော်ပြထားရာ KIO ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အဆင်သင့် ရှိသည်ဟု ဦးလနန် က ပြောဆိုလိုက်ကြောင်း

မတ်လ ၂၃ ရက်နေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော် မြို့များတွင် “လုံခြုံရေးအခြေအနေကြောင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့်”ရွှေ့ဆိုင်းလိုက်ကြောင်း

ထို မဲဆန္ဒနယ် သုံးခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD က ပြည်သူများအနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးရန် အားခဲထားထားမှု ပျက်ပြား၍ စိတ်ပျက်ရပြီး လုံခြုံရေးဆိုင်ရာ ပြဿနာ တစုံတရာ မတွေ့ရှိရကြောင်း
KIO ကလည်း “အဲဒီဒေသမှာလည်း KIO တပ်ဖွဲ့ဝင်တွေ သွားတာလာတာ မရှိဘူး။ ဒါကြောင့် ကျနော်တို့က
နှောက်ယှက်တာလည်း ရှိမှာမဟုတ်ဘူး။ ဘယ်လို ရည်ရွယ်ချက်နဲ့ ပြောတယ်ဆိုတာကိုတော့ နားမလည်ဘူး။ လုံခြုံရေးမဖြစ်ဘူးဆိုတဲ့ ဆင်ခြေက သိပ်ပြီး ယုတ္တိမရှိဘူး”ဟု ဦးလနန်ကပြောကြောင်း
သိရပါတယ်။


ကချင်ပြည်နယ် ငြိမ်းချမ်းရေး နှင့် မြစ်ဆုံ အရေးကိစ္စများအတွက် ဘာသာပေါင်းစုံ၊ တိုင်းရင်းသား ပေါင်းစုံ ပါဝင်သော ဆုတောင်းပွဲတစ်ရပ်ကို ၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ ယုဒဿန် ဗိမာန်တော်တွင် ပြုလုပ်ခဲ့ပါသည်။
ဆုတောင်းပွဲကို ညနေ ၄ နာရီ အချိန်တွင် စတင်ခဲ့ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူစသည့် ဘာသာကြီးလေးခုမှ တက်ရောက် လာသူများ၊ ကချင်ပြည်နယ် ဒေသခံများ၊ ကရင်၊ ရှမ်း၊ ချင်း၊ မွန်၊ ရခိုင်စသည့် တိုင်းရင်းသားများ၊ ၈၈ မျိုးဆက် ကျောင်းသားများ စသူတို့ ပါဝင်တက်ရောက်ခဲ့ကြပြီး ဆုတောင်းပွဲ ဖြစ်မြောက်ရန် ကရုဏာရှင် အမျိုးသမီးများအဖွဲ့မှ စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အနုပညာရှင်တို့ ရွေးကောက်ပွဲပညာပေး အစီအစဉ်စတင် 

အနုပညာရှင်တို့၏ ရွေးကောက်ပွဲပညာပေး အစီအစဉ်ကို အင်္ဂါနေ့တွင် မန္တလေးတိုင်း
ပြင်ဦးလွင်တွင် စတင်၍ လုပ်ဆောင်နေကြောင်း ဒါရိုက်တာ ဝိုင်း၊ သရုပ်ဆောင် လူမင်း၊ ထွန်းအိန္ဒြာဗို၊ ဝေဠုကျော်၊ ရဲတိုက်၊ ချစ်သုဝေတို့ ပါဝင်သည့် ရွေးကောက်ပွဲ ပညာပေး သရုပ်ပြအစီအစဉ်ကို ပြင်ဦးလွင်မြို့ ဉာဏ်တောကွင်းတွင် အင်္ဂါနေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်ဟု သရုပ်ဆောင် ရဲတိုက်က ပြောကြောင်း
သိရပါတယ်။
သီလဝါမီး ဒေါ်လာ ငါးသန်းကျော် ဆုံးရှုံး
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်း MITT တွင် တနင်္လာနေ့ နေ့လယ် ၂ နာရီ ခွဲခန့်မှ စ၍ အင်္ဂါနေ့ မနက် ၆ နာရီထိ လောင်ကျွမ်းခဲ့သည့် မီးကြောင့် သစ်လုံးများ
လောင်ကျွမ်းသွားခဲ့ရာ ဒေါ်လာ ငါးသန်းခန့်တန်ဖိုး ဆုံးရှုံးသွားရကြောင်း

