ဘယ်လိုလဲ သမ္မတ ဦးသိန်းစိန်
by တူမောင်ညို

ဧပြီ ၁၄ ရက်နေ့တွင် (NLD) ပါတီက သမ္မတ ဦးသိန်းစိန်ထံ “ကျမ်းကျိန်လွှာမှာပါတဲ့ စကားလုံးနဲ့ပတ်သက်ပြီး အကြံပြုစာ” ပေးပို့ခဲ့သည်။ “ဥပဒေနဲ့အညီပြင်စေချင်တယ်” လို့လည်း ပြောသည်။
စကားအသုံးအနှုန်းပြင်ဆင်ချက် အတည်ပြု မပြီးမချင်း ရွေးချယ်ခံထားရတဲ့ (NLD) ပါတီ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ သွားမှ မဟုတ်ဘူးဆိုတဲ့ ပြောသံလည်းကြားရပါသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင်ပါရှိသော စကားလုံးကို ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ပေးခဲ့သဖြင့် (NLD) ပါတီ က ပြန်လည်မှတ်ပုံတင်ခဲ့သည်။ ဧပြီ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးသည့်နေရာ (၄၅) နေရာ အနက် (၄၃) နေရာ တွင် (NLD) ပါတီက အနိုင်ရခဲ့သည်။ လွှတ်တော်ထဲဝင်ရတော့မည်။
သို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၅ (ခ) နှင့်အညီ လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်၌ ကတိသစ္စာပြုရမည်။
ယခု အခြေအနေက ကတိသစ္စာပြုရမည့်အဆင့်တွင် တစ်နေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)“ကတိသစ္စာပြုချက်”တွင်ပါရှိသည့်စကားလုံးအသုံးအနှုန်းက (NLD)ပါတီ ရွေးချယ်ခံလွှတ်တော် ကိုယ်စားလှယ်များအတွက် အဟန့်အတားဖြစ်နေသည်။
ကတိသစ္စာပြုချက်တွင် “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် ပြီး နိုင်ငံတော်၏ဥပဒေများကို လည်းလိုက်နာပါမည်” ဟု ရေးသား၊ ဖေါ်ပြ၊ ပြဋ္ဌာန်းထားသည်။
(NLD) ပါတီက “ထိန်းသိမ်းကာကွယ်စောင့်ရှောက်” ဆိုသည့်စကားလုံးအသုံးအနှုန်းအစား “လေးစားလိုက်နာ” ဟူသော စကားလုံးအသုံးအနှုန်းဖြင့် ပြင်ဆင်လိုသည်။ ထို စကားလုံးအသုံးအနှုန်းကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် (၂၀၁၁ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၁၁ )၊ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ” ထုတ်ပြန်၍ ပြင်ဆင်ပေးခဲ့ပြီးဖြစ်သည်။
ယခုလည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ တွင်ပါရှိသော  စကားအသုံးအနှုန်းကို ပြင်ဆင်ခဲ့သည့်နည်းတူ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) “ကတိသစ္စာပြုချက်” တွင် ရေးသား၊ ဖေါ်ပြ၊ပြဋ္ဌာန်းထားသည့် စကားလုံးအသုံးအနှုန်းကိုလည်း ပြင်ဆင်ပေး ရန် (NLD) ပါတီက သမ္မတ ထံအကြံပြုစာပေးပို့ထားခြင်းဖြစ်သည်။
သမ္မတသည်၎င်း၏ သဘောထားဆန္ဒတစ်ခုတည်းဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်သည့် အခွင့်အာဏာမရှိကဲ့သို့ပင်၊  အခြေခံ ဥပဒေပြင်ဆင်ရာတွင်လည်း သမ္မတတစ်ဦးတည်း၏ သဘောဆန္ဒဖြင့် ပြင်ဆင်နိုင်ခြင်းမရှိပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စု လွှတ်တော်ကသာပြင်ဆင်နိုင်ပါသည်။