“အမေရိကန်ဒေါ်လာ ငါးသန်းပါ။ သစ်လုံးတန်ချိန် ၇,၀၀၀ လောင်သွားပါတယ်။ ကနေ့မနက် ၆ နာရီမှာ ငြှိမ်းသတ်နိုင် ခဲ့ပါတယ်”

အဆိုပါဆိပ်ကမ်းတွင် CIFG ကုမ္ပဏီပိုင် သစ်လုံးတန်ချိန် သုံးသောင်း ရှိသည့်အနက် မီးလောင်မှုကြောင့် ကျွန်းသစ် တန်ချိန် ၃,၀၀၀ ခန့်နှင့် သစ်မာ တန်ချိန် ၄,၀၀၀ ခန့် မီးလောင်ခံ ရသည်ဟု ဆိုကြောင်း

မီးလောင်မှု ဖြစ်ပွားပုံမှာ ‘လမ်းသွားလမ်းလာ တဦးက သောက်လက်စ ဆေးလိပ်မီး ပစ်ချခဲ့ရာမှ ကိုင်းတောအခြောက် များကို လောင်ကာ ယင်းမှတဆင့် ပုံထားသော သစ်လုံးများ၊ ကျောက်မီးသွေးများကို လောင်ခြင်းဖြစ်ကြောင်း’ ရန်ကုန်တိုင်း ဗဟိုမီးသတ်ဦးစီးဌာန မှတ်တမ်းတွင် ရေးသားထားသည်ကို သတင်းမီဒီယာသမားများက ဖတ်ခွင့်ရခဲ့ကြောင်း
သို့သော် တနင်္လာနေ့ညက မီးသတ်ရဲဘော်များထံမှ ပေးပို့သော အစီရင်ခံချက်အရ ဆိပ်ကမ်းရှိ ကျောက်မီးသွေးများမှ စတင် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း

“ကျနော်တို့ဆီကို ရှေ့တန်း (မီးလောင်ပြင်)က သတင်းပို့တာ ကျောက်မီးသွေးဆိုတာ နေပူရင် သူ့အလိုလို မီးလောင် တတ်တယ်တဲ့။ အခုလည်း အဲလိုပဲဖြစ်တာတဲ့”

မီးလောင်ခြင်း အကြောင်းရင်းနှင့် ပတ်သက်၍ ထိုသို့ ကွဲလွဲချက်များ ဖြစ်နေရခြင်းကို “တာဝန်ရှိတာက ဆိပ်ကမ်းမှာ ရှိတာပေါ့။ အဲဒီသစ်တွေက ရောင်းပြီးသားလည်း ကြားတယ်။ တယောက်တမျိုးတော့လည်း ပြောနေကြတာပေါ့နော့။ ဆိုတော့ကာ လျော်ရမှာက ဆိပ်ကမ်းလေ။ ဒါကြောင့်မို့ တရားခံကို ဖျောက်ဖို့ လုပ်နေတာလေ။ အခု တရားခံ မရှိဘူးလေ” ဟု ပြည်တွင်း ဂျာနယ်သတင်းထောက်တဦးက ပြော
ကြောင်း

ထို့ပြင် မီးလောင်မှုကို မျက်မြင်တွေ့ခဲ့ရသည့် ဦးပိုင် ကုမ္ပဏီ လိမိတက်မှ အငြိမ်းစား ဗိုလ်ကြီးတဦးကလည်း “ဆိပ်ကမ်း မှာ လောင်တဲ့မီး ဆိပ်ကမ်းတာဝန်ခံတွေမှာ တာဝန်ရှိတာပေါ့ဗျာ။ အခုကတော့ လူတယောက် ဆေးလိပ်သောက်သွား တာက ကျကျန်ခဲ့တဲ့ မီးပွါးကြောင့် မီးလောင်မှုဖြစ်တယ် ဆိုတာကတော့ တရားလွန်တယ်။ ကျနော်တို့ ဦးပိုင်ကလည်းကျောက်မီးသွေး လုပ်ဖူးပါတယ်။ ကျောက်မီးသွေးက နေပူရင် အဲလိုပဲ မကြာခဏ မီးလောင်တာပဲလေ။ သူက ဖြစ် တတ်တာပဲ။ တာဝန်ယူရမှာကို တာဝန်ယူပါ။ ဆိပ်ကမ်း အသုံးမကျလို့ ဖြစ်တာပဲဗျာ။ အသိသာကြီး” ဟု  အမည်မဖေါ်လိုသော အငြိမ်းစား ဗိုလ်ကြီးတဦးကပြော
ကြောင်းဗဟိုမီးသတ်၏ အင်္ဂါနေ့နံနက်က ဆုံးရှုံးမှုတန်ဖိုးကို ဖော်ပြရာတွင် မီးလောင်ခြင်းခံရသည့် ကျောက်မီးသွေးတန်ဖိုးကိုမူဖေါ်ပြထားခြင်း မရှိကြောင်း

အဆိုပါ မီးလောင်မှုကြောင့် အရေးယူမည့်သူကိုမူ စုံစမ်းဆဲဟု ဗဟိုမီးသတ် ဦးစီးဌာန မှတ်တမ်းတွင် ဖေါ်ပြထားသည် ကို တွေ့ရ
ကြောင်းကျောက်တန်းရဲစခန်းမှ အဆိုပါအမှုကို ပ(၁၁၅)/၂ဝ၁၂ /ပုဒ်မ ၂၈၅(ပေါ့ဆမှု)တို့ဖြင့် အမှုဖွင့်ထားကြောင်း မီးလောင်ရာသို့ မီးသတ်ကား၊ ရေသယ်ယာဉ်၊ အုပ်ချုပ်မှုယာဉ်၊ အကူယာဉ် စုစုပေါင်း ၅၈ စီး၊ မီးသတ် တပ်သားနှင့် အရန်တပ်သား  ၄၄၇ ဦး၊ ကြက်ခြေနီ ၆ ဦး တို့လည်း မီးလောင်ပြင်တွင် သွားရောက်ငြှိမ်းသတ်ခဲ့ကြရကြောင်းသီလဝါ ဆိပ်ကမ်းဝင်းတွင် ပြည်ပမှ တင်သွင်းလာသော ကားစီးရေ ၁,၁၀၀ ခန့် ရှိရာ ယင်း ကားများကို ကူးစက်လောင်ကျွမ်းမှု မရှိစေရေးအတွက် ကြိုးစားခဲ့ရကြောင်း
မီးလောင်ရာ တဝိုက်တွင် လူနေရပ်ကွက်များ မရှိဘဲ ပေါက်ကွဲမှုလည်း တစုံတရာ မကြားသိရ၍ လူများ ထိခိုက်ဒဏ်ရာ ရရှိမှုလည်း မရှိကြောင်း ဗဟိုမီးသတ်ဌာနမှ ပြော
ကြောင်းသိရပါတယ်။