ပြင်ဆင်ရမည့် နည်းလမ်း၊ စည်းကမ်းများကို အခန်း (၁၂) အခြေခံဥပဒေပြင်ဆင်ခြင်း အခန်းတွင် ပုဒ်မ (၄၃၃) မှ ပုဒ်မ (၄၃၆) ထိ ဖေါ်ပြ၊ ပြဋ္ဌာန်းထားပါသည်။
အခန်း (၁၂) တွင်ပြဋ္ဌာန်းထားသည့် ပုဒ်မများအရ ဆိုလျှင် (NLD) ပါတီက ပြင်ဆင်ပေးရန် အကြံပြုထားသော ပြင်ဆင်ချက်ကို ပြည်ထောင်စုလွှတ်တော်အတွင်း နေရာအများစုကိုစိုးမိုးထားသည့် ကြံ့ဖွံ့ပါတီ (USDP)နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်း အောင်လှိုင် ၏ စစ်သားအမတ်များ၏  သဘောထား၊ ဆန္ဒ အပေါ်တွင်အဓိကတည်မှီနေပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် လိုအပ်သည့် “၇၅%ကျော် ”ရရှိဖို့အတွက်ဆိုလျှင် ကြံ့ဖွံ့ပါတီ (USDP) အမတ်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်၏ စစ်သားအမတ်များက တညီတညွတ်တည်း ထောက်ခံဆန္ဒမဲပေးမှသာလျှင် ပြင် ဆင်နိုင်ပါလိမ့်မည်။
ယင်းသို့ပြင်ဆင်ရေးကိစ္စအပေါ် (တစည) ပါတီက မည်သို့သဘောထားသည်ကို မကြားရ၍မသိပါ။ (RNDP) ပါတီဥက္ကဋ္ဌ ကတော့ “ပြင်ဆင်ပေးသင့်သည်” ဟုပြောသံကြားရပါသည်။ ယင်းသို့ ပြောတာကောင်းပါသည်။ သို့သော်လည်း ဗြောင်မဲဆန္ဒပေးရ သည့် အခါမျိုးကြုံတွေ့လာရလျှင် မတ်တပ်ထရပ်ရဲဖို့တော့ လိုပါလိမ့်မည်။
အနှစ်သာရပိုင်းအရ ချုပ်လိုက်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးရေးကိစ္စသည် ကြံ့ဖွံ့ပါတီ (USDP)နှင့် ဗိုလ်မင်းအောင် လှိုင်တို့၏ လက်ထဲတွင်ရှိနေသောကိစ္စဖြစ်သည်။ ကြံ့ဖွံ့ပါတီ (USDP)နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်တို့က သူတို့၏ အမတ်များထံ ညွန်ကြား/ အမိန့်ပေးရမည့်ကိစ္စ ဖြစ်နေသည်။
နိုင်ငံရေးပါတီမှ ရွေးချယ်ခံအမတ်သည် သူ့မိခင်ပါတီ၏ ညွန်ကြားချက်ကိုနာခံရမည်သာဖြစ်သည်။ စစ်သားအမတ်များသည် လည်း  တပ်မတော်ကာကွယ်ရေးဦးချုပ်၏ အမိန့်ကိုနာခံရမည်သာဖြစ်သည်။
သို့ပါ၍ “ပြုပြင်လိုသူ (reformist)၊ ပျော့ပြောင်းသူ ၊ ယုံကြည်ထိုက်သူ”ဟူ၍ ပြည်တွင်းပြည်ပမှ သူတမျိုးငါတဖုံ  အကဲဖြတ် အမှတ်ပေးခြင်းကိုခံယူရရှိနေသူ သမ္မတဦးသိန်းစိန်သည် (NLD) ပါတီ၏ အကြံပြုချက် လက်တွေ့အကောင်အထည်ပေါ်လာစေရန်  ကြံ့ဖွံ့ ပါတီ (USDP)နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင် တို့ကို နားဝင်အောင် ဖြောင့်ဖျနားချနိုင်ပါမည်လော။
ဤအချက်သည် မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ပြည်တွင်းပြည်ပလေ့လာသူများနှင့်ပြည်သူများက စိတ်ပါဝင်စား၊ အလေး ထားကာ စောင့်ကြည့်ရမည့်ကိစ္စတစ်ခု မလွဲဧကန် ဖြစ်ပါသည်။
 ညွန်း
-       ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)  ၊ ၂၀၁၀ မေ၊


NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

0 comments:

Post a Comment