မြန်မာ့တရားရေး ပိုပြီးပျက်စီးလာနေ

မြန်မာပြည်ရဲ့အပြောင်းအလဲကာလ တရားစီရင်မှု တစ်ချို့မှာ ဥပဒေ ပြဋ္ဌာန်းချက်တွေကို လှည့်ဖျားခဲ့တာတွေ ရှိနေတယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင် AHRC က မနေ့က ထုတ်ပြန် ကြေညာလိုက်ကြောင်း 
ကရင်အမျိုးသား အစည်းအရုံး ကေအင်ယူ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ရဲ့အမှုမှာ တရားရုံးနဲ့ သမ္မတရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေကြောင်းအရ မှားယွင်းတာ ရှိနေတယ်လို့ AHRC ပြောခွင့်ရ ပုဂ္ဂိုလ် ရှေ့နေ ဦးမင်းလွင်ဦးက ပြောကြောင်း 
အလားတူပဲ ရန်ကုန်မှာ နာမည်ကြီး လူသတ်မှုတစ်ခု ဖြစ်တဲ့ ဆေးရုံကားမောင်းသူ ကိုတင်မောင်ဆွေကို အများပြည်သူရှေ့မှောက် လူတစ်စုက မသေမချင်း၊ ရိုက်နှက်သတ်ဖြတ်တဲ့အမှုနဲ့ပတ်သက်ပြီးတော့လည်း ဦးမင်းလွင်ဦး က- "ဒီအမှုဟာ အများပြည်သူရှေ့မှောက် ကျူးလွန်တဲ့ လူသတ်မှု ဖြစ်တဲ့အပြင် ဘေးပတ်ဝန်းကျင်ကို ထိတ်လန့်အောင် လုပ်ခဲ့တာကြောင့် အမြင့်ဆုံး အပြစ်ဒဏ်ချမှတ်ရမယ့်အစား တရားခံတွေကို ထောင်ဒဏ် ၅ နှစ်နဲ့ ၇ နှစ်လောက်စီပဲ စီရင်ချက်ချတာကို ကြည့်မယ်ဆိုရင် ငွေများတရားနိုင် ဖြစ်နေတယ်" လို့ ဦးမင်းလွင်ဦးက ဆိုကြောင်း 
ပြီးခဲ့တဲ့ သီတင်းပတ်တွေက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာကိုယ်စားလှယ် တင်ပြခဲ့တဲ့ အစိုးရရဲ့ လူ့အခွင့်အရေး ကာကွယ်ရေး ဆောင်ရွက်ချက် အဆင့် ၉ ဆင့်မှာ တရားဥပဒေ စိုးမိုးရေးအဆင့်ကို နောက်ဆုံးအဖြစ် သတ်မှတ်ထားတာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ကြကြောင်းသိရပါတယ်။

စိတ်ထားတွေပြောင်းကြဖို့ ကျောင်းသားခေါင်းဆောင်များ တိုက်တွန်း

မြန်မာနိုင်ငံကို ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံအဖြစ် ထူထောင်လိုတယ်ဆိုရင် အစိုးရကို ပြည်သူစိတ် ပြောင်းလဲဖို့ လိုအပ်သလို၊ ပြည်သူကိုလည်း အစိုးရစိတ် ပြောင်းလဲလာစေဖို့အတွက် အစိုးရ ဝန်ထမ်းအဖြစ်မှ ပြည်သူ့ဝန်ထမ်း အဖြစ် ပြောင်းလဲလာစေရန် လိုအပ်ကြောင်း မတ်လ ၂၇ ရက် ဒီကနေ့မှာ ကျရောက်တဲ့ တော်လှန်ရေးနေ့မှာ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်ကြောင်း 
ဒီမိုကရေစီရဲ့ အနှစ်သာရမှာ နိုင်ငံအာဏာဟာ နိုင်ငံသားတွေထံက သက်ဆင်းဖို့ အရေးကြီးတယ်လို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုပြုံးချို ကပြောကြောင်း  ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ "တိုင်းရင်းသား ပြည်သူနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်နေတဲ့ အရာရှိတွေ ခြယ်လှယ်တဲ့ စနစ်တစ်မျိုးရှိနေရင် အများပြည်သူဆန္ဒနဲ့ လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒနဲ့ ဆင်တူရိုးမှား ပေါ်လာနိုင်တယ်။ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင်လုပ်ရမယ်" ဆိုတဲ့ ဗိုလ်ချုပ်ရဲ့စကားကို ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားကြောင်း 
မြန်မာနိုင်ငံ တော်လှန်ရေးနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုပြီး ဖက်ဆစ်စနစ်ကို တော်လှန်ခဲ့တဲ့ ၁၉၄၅ ခုနှစ် မတ်လ(၂၇) ရက်နေ့ကို အစွဲပြု သတ်မှတ်ခဲ့တာ ဖြစ်ကြောင်း  ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ တပ်မတော်နေ့အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။

အကျင့်ဟောင်း အတွေးဟောင်းများ ပြောင်းရန် ၈၈ အဖွဲ့တိုက်တွန်း

ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံ ထူထောင်ရန် ယခုကဲ့သို့ အသွင်ကူးပြောင်းနေသောကာလတွင် အမူအကျင့်ဟောင်း၊ အတွေးအခေါ် ဟောင်းများ ပြောင်းလဲရန် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က တိုက်တွန်းလိုက်ကြောင်း  ယနေ့ကျရောက်သည့် ၆၇ နှစ်မြောက် တော်လှန်ရေးနေ့(တပ်မတော်နေ့) အခမ်းအနားသို့ ပေးပို့သော ၎င်းတို့၏ သ၀ဏ်လွှာတွင် အစိုးရကို ပြည်စိတ် ပြောင်းလဲလာစေရန်၊ ပြည်သူကို အစိုးရစိတ် ပြောင်းလဲ လာစေရန်၊ အစိုးရ ၀န်ထမ်းအဖြစ်မှ ပြည်သူ့ ၀န်ထမ်း အဖြစ် ပြောင်းလဲ လာစေရန် အလေး အနက် တိုက်တွန်းကြောင်း ပါရှိသည်။

ကချင်ဒေသ ရွေးကောက်ပွဲကျင်းပနိုင်ရန် NLD ကူညီလို

ကချင်ပြည်နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်မြေ ၃ ခုကို အစိုးရက ရွှေ့ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်ပြီး ကူညီ ဆောင်ရွက်ပေးလိုကြောင်း NLD က ကြေညာချက်ထုတ်၍ ပြောဆိုလိုက်သည်။ ယင်းရွှေ့ဆိုင်းလိုက်သည့် ဗန်းမော်၊ ဖားကန့်နှင့် မိုးကောင်း နယ်မြေများတွင် ဧပြီ ၁ ရက် သတ်မှတ်ထားသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် KIA/KIO အဖွဲ့များနှင့် NLD က ညှိနှိုင်းဆွေးနွေးရန် ဆန္ဒ ရှိကြောင်း၊ ထိုသို့ ညှိနှိုင်းနိုင်ရန် အစိုးရသော်လည်းကောင်း၊ ရွေးကောက်ပွဲ ကော်မရှင်က သော် လည်းကောင်း ဆောင်ရွက်ပေးပါက ကချင်ပြည်နယ်၌ ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း သိရသည်။

ဝင်ငွေခွန် နှင့် ကုန်သွယ်ခွန် နှုန်းအသစ်ဖြင့် ကောက်ခံမည်

မြန်မာနိုင်ငံတွင်း၌ ဧပြီ ၁ ရက်မှ စတင်၍ ၀င်ငွေခွန် နှင့် ကုန်သွယ်လုပ်ငန်းခွန် များကို သတ်မှတ်ချက်နှုန်းထား အသစ်ဖြင့် ကောက် ခံမည် ဖြစ်ကြောင်း သိရသည်။ တနှစ်လျှင် လစာ ၁၄ သိန်း ၄ သောင်း အထက်ရရှိသူများအတွက် ၀င်ငွေခွန် ၁ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိ၊ လုပ်ငန်းနှင့်သက်ဆိုင်သော စီးပွားရေး ၀င်ငွေခွန်ပေါ်တွင် ၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံမည် ဖြစ် သည်ဟု ဆိုသည်။ ယခင်က အခွန် ကင်းလွတ်ခွင့်ရနေသော စစ်တပ်ပိုင် ဦးပိုင်လီမိတက် ကုမ္ပဏီသည်လည်း ယခု အခွန်ဆောင်ရ တော့မည် ဖြစ်ကြောင်း သိရသည်။

ဆိုင်းငံ့ ရွေးကောက်ပွဲ နယ်မြေတွေမှာ တိုက်ပွဲများ မရှိ

ကချင်ပြည်နယ်အတွင်း မြို့နယ် ၃ မြို့နယ်မှာ လုံခြုံရေးအရ ကြားဖြတ်ရွေးကောက်ပွဲ ဆိုင်ငံ့ခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီဒေသတွေမှာ KIA နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း KIO က ပြောဆိုကြောင်း  ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်၊ ဖားကန့်နဲ့ မိုးကောင်း မဲဆန္ဒနယ်မြေတွေမှာ လြုံခုံရေးအရ ရွေးကောက်ပွဲ ဆိုင်းငံ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ကြောင်း 
ဒီကိစ္စနဲ့ ပတ်သက်ပြီး KIA အဖွဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က အခုလိုပြောကြောင်း 
" အခုပြောတဲ့ ဗန်းမော်တို့၊ ဖားကန့်တို့၊ မိုးကောင်းတို့မှာ တိုက်ပွဲ မရှိပါဘူး။ တိုက်ပွဲတွေ ဖြစ်နေတာက တပ်မဟာ ၅၊ ဌာနချုပ်၊ တပ်ရင်း ၃၊ တပ်မဟာ ၄ ဒီနေရာတွေမှာ ဖြစ်နေတာ။ အခု ရွေးကောက်ပွဲ ကျင်းပမယ့် နေရာတွေမှာတော့ တိုက်ပွဲတွေ ဖြစ်နေတာ မဟုတ်ဘူး။ ဥပမာ KIO နဲ့ တိုက်ပွဲဖြစ်နေလို့ ဆိုရင်တော့ ကျွန်တော်တို့နဲ့ ဆွေးနွေးလို့ ရတာပေါ့။ KIO နဲ့ တိုက်ပွဲဖြစ်နေတယ် မဟုတ်ဘဲနဲ့ လုံခြုံရေးအရ ဆိုရင်တော့ အဓိပ္ပါယ်ကတော့ ကျယ်ပြန့်ပါတယ်"
အလားတူ NLD ပါတီ ဌာနချုပ်ကလည်း အဲဒီဒေသတွေမှာ ရွေးကောက်ပွဲ ဖြစ်မြောက်နိုင်ရေး အတွက် KIA-KIO နဲ့ ဆွေးနွေး ညှိနိုင်းဖို့ ဆန္ဒရှိကြောင်း မတ်လ ၂၆ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း  NLD ကြေညာချက်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်က- "NLD က တရားဝင် ကျွန်တော်တို့ကို ပြောလာတာလည်း ဘာမှမရှိသေးကြောင်း  ထုတ်ပြန်ချက်ပဲ ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့က လောလောဆယ် ဘာမှ အစည်းအဝေး ဆုံးဖြတ်ချက်တွေလည်း မရှိသေးဘူး" လို့ပြောကြောင်း 
NLD ရဲ့ကြေညာချက်မှာ KIA-KIO နဲ့ ဆွေးနွေးနိုင်ဖို့ ရွေးကောက်ပွဲ ကော်မရှင် ဒါမှမဟုတ် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးမယ်ဆိုရင် လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ရွေးကောက်ပွဲ လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်လို့ ဖော်ပြထားကြောင်းသိရပါတယ်။

မြန်မာဒုက္ခသည် ဂျပန် တိုးမြှင့်ခေါ်ယူမည်

ဂျပန်နိုင်ငံရဲ့ လက်ရှိ မြန်မာဒုက္ခသည် ခေါ်ယူနေရာ ချထားရေး အစီအစဉ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် ဒုက္ခသည်တွေ ဆက်လက် လက်ခံသွားမယ်လို့ ဂျပန်အစိုးရက ပြောကြောင်း  ထိုင်းနိုင်ငံ မယ်လ ဒုက္ခသည်စခန်းက မြန်မာဒုက္ခသည်တွေကို ဂျပန်နိုင်ငံက လက်ခံခေါ်ယူခဲ့ရာမှာ သတ်မှတ်ထားတဲ့ အရေအတွက် မပြည့်မီခဲ့တာကြောင့် နောက်ထပ် ဒုက္ခသည် စခန်းနှစ်ခုကပါ တိုးချဲ့ခေါ်ယူမှာဖြစ်ကြောင်း 
၂၀၁၀ ခုနှစ်က စတင်ခဲ့တဲ့ ဂျပန်အစိုးရရဲ့ မြန်မာဒုက္ခသည် လက်ခံ နေရာချထားရေး အစီအစဉ်ဟာ နောက်နှစ် မတ်လ ၃၁ ရက်မှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။ အဲဒီအချိန် ၃ နှစ်အတွင်း တစ်နှစ်ကို လူ ၃၀ နှုန်းနဲ့ မြန်မာဒုက္ခသည် ဦးရေ ၉၀ လက်ခံဖို့ သတ်မှတ်ထားကြောင်း 
အခုထိ မယ်လစခန်းက ဒုက္ခသည် မိသားစု ၉ စု၊ လူဦးရေ စုစုပေါင်း ၄၅ ယောက်ကို ဂျပန်နိုင်ငံမှာ နေရာချထားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ်အတွက် လျှောက်ထားသူက မိသားစု နှစ်စုသာ ရှိနေသေးပြီး၊ စုစုပေါင်း လူ ၁၀ယောက် ဖြစ်ကြောင်း  အဲဒါကြောင့် အုန်းဖျန်နဲ့ နို့ဘိုး ဒုက္ခသည် စခန်းတွေကပါ ခေါ်ယူဖို့ ဂျပန်အစိုးရက စီစဉ်နေကြောင်း သိရပါတယ်။

တပ်နယ်မြေတွင် NLD မဲဆွယ်ခွင့်မရ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ရာတွင် တပ်မတော်သားများနှင့် မိသားစုများ နေထိုင်ရာတပ်နယ်မြေများသို့ ၀င်ရောက်မဲဆွယ် စည်းရုံးခွင့် မရကြောင်းလစ်လပ်မဲဆန္ဒနယ်ဖြစ်သော မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်ရှိ တပ်မတော် ခြေလျင်တပ်ရင်း (ခလရ) ၄၃၅ နှင့် ၄၃၆ တပ်ရင်းများတည်ရှိရာ နယ်မြေများအတွင်းသို့ NLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ၎င်း အနေဖြင့်ဝင်ရောက်စည်းရုံးရန် ကြိုးပမ်းခြင်းကို လုံခြုံရေးအကြောင်းပြ၍ ခွင့်မပြုကြောင်း တပ်နယ်မြေများတွင် ၀င်ရောက်စည်းရုံးခွင့် မရသဖြင့် တပ်မတော်သားများ၏ ဇနီးများ မနက်ခင်းဈေးသွားချိန်ကို စောင့်ဆိုင်းကာ ဈေးများတွင် လက်ကမ်းကြော်ငြာဝေငှခြင်းနှင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရကြောင်း NLD မရမ်းကုန်းမြို့နယ် အောင်နိုင်ရေး အဖွဲ့ကလည်း ပြောဆိုကြောင်း သိရှိရသည်။

Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment